အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကန့်ဘလူမှ ရွာသားနှစ်ဦး ပျူစောထီးအဖွဲ့၏ အကွက်ချလုပ်ကြံမှု ခံရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် ကျေးရွာကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်နှစ်ဦးကို ပျူစောထီးအဖွဲ့က လက်နက်ရောင်းပေးမည်ဟု လိမ်လည်ချိန်းဆိုကာ ဖမ်းဆီးသတ်ဖြတ်ခဲ့သည်ဟု ဒေသခံအချို့က ပြောသည်။

ကျေးရွာကိုယ်ထူကိုယ်ထ ကာကွယ်ရေးအဖွဲ့ခေါင်းဆောင်များဖြစ်သည့် အသက် ၄၃ နှစ်အရွယ် ကိုမြင့်မော်နှင့် ၄၂ နှစ်အရွယ် ကိုအောင်နိုင်ထွေးဆိုသူကို ယမန်နေ့ (ဖေဖော်ဝါရီ ၂) နံနက်ပိုင်းတွင် ပျူစောထီးအဖွဲ့က လုပ်ကြံသတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

“လက်နက်ဝယ်ဖို့ ချိန်းတဲ့ နေရာကို သွားတဲ့သဘောပါ။ ပျူရယ်လို့ တိတိကျကျ မသိရဘူး။ သိရသလောက်တော့ ချိတ်ပေးတဲ့လက်နက်ပွဲစားက ထန်းကုန်းမြို့က ပျူဖြစ်နေတယ်” ဟု စစ်ကောင်စီကို ခုခံတော်လှန်နေသည့် လင်းယုန်နီအမည်ရ ဒေသခံပြောက်ကျားအဖွဲ့၏ တာဝန်ရှိသူက Myanmar Now ကို ပြောသည်။​

ကန့်ဘလူမြို့မှ လေးမိုင်ခန့်အကွာ ရွာမရွာအနီး ဖမ်းဆီးခံရသည်ဟု သတင်းကြားကြားချင်း ဒေသခံ PDF အဖွဲ့များ လိုက်သွားခဲ့သော်လည်း ကိုမြင့်မော်၏ ဦးထုပ်ကိုသာ တွေ့ရကြောင်း ကန့်ဘလူမြို့နယ်အခြေစိုက် အခြားပြောက်ကျားအဖွဲ့တစ်ခုဖြစ်သည့် စွန်ရဲအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကလည်း ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“သိသိချင်း နောက်က လိုက်သွားတော့ မမီတော့ဘူး။ ခွေးတွေ (ပျူစောထီးများ) က ဆွဲသွားပြီ။ ဖမ်းခေါ်သွားပြီးတော့မှ ကန့်ဘလူမြို့အဝင်မှာ ပစ်သတ်ပြီးထားခဲ့တာ” ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။

ထိုသို့ လုပ်ကြံသတ်ဖြတ်ခံရပြီးနောက် ယမန်နေ့ ညနေမှာပင် ကန့်ဘလူမြို့အဝင်၌ ပစ်ချထားသည့် အလောင်းများကို ဒေသခံများက တွေ့ရှိကာ လူမှုကယ်ဆယ်ရေးအသင်းတစ်ခုက သွားရောက်သယ်ဆောင်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။ 

သတ်ဖြတ်ခံရသည့် ကိုမြင့်မော်တွင် သားသမီးနှစ်ဦးနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီး ကျန်ရစ်သည့်နည်းတူ ကိုအောင်နိုင်ထွေးတွင်လည်း သားသမီးနှစ်ဦးရှိသည်ဟု သိရသည်။ 

“ကျွန်တော်တို့ကတော့ ခံပြင်းတယ်ဗျာ။ ရင်တွေလည်းနာရတယ်။ ဘာမဟုတ်တာလေးနဲ့ ကျသွားတာ။ သူက ကျွန်တော်တို့ရွာတစ်ဝိုက်မှာ စစ်ခွေးတွေ၊ ပျူတွေကို တော်တော်ခေါင်းမထောင်ရဲအောင် လုပ်ပေးခဲ့တာ” ဟု အသက် ၅၀ အရွယ် ကန့်ဘလူမြို့နယ် အင်းလယ်ကြီးရွာခံ အမျိုးသားတစ်ဦးက ဆိုသည်။

