ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောနှင့် မြောက်ဦးမြို့နယ်များတွင် စစ်ကောင်စီက လုံခြုံရေးအင်အား တိုးချကာ အစစ်အဆေးတင်းကျပ်နေကြောင်း ဒေသခံအချို့ထံမှ သိရသည်။
ဘင်္ဂလားဒေ့ရှ် – မြန်မာနယ်စပ် မောင်တောင်မြို့ မြောက်ဘက် မိုင် ၃၀ ကျော်အကွာရှိ ကြိမ်ချောင်းမြို့နယ်ခွဲအတွင်း နယ်ခြားစောင့်တပ်ဖွဲ့၏ စစ်ဆေးရေးဂိတ်တစ်ခုတွင် ဇန်နဝါရီ ၂၈ ရက် ညနေပိုင်းက လိုင်းကားနှစ်စီးပေါ် လိုက်ပါလာသည့် လူ ၃၀ ကျော်ကို စစ်တပ်က ဖမ်းဆီးခဲ့သည်ဟု ကြိမ်ချောင်းဒေသခံတစ်ဦးထံမှ သိရသည်။
“ကားက နှစ်စီးပါ။ တစ်စီးက မင်္ဂလာညွန့်ကလို့ သိရတယ်။ တခြားတစ်စီးက ဘယ်ကလဲ မသိဘူး။ ကားသမားကိုပါ ဖမ်းထားတယ်လို့ ပြောပါတယ်” ဟု ကြိမ်းချောင်းဒေသခံ အမျိုးသားက Myanmar Now ကို ပြောသည်။
သင်တန်းဆင်းလာသော AA တပ်ဖွဲ့ဝင်များဟု ယူဆကာ ဖမ်းဆီးလိုက်ခြင်းဖြစ်ပြီး နောက်တစ်ရက်ဖြစ်သည့် ဇန်နဝါရီ ၂၉ တွင် စစ်တွေသို့ ပို့ဆောင်လိုက်သည်ဟု ကြားရကြောင်း ၎င်းက ပြောသည်။
“အဲဒီဖမ်းဆီးခံရသူတွေကို စစ်တွေမြို့ကို ယူသွားပြီလို့ သိရပါတယ်။ ကားဒရိုင်ဘာနဲ့ စပယ်ယာကတော့ ကြိမ်ချောင်းကပါ။ သူတို့ကိုလည်း စစ်တွေယူသွားလား မသိရဘူး” ဟု အဆိုပါ ဒေသခံက ဆိုသည်။
ထိုလူ ၃၀ ကျော်မှာ ရက္ခိုင့်တပ်တော် (AA) နှင့် သံသယဖြင့် အဖမ်းခံရခြင်းဖြစ်သည်ဆိုသော အချက်ကို သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။
ဖမ်းဆီးခံရသူများမှာ AA သင်တန်းဆင်းလူငယ်များဖြစ်ကြောင်း သတင်းများထွက်ပေါ်နေသည်ဟု ရခိုင်အခြေစိုက်သတင်းဌာနတစ်ခုဖြစ်သော နိရဉ္စရာက ရေးသားသည်။
ဘူးသီးတောင်မြို့နယ်အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၁၅) လက်အောက်ခံ ကြိမ်ချောင်းစစ်ဆေးရေးဂိတ်ကို ဗျူဟာအဆင့် တိုးမြှင့်ကာ အင်အားဖြည့်တင်းထားသည်ဟုလည်း သိရသည်။
မောင်တောမြို့နယ်တွင် လူ ၃၀ ကျော် ဖမ်းဆီးခံရပြီးနောက် စစ်ကောင်စီက စစ်ဆေးရေးဂိတ်များတွင် လုံခြုံရေးတင်းကျပ်စွာ ချထားပြီး ယခင်ကထက် စစ်ဆေးမေးမြန်းနေကြောင်း ဒေသခံများထံမှ သိရသည်။
မောင်တောမြို့မြောက်ဘက်ရှိ ကျီးကန်းပြင်ဌာနချုပ် (နယ်ခြားစောင့်ရဲကွပ်ကဲမှု) စစ်ဆေးရေးဂိတ်နှင့် ကြိမ်ချောင်းစစ်ဆေးရေးဂိတ်တွင် ဒေသတွင်းပြေးဆွဲသည့် လိုင်းကားများကို စစ်ဆေးရာ၌ ခရီးသွားများအပြင် ကားဒရိုင်ဘာနှင့် ယာဉ်နောက်လိုက်များကို ကားနှင့်အတူ ဓာတ်ပုံမှတ်တမ်းယူကာ စစ်ဆေးနေသည်ဟု ကားသမားအချို့ထံမှ သိရသည်။
