အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

နှစ်လကြာဖမ်းဆီးထားသည့် ရှမ်းအမျိုးသမီးကို TNLA ပြန်လွှတ်ပေး

(ရန်ကုန်) – ဆက်ကြေးကောက်သည်ကို အစိုးရထံ တိုင်ကြားသည်ဟု စွပ်စွဲပြီး နှစ်လနီးပါး ဖမ်းဆီးထားခဲ့သည့် ရှမ်းအမျိုးသမီးကို တအာင်း(ပလောင်)လက်နက်ကိုင်အဖွဲ့ TNLAက ယနေ့တွင် ပြန်လွှတ်ပေးလိုက်သည်။

နန်းမိုဟွမ်အား ပြန်လွှတ်ပေးရန် ကြားဝင်တောင်းဆိုနေသည့် TNLA အဖွဲ့၏မဟာမိတ် ရှမ်းလက်နက်ကိုင်အဖွဲ့ SSPP/SSA လက်ထဲသို့ ယနေ့နေ့လယ် ၁၂နာရီခန့်တွင် လွှဲပြောင်းပေးလိုက်ကြောင်း TNLA ပြောခွင့်ရအရာရှိ ဗိုလ်မှူးတာအိုက်ကျော်က ပြောသည်။

“ ဒီဒေသမှာက ရှမ်းနဲ့ တအာင်းတွေက ရောယှက်ပြီးနေကြတာဆိုတော့ အားလုံးရဲ့ ချစ်ကြည်မှုကို ဦးတည်ပြီးတော့ လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တာပါ ” ဟု ၎င်းက ဆိုသည်။

ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့၊ ဟိုနောင်ရပ်ကွက်တွင် ကုန်မာဆိုင်ရှင် နန်းမိုဟွမ် သည် ဩဂုတ်လ ၁၇ ရက်က သူ၏နေအိမ်တွင်ရှိနေစဉ် TNLA တပ်သားများက လာရောက် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

TNLA က“အခွန်” ဟု သတ်မှတ်သည့် ဆက်ကြေးကောက်ခံမှုကို အစိုးရထံ တိုင်ကြားခဲ့သည်ဟု စွပ်စွဲခံခဲ့ရပြီးနောက် TNLA လက်နက်ကိုင်အဖွဲ့၏ သီးခြားဥပဒေ ရာဇသတ်ကြီးပုဒ်မ (၃၃၃) ဖြင့် တရားစွဲဆိုခဲ့ပြီး ယခုလဆန်းပိုင်းက ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့သည်။

TNLA သည် အသက် ၃၇ နှစ်အရွယ် ကလေးသုံးယောက်မိခင် နန်းမိုဟွမ်အား ဖမ်းဆီးခဲ့ပြီးနောက် မြို့လုံးကျွတ် ဆန္ဒပြမှုများ၊ မြန်မာအစိုးရ၏ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) တို့၏ ဖိအားပေးမှုများ အပြင်းအထန်ခံခဲ့ရသည်။

နန်းမိုဟွမ် လွတ်မြောက်ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်များစုဖွဲ့ထားသည့် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC)ရုံးစိုက်ရာ “ဝ” ဒေသ၊ ပန်ခမ်းမြို့တွင် နန်းမိုဟွမ်၏ မိသားစုဝင်၊ နမ့်ခမ်းမြို့နယ် လူမှုကူညီရေးအသင်းမှ ကိုယ်စားလှယ် လေးဦးနှင့် TNLAတို့ သည် အောက်တိုဘာလ ၉ရက်တွင် ဆွေးနွေးခဲ့ကြပြီးနောက် ပြန်လွှတ်ပေးရန် TNLA က သဘောတူခဲ့သည်။

နှစ်လကြာ ဖမ်းဆီးခံပြီးနောက် မကြာခင် နေအိမ်ပြန်လည်ရောက်ရှိလာမည့် သူ၏ညီမအတွက် မိသားစုက ဝမ်းသာနေကြောင်း နန်းမိုဟွမ်၏အမက ဆိုသည်။

“ လွှတ်ပြီဆိုတာသိရတော့ ဝမ်းသာပါတယ် စောင့်နေတုန်းပဲ အခုကတော့ အိမ်မရောက်သေးဘူး ” ယနေ့နေ့လယ် ၃ နာရီခန့်က နန်းမိုခမ်းက ပြောသည်။

နန်းမိုဟွမ်အား ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA မှ တာဝန်ရှိသူတချို့၊ နမ့်ခမ်းလွှတ်တော်ကိုယ်စားလှယ်နှင့် ဆွေမျိုးများက သွားရောက်ခေါ်ယူခဲ့ပြီး နမ်းမိုဟွမ်၏ဇာတိ နမ့်ခမ်းမြို့မှ မိုင်၂၀၀ ကျောင်ဝေးသည့် SSPP/SSA ဌာနချုပ်ရှိရာ ဝမ်ဟိုင်းကို ခေါ်ယူသွားသည်ဟု နန်းမိုဟွမ် ပြန်လည်လွတ်မြောက်ရေးအတွက် ဝိုင်းဝန်းကူညီပေးသူ ကိုစိုင်းသိန်းရွှေက ပြောသည်။

သို့သော် မည်သည့်နေရာတွင် သွားရောက်ခေါ်ယူခဲ့သည်ဆိုသည်ကို ဖြေကြားရန် ငြင်းဆန်ခဲ့သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button