ဧရာဝတီမြစ်အတွင်း ဆန်တက်နေသည့် သင်္ဘောသုံးစီး မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်အတွင်း ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်ခံရပြီးနောက် စစ်တပ်က ယမန်နေ့ (မေ ၁၆) တွင် ရွာတစ်ရွာကို မီးတင်ရှို့လိုက်သည်ဟု ဒေသခံများနှင့် ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။
ထိုနေ့ နံနက်ပိုင်းတွင် ဧရာဝတီမြစ်နံဘေး ကြာညှပ်ကျေးရွာအုပ်စု ခရမ်းစပ်ကုန်းကျေးရွာ မြောက်ဘက်၌ ဒေသခံကာကွယ်ရေးအဖွဲ့ (PDF) က ၁၀၇ မမဖြင့် ပစ်ခတ်ခဲ့ရာ တစ်စီးထိမှန်သည်ဟု ၎င်းတို့က ဆိုသည်။
ရိက္ခာနှင့် လက်နက်ခဲယမ်းများ တင်ဆောင်လာသည်ဟု ယူဆရသော နှစ်ထပ်သင်္ဘောသုံးစီးကို ၎င်းတို့ တိုက်ခိုက်ခဲ့ရာ ၁၅ မိနစ်ခန့် တိုက်ပွဲဖြစ်သည်ဟု ကန့်ဘလူ PDF တပ်ရင်း ၃ မှ ကိုဖိုးချစ်က ပြောသည်။
“သင်္ဘောက သုံးစီးလာတာ၊ အတန်းလိုက်လာတာဆိုတော့ ပထမဆုံးလာတာ ပြဒါးအိမ်၊ ဒုတိယက ပြဒါးရှင်၊ နောက်ဆုံးက ပုံညာဆိုတော့ ကျွန်တော်တို့က ပြဒါးရှင်ကို ပစ်တာ၊ ပြဒါးရှင်မှာက လေယာဉ်ဆီတွေ တင်လာတယ်လို့ သတင်းရလို့” ဟု ကိုဖိုးချစ်က ပြောသည်။
“စစ်လက်နက်တပ်ဆင်မှုကလည်း ရှေ့နှစ်စီးက အများဆုံးဖြစ်နေတယ်၊ အဲဒါကြောင့် ပြဒါးရှင်ကိုပဲ ပစ်တယ်။ ခါးပိုင်းရဲ့အနောက်ပိုင်း၊ ခါးပိုင်းပဲ ဆိုပါတော့၊ ဖြတ်မှန်တယ်။ သူပစ်ကိုယ်ပစ်တွေ ပစ်ပြီးတော့ သင်္ဘောဆက်ပြီးတော့ ဆန်တက်သွားတယ်”
ကြီးကြီးမားမား ပျက်စီးသွားသည့် သင်္ဘောကို အခြားတစ်စီးဖြင့် တွဲကာ ထီးချိုင့်ဘက်သို့ ဆန်တက်သွားကြောင်း ၎င်းတို့ဘက်မှ ထိခိုက်သူမရှိကြောင်း ထိုသူက ဆက်ပြောသည်။ စစ်ကောင်စီဘက်မှ ထိခိုက်မှုကို မသိရပေ။
၁၁ နာရီဝန်းကျင်တွင် မြစ်တစ်ဖက်ကမ်း သပိတ်ကျင်းမြို့နယ် ကြာညှပ်ရွာဘက်သို့ အင်အား ၈၀ ခန့်ပါ စစ်ကောင်စီတပ်ဖွဲ့ ရောက်လာပြီး ခရမ်းစပ်ကုန်းရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်ကြောင်း ဒေသခံနှင့် PDF တို့က ပြောသည်။
တွင်းငယ်ကျေးရွာအခြေစိုက် အမှတ် ၁၃ တန်းမြင့်လေ့ကျင့်ရေးကျောင်းမှ ရောက်လာသည့် ထိုတပ်ဖွဲ့မှာ မွန်းလွဲပိုင်းတွင် တစ်ဖက်ကမ်းမှ မြစ်ကို ဖြတ်ကူး၍ ခရမ်းစပ်ကုန်းကျေးရွာသို့ ရောက်လာသည်ဟု ကြာညှပ်ရွာခံ အမျိုးသားတစ်ဦးက ပြောသည်။
အိမ်ခြေ ၁၅၀ ရှိ ခရမ်းစပ်ကုန်းရွာတွင် ညနေ ၆ နာရီ ပြန်လည်မထွက်ခွာမီအထိ စစ်ကောင်စီတပ်ဖွဲ့ရှို့သည့် မီးကြောင့် ၅၀ ဝန်းကျင် လောင်ကျွမ်းသွားသည်ဟု အထက်ပါ သတင်းရင်းမြစ်များက ဆိုသည်။