မှော်တောရွာမှာ စစ်သင်တန်းပေးနေသည်ကို တက်ရောက်နေသည့် ပျူစောထီးများ။ (ဓာတ်ပုံ – ပေးပို့) 

ကန့်ဘလူမြို့နယ်သည် စစ်ကိုင်းတိုင်းအတွင်း ပျူစောထီးအားကောင်းရာ မြို့နယ်တစ်ခုဖြစ်ကာ မြို့ပေါ်အပြင် ကျေးရွာအချို့တွင်လည်း ပျူစောထီးများကို စစ်တပ်က လေ့ကျင့်ပေးနေကြောင်း ကန့်ဘလူမှ ၈ မိုင်အကွာရှိ မှော်တောရွာသားတစ်ဦးက ပြောသည်။ 

ကန့်ဘလူမြို့အနောက်ဘက်ရှိ မှော်တောရွာ ဘုန်းတော်ကြီးကျောင်းတွင် ဒီဇင်ဘာလအတွင်း စစ်သားများ ရောက်လာကာ ပျူစောထီးများကို စစ်သင်တန်းပေးကြောင်း ၎င်းက ပြောသည်။

“စစ်သား ၁၀ ယောက်လောက်နဲ့ ရဲ ၅ ယောက်လောက်ပဲ ပါတယ်။ မမြင်ကွယ်ရာ မဟုတ်ဘူး။ ပေါ်ပေါ်ထင်ထင်ကို သင်တန်းက ပုံမှန်ပေးနေကြတာ။ ဘင်ခရာတွေနဲ့ပါ လေ့ကျင့်နေတာ။ ပျူအယောက် ၅၀ ကျော်တယ်” ဟု ထိုမှော်တောရွာသားက ဆိုသည်။ 

ပျူစောထီးများ ကြီးစိုးနေသည့် ကန့်ဘလူမြို့နယ်တွင် ပြီးခဲ့သည့် ဇန်နဝါရီ ၂၅ ရက်က ထန်းကုန်းကျေးရွာမှ ပျူစောထီးအဖွဲ့ခေါင်းဆောင် ကိုတင့်ဆိုသူက အရပ်သားသုံးဦးကို ရဲစခန်းမှ ခေါ်သည်ဟု လိမ်ညာခေါ်ထုတ်ကာ ရွာအပြင်တွင် သတ်ဖြတ်ခဲ့သည်ဟု သိရသည်။  

ထိုစဉ်က သတ်ဖြတ်ခံရသူများမှာ အသက် ၆၀ အရွယ် ဦးထွန်းဝင်း၊ ဦးကျော်ဝင်း၊ ဦးရှမ်းမောင်ဆိုသူတို့ ဖြစ်ကြောင်း၊ ၎င်းတို့သုံးဦးသည် PDF များနှင့် ပတ်သက်သူများမဟုတ်ဘဲ ပုဂ္ဂိုလ်ရေးအငြိုးအတေးဖြင့် ပျူစောထီးက သတ်ဖြတ်ခြင်းဖြစ်သည်ဟု ကန့်ဘလူအခြေစိုက် မြေအောက်တော်လှန်ရေးအဖွဲ့တစ်ခု ခေါင်းဆောင် ဗိုလ်ရသဆိုသူက ပြောသည်။ 

“တူဖြစ်တုန်းထုမယ်ဆိုပြီး ပြည်သူတွေအပေါ်ကို ပုဂ္ဂိုလ်ရေးတွေနဲ့ ယုတ်မာနေတာ။ ကျွန်တော်တို့ ဒီကိစ္စတွေအတွက် လက်တုံ့ပြန်သွားဖို့ ပြင်ဆင်နေတယ်” ၎င်းက ဆက်ပြောသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button