ထို့ပြင် ဆား၊ ကော်ဖီ၊ ဆေးလိပ်၊ အရက်၊ ဘီယာ၊ ဘိလပ်မြေ၊ မြေဆီနှင့် တခြားဆောက်လုပ်ရေးပစ္စည်းများ သယ်ယူခွင့်မရဖြစ်နေသည်ဟုလည်း သိရသည်။
“မောင်တောကို လိုင်းကားဆွဲရင် အရင်လို အဆင်မပြေတော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အခု ကုန်ပစ္စည်းတွေလည်း မသယ်ရတာ များတယ်။ မောင်တောကို သွားရင် စစ်ဆေးရေးဂိတ်တွေမှာ ကားနဲ့ ကားမောင်းသူ၊ စပယ်ယာတွေကို ဓာတ်ပုံရိုက်တယ်။ အရင်ကတော့ အဲဒီလို မရှိပါဘူး” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ကားသမားတစ်ဦးက ပြောသည်။
အလားတူ ရခိုင်ပြည်နယ်မြောက်ပိုင်း မြောက်ဦးမြို့တွင်လည်း ယမန်နေ့ (ဇန်နဝါရီ ၃၀) မှစ၍ စစ်ကောင်စီက စစ်သားနှင့် ရဲဝန်ထမ်း အင်အားတိုးချထားကြောင်း သိရသည်။
ရှေးဟောင်းသမိုင်းဝင် သျှစ်သောင်းဘုရားပုထိုးအနီး ဦးဥတ္တမပန်းခြံဘေးလမ်း သုံးခွဆုံတွင် ရဲအချုပ်ကားတစ်စီး၊ ရဲကားတစ်စီးနှင့် စစ်တပ်ဖော့ကားတစ်စီး ရပ်တန့်ထားပြီး အင်အား ၁၀၀ ခန့်ရှိကြောင်း အမည်မဖော်လိုသည့် မြို့ခံတစ်ဦးက ပြောသည်။
“တစ်နိုင်ငံလုံး အသံတိတ်သပိတ်ပြုလုပ်မယ်လို့ ကြားပါတယ်။ စျေးတွေလည်း ပိတ်မယ်လို့ ကြားတယ်။ အဲဒါကြောင့် လုံခြုံရေးတင်းကျပ်ထားတာ ထင်ပါတယ်” ဟု ၎င်းမြို့ခံက ဆိုသည်။
ရခိုင်မြောက်ပိုင်းရှိ မောင်တော၊ ကျောက်တော်နှင့် မြောက်ဦးမြို့နယ်များတွင် စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားနေသည်ဟု သိရသည်။
“ရှစ်သောင်းဘုရားပေါ်ကို ဒီနေ့ စစ်သားတွေ အများကြီးတက်လာတာ တွေ့တယ်။ ဘေးပတ်ဝန်းကျင်မှာ လုံခြုံရေးတွေလည်း ချထားတယ်။ အားလုံး သေနတ်ကိုယ်စီနဲ့ပါ” ဟု မောင်တောမှ ဘုရားဖူးလာသည့် အမျိုးသမီးတစ်ဦးက ပြောသည်။

လာမည့် ဖေဖော်ဝါရီ ၁ တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အသံတိတ်သပိတ် (Silent Strike) ဆင်နွှဲရန် စည်းရုံးလှုံ့ဆော်မှုများ ရှိနေသောကြောင့် ဇန်နဝါရီ ၂၉ က မောင်တောနှင့် ကျောက်တော်မြို့တို့တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) တို့ကို မထောက်ခံရန် စစ်ကောင်စီက လက်ကမ်းစာစောင်များ လိုက်လံဖြန့်ဝေခဲ့သည်။