“မီးတုတ်တွေကိုင်ပြီး အသေအချာရှို့တာ။ ရှို့တာကတော့ အိမ်တိုင်းရှို့တာပါပဲ၊ မလောင်တဲ့ဟာတွေသာ ကျန်ခဲ့တာ” ဟု ခရမ်းစပ်ကုန်းရွာသားတစ်ဦးက ပြောသည်။
သို့သော် စစ်တပ်ဝင်စီးချိန်မှစ၍ ထွက်ပြေးကြသည်ဖြစ်၍ ထိုဖြစ်စဉ်နှင့် ပျက်စီးမှုအခြေအနေတို့ကို တိကျစွာ မသိရသေးပေ။
နေအိမ်နှင့် ပိုင်ဆိုင်မှုများ မီးထဲပါသွားသည့် အခြားရွာသားတစ်ဦးကလည်း စစ်တပ် ဝင်စီးချိန်တွင် ကိုယ်လွတ်ရုန်းပြေးခဲ့ရကြောင်း၊ ဒေသခံတို့၏ စက်လှေများလည်း မီးရှို့ခံခဲ့ရကြောင်း ပြောသည်။
“ကျွန်တော့်မှာတော့ ဘာမှ မကျန်တော့ဘူးဗျာ။ ဝတ်ထားတဲ့ ပုဆိုးတစ်ထည်နဲ့ ဘောင်းဘီတစ်ထည်ပဲ ပါတယ်။ အင်္ကျီတောင်မပါဘူး။ တစ်ရွာလုံး အိမ်တိုင်းအိမ်တိုင်း အဝတ်တစ်ထည် ကိုယ်တစ်ခုပဲ”
“ဒီလောက်ကြီး မလုပ်လောက်ဘူး ထင်တာလေ။ အရင်တုန်းက လာပြီလာပြီဆို ဒီအတိုင်းလေးပဲ ပြေးကြတာလေ” ဟု ၎င်းက ပြောသည်။
ထိုဖြစ်စဉ်အပြီး ခရမ်းစပ်ကုန်းရွာသို့ ဒေသခံများ ပြန်လည်ဝင်ရောက်နေထိုင်နိုင်ခြင်း မရှိမရှိ ရှင်းလင်းစွာ မသိရသေးပေ။
“အခုလောလောဆယ် သိရသလောက်အထိ လူထိခိုက်တာ မရှိဘူး၊ ရွာသူရွာသားတွေကတော့ ရွာလည်း မပြန်ရဲကြသေးဘူး။ အခုက ရွာထဲက ပြေးနေရတဲ့ပြည်သူတွေကိုလည်း လိုက်ရှာစစ်ဆေးတာတွေ လုပ်နေတုန်းပဲ” ဟု အထက်ပါ ကြာညှပ်ရွာခံက ပြောသည်။

ကမ်းနဖူးရွာများကို ပစ်ခတ်မှု
PDF တိုက်ခိုက်ခဲ့သည့် သင်္ဘောသုံးစီးသည် ယနေ့ (မေ ၁၇) နံနက် ၉ နာရီခန့်တွင် စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ် တကောင်းနီကယ်စက်ရုံအနီးအထိ ရောက်ရှိလာကြောင်း၊ လမ်းတစ်လျှောက် ရွာများကို ၆၀ မမ စိန်ပြောင်းများ၊ စက်သေနတ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း ထီးချိုင့်-PDF မှ ပြောခွင့်ရသူတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ထိခိုက်သေဆုံးမှုရှိမရှိ မသိရသော်လည်း ဧရာဝတီမြစ်နံဘေး ထီးချိုင့်မြို့နယ်အတွင်း ရွာပေါင်း ၁၃ ရွာထက်မနည်းမှ ထောင်နှင့် ချီသည့် ဒေသခံများ တိမ်းရှောင်နေရသည်ဟု ၎င်းက ဆက်ပြောသည်။
“အရင်တုန်းကဆိုရင်တော့ အဲဒီသင်္ဘောတွေက အသွားရောအပြန်ရော အဲဒီရွာတွေကို ရမ်းပစ်နေကြလေ၊ ဟိုးတုန်းက စစ်တန်းရွာက ရွာသားနှစ်ယောက် ကျည်မှန်ပြီးသေဖူးတယ်” ဟု ထီးချိုင့်-PDF ပြောခွင့်ရသူက ဆိုသည်။
