အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ဓာတ်ပုံအက်ဆေး

နေရပ်ပြန်ရန် မသေချာသေးသော ကိုးကန့် စစ်ဘေးဒုက္ခသည်များ – ဓာတ်ပုံအက်ဆေး

တရုတ် – မြန်မာနယ်စပ် မုံးကိုးမြို့တွင် စစ်ကောင်စီတပ်နှင့် ကိုးကန့် MNDAA တပ်ဖွဲ့တို့ တိုက်ပွဲများ မရပ်တန့်နိုင်သေးသဖြင့် စစ်ဘေးဒုက္ခသည်တို့ နေရပ်မပြန်နိုင်သေးပေ။

ရှမ်းမြောက်ဒေသ မူဆယ်ခရိုင်အတွင်း နှစ်ဖက်ပစ်ခတ်မှုမှာ ၂၀၂၁ ဇူလိုင်လဆန်းမှ အစပြုခဲ့ခြင်းပင်။

ဖောင်းဆိုင်ဒေသ၊ နမ်ဟာရွာမှ အမျိုးသားတစ်ဦးက ၎င်းတို့ရွာဝန်းကျင်တွင် ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်ခဲ့၍ ကျေးရွာပေါင်း ၇ ရွာမှ လူဦးရေ ၇၀၀ ကျော်ခန့်သည် မုံးကိုးမြို့သို့ ရောက်လာရသည်ဟု ပြောသည်။

“ကျွန်တော်တို့ရွာမှာ ဩဂုတ်လ ၂၈ ရက်နေ့က လက်နက်ကြီးကျရောက်ပြီး လူ ၄ ဦး သေဆုံးခဲ့တယ်။ တိုက်ပွဲ အကြီးအကျယ်ဖြစ်နေလို့ ဩဂုတ်လ ၂၉ ရက်နေ့မှာ မုံးကိုးမြို့ပေါ်ကို စစ်ရှောင်လာကြတာ” ဟု ထိုရွာသားက ပြောသည်။

“မုံးကိုးရောက်တော့ မုံးကိုး KBC ဘုရားကျောင်း နေထိုင်ခွင့်ရတယ်။ အစားအစာတွေလည်း မြို့ကလူတွေ တစ်ယောက် နည်းနည်း လာပေးကြတယ်”

အာဏာသိမ်းမှုအပြီး ပေါ်လာသော တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာကြပြီးနောက် ထိုနေရာတွင် ခိုလှုံရမှု မည်မျှကြာဦးမည်နည်း ဆိုသည်မှာ အများက သိချင်နေကြသော၊ အဖြေမရှိသေးသော မေးခွန်းဖြစ်သည်။

စစ်ဘေးဒုက္ခသည်တို့ လိုအပ်နေသည်များကို ခရစ်ယာန်ဘုရားကျောင်းက အကူအညီပေးနေသည်ဟု စခန်းတာဝန်ခံတစ်ဦးက ပြောသည်။

“မုံးကိုးမြို့ပေါ် ရောက်လာကြတဲ့ စစ်ရှောင်တွေရဲ့ စားဝတ်နေရေးကို ကျွန်တော်တို့ KBC ဘုရားကျောင်းကနေ တာဝန်ယူထားပါတယ်” ဟု ထိုတာဝန်ခံက ဆိုသည်။

“အကူအညီပေးရေး NGO, CSO အဖွဲ့တွေလည်း အလာနည်းတယ်။ အဓိကတော့ ဆန်၊ ဆီ၊ ဆားတွေ လိုအပ်နေတယ်” 

အလားတူ စစ်ဘေးဒုက္ခသည်တို့အတွက် ဆန် ကူညီထောက်ပံ့ပေးရန် အလှူရှင်များလည်း အခက်ကြုံနေရသည်။  

မုံးကိုးမြို့အဝင်တွင် တင်းတင်းကျပ်ကျပ် စစ်ဆေးတတ်သည့် စစ်ကောင်စီဂိတ်တစ်ခုက ၂၀၂၁ ဩဂုတ်မှ ယနေ့အချိန်ထိ ဆန်အိတ် သယ်ဆောင်ခွင့်ကို ပိတ်ပင်ထားကြောင်း မုံးကိုးမြို့ခံတစ်ဦးက ပြောသည်။

လက်ရှိတွင် မုံးကိုးမြို့၌ ထိုစစ်ဘေးရှောင်များကို နေရာ ၃ ခုတွင် နေရာချထားပေးသည်၊ လူဦးရေအားဖြင့် ၆၀၀ ခန့် ရှိပြီး ထိုအထဲတွင် ကလေးငယ် ၉၄ ဦး၊ ရွာမှ အသက်လု ပြေးလာရပြီးမှ ကလေးမွေးထားသော မိခင် ၁၀ ဦး ပါဝင်သည်ဟု သိရသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button