အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မန္တလေး ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ၁ ရုံး ဗုံးခွဲခံရပြီး၊ ၁ ရုံး မီးလောင်

ယနေ့ (ဖေဖော်ဝါရီ ၂၂) နံနက်တွင် မန္တလေးမြို့ပေါ် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး နှစ်ရုံးတွင် ဗုံးကွဲမှု၊ မီးလောင်မှု ဖြစ်ပွားခဲ့သည်ဟု ဒေသခံတို့ထံမှ သိရသည်။

နံနက် ၄ နာရီဝန်းကျင်တွင် ပြည်ကြီးတံခွန်မြို့နယ် (၆၂) A လမ်း၊ ခ ရပ်ကွက်ရှိ ပေ ၃၀ x ပေ၂၀၊ သွပ်မိုး ထရံကာ အုပ်ချုပ်ရေးမှူးရုံး မီးလောင်ပြာကျသွားသည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ ရပ်ကွက်သားတစ်ဦးက ပြောသည်။

ရှို့မီးဖြစ်နိုင်သည်ဟု သူက ယူဆသည်။

“တစ်ရုံးလုံးကတော့ ပြာကျသွားတယ်။ ဘယ်သူဘယ်အဖွဲ့လာလုပ်တယ်တော့ မသိရသေးပါဘူး” ဟု ထိုရပ်ကွက်နေ အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ထို့အတူ မဟာအောင်မြေမြို့နယ် သန်လျက်မှော်အနောက်ရပ်ကွက်/ သံနောက် (စိန်ပန်း) အုပ်ချုပ်ရေးမှူးရုံးတွင် နံနက် ၈ နာရီကျော်က ဗုံးသုံးလုံးဆင့်၍ ပေါက်ကွဲရာ အဆောက်အအုံနှင့် အမိုးအကာများ ပျက်စီးသွားသည်ဟု ထိုရပ်ကွက်သားတစ်ဦးက အတည်ပြုသည်။

“နာရီဝက်အတွင်းမှာ သုံးလုံးဆင့်ပေါက်ကွဲတာ။ အပျက်အစီးတွေက လမ်းမျက်စောင်းထိုးက ဘီယာဆိုင်ရှေ့အထိ လွင့်လာတာ။ လူထိတယ်တော့ မကြားဘူး။ ရုံးက ဆောက်လက်စဆိုတော့ အလုပ်သမားတွေရှိတော့ သူတို့ဆိုင်ကယ်ပျက်စီးတယ်တော့ ကြားတယ်” ဟု သံနောက်ရပ်ကွက်နေ ထိုသူက ပြောသည်။

သံနောက်ရပ်ကျေးရုံးသည် စစ်အာဏာသိမ်းပြီးနောက် လေးလအကြာ ၂၀၂၁ မေ ၁ ရက်တွင် မီးရှို့ခံရပြီးနောက် စစ်ကောင်စီက အသစ်ပြန်လည်တည်ဆောက်နေခြင်းဖြစ်သည်။

သို့သော် တစ်နှစ်ဝန်းကျင်အတွင်း ဒေသကာကွယ်ရေးအဖွဲ့ (PDF)များ၏ ယခုတစ်ကြိမ်အပါအဝင် ၈ ကြိမ်ထက်မနည်း ဗုံးခွဲတိုက်ခိုက်ခြင်း ခံရကာ ရပ်ကွက်အတွင်း စစ်ကောင်စီသတင်းပေးဟု ကျောစောသူတစ်ဦးပါ သတ်ဖြတ်ခံရဖူးသည်ဟု အထက်ပါ သံနောက်ရပ်ကွက်သားက ပြောသည်။

“ဆက်မဆောက်ဖို့ အကြိမ်ကြိမ်သတိပေးခံရတယ်။ အကြိမ်ကြိမ်ပေါက်ကွဲတယ်။ ဒါလည်း သူတို့ (စစ်ကောင်စီ)ဘက်က ဆက်ကြိုးစားတယ်။ ဒီရုံးမဆောက်နိုင်မှ သူတို့အုပ်ချုပ်ရေးလုပ်ငန်းတွေ ပိုပြီး မလုပ်လို့ရမှာ” ဟု ၎င်းက ပြောသည်။

ယနေ့ နံနက်ပေါက်ကွဲမှုအပြီးတွင် သံနောက်ရပ်ကွက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်လာကာ လမ်းသွားလမ်းလာများကို ရှာဖွေစစ်ဆေးနေသည်ဟု ထိုသူ့ထံမှ သိရသည်။ အသေးစိတ်မသိရသေးပါ။ 

မဟာအောင်မြေမြို့နယ်တွင် ​​​​ရပ်ကွက်ပေါင်း ၁၈ ခုဖြင့် ဖွဲ့စည်းထားသည့် သံလျက်မှော်အနောက်ရပ်ကွက်ကို ပြီးခဲ့သည့် ရက်ပိုင်းကပင် စစ်ကောင်စီက ပိတ်ဆို့စစ်ဆေးမှုများ လုပ်ခဲ့ပြီး ပြည်သူ ၂၀ ဦးဝန်းကျင် ဖမ်းဆီးခံရသည်ဟု သတင်းများထွက်ပေါ်နေသည်။

အထက်ပါ ဖြစ်စဉ်များနှင့် ပတ်သက်၍ စစ်ကောင်စီထံ မေးမြန်းနိုင်ခြင်း မရှိသေးသလို ထိခိုက်၊ ပျက်စီး၊ ဒဏ်ရာရ၊ သေဆုံးသူရှိမရှိ သီးခြားအတည်မပြုနိုင်သေးပေ။

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်တွင် ပြည်သူမဲပေးရွေးချယ်ထားသည့် အရပ်သားအစိုးရကို ဖြုတ်ချကာ အာဏာယူခဲ့သည့် စစ်တပ်က ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်သတ်နေရာ ခုခံမှုများ၊ စစ်ကောင်စီယန္တရားကို ပစ်မှတ်ထားတိုက်ခိုက်မှုများ နိုင်ငံအနှံ့ ပေါ်ပေါက်လာနေပြီး ယင်းတွင် မန္တလေးမြို့လည်း အပါအဝင်ဖြစ်သည်။

အာဏာသိမ်းစက မြို့လုံးကျွတ်နီးပါး လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြသည့် မန္တလေးမြို့ကို စစ်ကောင်စီက အကြမ်းပတမ်းကိုင်တွယ်နေပြီး နေရာတကာ ပိတ်ဆို့စစ်ဆေး၍ အကြောင်းပြချက်မရှိ ရန်ရှာ၊ ဖမ်းဆီး၊ ဒဏ်ရိုက်မှုများပင် လုပ်နေသည်။ 

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button