တိမ်းရှောင်ရသည့်ရွာများတွင် ဆင်ကျွန်း၊ ရေဝ၊ ပိန္နဲကုန်း၊ တောင်ကြီး၊ စစ်တန်း၊ သော်က၊ မဇလီ၊ ညောင်ပင်သာ၊ ကုက္ကိုကုန်း၊ ကျွန်းကြီးကုန်း၊ ပတ္တမြားကျွန်း၊ မရသိမ် နှင့် မိချောင်းသိုက်ရွာတို့ ပါဝင်ကြောင်း အသက် ၄၀ ကျော်အရွယ် ဆင်ကျွန်းရွာသားတစ်ဦးက ပြောသည်။
ထိုစစ်ရေယာဉ်တန်းကို လုံခြုံရေးယူရန် ထီးချိုင့်မြို့မှ အင်အား ၅၀ ခန့်ပါ စစ်ကြောင်းတစ်ခု ယမန်နေ့ (မေ ၁၆) တွင် ထွက်ခွာလာပြီး အောက်ဘက် ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ကျေးရွာတွင် လှည့်လည်နေသည်ဟု အထက်ပါ ဒေသခံက ပြောသည်။
“မနေ့ညက ဆိုရင် လေတွေမိုးတွေနဲ့ အကုန်ပြေးကြရတာပဲ၊ အဲဒီစစ်ကြောင်းက အခု ပြန်ခေါက်လာမယ်လည်း ကြားနေရတယ်” ဟု ၎င်းက ဆက်ပြောသည်။
ကချင်ပြည်နယ်၊ ဗန်းမော်မြို့အထိ သွားမည်ဟု ယူဆရသည့် ထိုရေယာဉ်တန်း ထီးချိုင့်-ဧရာဝတီမြစ်ကူးတံတားအနီးရှိ မြတောင်ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသည်ကို ယနေ့ (မေ၁၇) မွန်းလွဲ ၁ နာရီတွင် တွေ့ရကြောင်း၊ စစ်သားများ နေရာ အပြောင်းအလဲလုပ်မည်ဟု ယူဆကြောင်း ထီးချိုင့်-PDF ပြောခွင့်ရသူက ပြောသည်။
“တပ်ချိန်းမဲ့သဘောရှိတယ်၊ ဆိပ်ကမ်းရှိတဲ့နေရာကို မြို့ပေါ်က တပ်အင်အား ၅၀ လောက် သွားကြတယ်” ဟု ၎င်းက ဆိုသည်။
ထီးချိုင့်မြို့နယ်အတွင်း ယနေ့ (မေ ၁၇) တိုက်ပွဲမရှိသော်လည်း ဒေသတွင်း၌ စစ်ကောင်စီတပ် အင်အား ၃၀၀ ဝန်းကျင် ရောက်နေသည်ဟု အထက်ပါ PDF ထံမှ သိရသည်။
အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း ဆန္ဒပြလျှင်ပင် သေနတ်ဖြင့်ပစ်သည့် စစ်ကောင်စီကို နိုင်ငံအနှံ့ ခုခံနေရာ မြန်မာနိုင်ငံအလယ်ပိုင်းရှိ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းအတွင်းရှိ ဒေသများလည်း တက်ကြွစွာ ပါဝင်နေသည်။
ဝါရင့်တိုင်းရင်းသားလက်နက်ကိုင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) အခြေစိုက်သည့် ကချင်ပြည်နယ်အတွင်း စစ်ကောင်စီက အင်အားဖြည့်တင်းရာတွင် ဧရာဝတီမြစ်ဖြတ်သန်းစီးဆင်းရာ ထိုဒေသများကို ဖြတ်သန်းသွားလာလေ့ရှိပြီး လမ်းတစ်လျှောက်တွင် တိုက်ပွဲများ မကြာခဏဖြစ်နေသည်။
အထက်ပါ ဖြစ်စဉ်များနှင့် ပတ်သက်၍ သီးခြားအတည်မပြုနိုင်သလို စစ်ကောင်စီထံ မေး၍ မရသေးပါ။
(ငြိမ်းဆွေ၊ မိုးဦး၊ သူရမောင် ပူးပေါင်းရေးသားသည်။)
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)