မောင်တောမြို့၌ စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲနှင့် စစ်သားများက NUG, CRPH တို့ကဲ့သို့ အကြမ်းဖက်အဖွဲ့အစည်းများ၏ သွေးထိုးလှုံ့ဆော်မှုများကို မျှဝေခြင်း၊ ကူညီခြင်းများ ပြုလုပ်ပါက အကြမ်းဖက်ပုဒ်မ ၅၂ (က) ၊ ရာဇသတ်ကြီး ၁၂၄ – က နှင့် ၅၀၅ – က၊ ဆက်သွယ်ရေးပုဒ်မ ၃၃(က) တို့ဖြင့် အရေးယူမည်ဟု ပါရှိသော လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့သည်ဟု သိရသည်။
“လာမဲ့ ဖေဖော်ဝါရီ ၁ ရက်ဆို စစ်တပ်က အာဏာသိမ်းတာ တစ်နှစ်ပြည့်ပြီလေ။ အဲဒါကြောင့် ဆန္ဒပြမယ်လို့ သတင်းတွေကြားနေရလို့ စစ်ဆေးမှုတွေနဲ့ လက်ကမ်းစာစောင်တွေ ဖြန့်တာဖြစ်မယ်”ဟု မောင်တောမြို့ခံတစ်ဦးက မှတ်ချက်ပြုသည်။
AA နှင့် အာဏာသိမ်းစစ်တပ်တို့အကြား နှစ်ဖက်နားလည်မှုဖြင့် ၂၀၂၀ နိုဝင်ဘာလဆန်း၌ နှစ်နှစ်ကျော်ကြာ တိုက်ပွဲများ အဆုံးသတ်ကာ အပစ်ရပ်ခဲ့ကြပြီးနောက် ပြီးခဲ့သည့်နှစ် ဩဂုတ်လ ဒုတိယပတ်မှစ၍ စစ်တပ်က ရိက္ခာနှင့် စစ်သည်အင်အား ဖြည့်တင်းခြင်းများ ရှိလာသည်။
ထို့နောက် နှစ်ဖက်အပြန်အလှန်စောင့်ကြည့်နေစဉ်အတွင်း ပြီးခဲ့သည့် နိုဝင်ဘာလဆန်းပိုင်းတွင် မောင်တောမြို့နယ်မြောက်ပိုင်း၊ ဝေလာတောင်ပတ်ဝန်းကျင်၌ စစ်ကောင်စီတပ်နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း AA က ထုတ်ပြန်ခဲ့သော်လည်း စစ်ကောင်စီကမူ ငြင်းဆန်သည်။
မြို့နယ်တချို့တွင် AA က ကျေးရွာအုပ်စုခေါင်းဆောင်များ ခန့်အပ်ပြီး အုပ်ချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်လာသလို စစ်ကောင်စီဘက်ကလည်း ကျောက်တော်၊ ကျောက်ဖြူ၊ ဘူးသီးတောင်၊ ပေါက်တော စသည့် မြို့နယ်တချို့သို့ သွားရောက်ကာ ကျေးရွာအုပ်ချုပ်ရေးမှူးများကို ခေါ်ယူပြီး AA နှင့် မပတ်သက်ရန်၊ AA သတင်းများပေးရန် ဖိအားပေးလျက်ရှိသည်။
ထိုစဉ်က တိုက်ပွဲ အချိန်မရွေး ပြန်ဖြစ်နိုင်သောကြောင့် ဒေသခံများအနေဖြင့် “စစ်ရေးသတိရှိရန်” AA က စာထုတ်ပြန်ထားသည်။ ဇန်နဝါရီ ၁၇ ရက်က ကျောက်တော်မြို့ပြင်၌ AA တပ်ဖွဲ့နှင့် ထိပ်တိုက်တွေ့ရာတွင် အင်အား ၄၀ ပါ စစ်ကောင်စီစစ်ကြောင်းက ပြန်ဆုတ်သွားခဲ့သည်။
ထိုသို့ စစ်ရေးထိတွေ့မှုများရှိနေသော်လည်း ရခိုင်မြောက်ပိုင်း ငါးမြို့နယ်တွင် AA တပ်ဖွဲ့ဝင်များအပါအဝင် အရပ်သားအများအပြားကို စစ်ကောင်စီက ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေးသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)



