အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရေဦးတွင် စစ်တပ်ဝင်စဉ် ရွာသားနှစ်ဦး နှိပ်စက် သတ်ဖြတ်ခံရ

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် အနောက်ဘက် ၆ မိုင်ခန့်အကွာရှိ ချမ်းသာရွာကို ယမန်နေ့ (ဇန်နဝါရီ ၁၀) က အင်အားအလုံးအရင်းဖြင့် ဝင်လာသည့် စစ်ကောင်စီတပ်က ဒေသခံနှစ်ဦးကို နှိပ်စက် သတ်ဖြတ်သည်။

ထိုနေ့ နံနက် ၁၀ နာရီဝန်းကျင်က အင်အား ၁၃၀ ကျော်ဖြင့် စစ်တပ်က သေနတ်ပစ်ဖောက် ဝင်ရောက်လာချိန်တွင် ထွက်ပြေးတိမ်းရှောင်ခြင်းမရှိသည့် အမျိုးသားနှစ်ဦးမှာ သတ်ဖြတ်ခံခဲ့ရပြီး ၎င်းတို့၏ရုပ်အလောင်းများကို ယနေ့ (ဇန်နဝါရီ ၁၁) ရှာဖွေတွေ့ရှိကြောင်း ဒေသခံတစ်ဦးက ပြောသည်။

အသက် ၄၃ နှစ်အရွယ် ဦးစိုး၏ အလောင်းတွင် ရင်ဘတ်၌ ဓားဒဏ်ရာတွေ့ရကြောင်း၊ အသက် ၅၀ ကျော်အရွယ် ဦးဇော်ကြီးမှာ ကြိုးတုပ်ခံထားရပြီး ဦးခေါင်းကြေမွသည်အထိ ရိုက်နှက်ခံထားရကာ ရင်ဘတ်တွင် ဓားဒဏ်ရာတွေ့ရသည်ဟု ထိုသူ့ထံမှ သိရသည်။

“အသတ်ခံရတဲ့ တစ်ယောက်ချင်းစီရဲ့အိမ်တွေက ရွာလယ်ပိုင်းမှာ ရှိတာ။ သူတို့ကို တွေ့တာက ရွာမြောက်ပိုင်းမှာ တွေ့တာ။ ကြည့်ရတာ တရွတ်တိုက်ဆွဲခေါ်သွားပြီးတော့ ရွာမြောက်ပိုင်းကျမှ သတ်ထားခဲ့တာ” ဟု အလောင်းကောက်ယူရာတွင် ကိုယ်တိုင်ပါဝင်ခဲ့သည့် အထက်ပါ သတင်းရင်းမြစ်က ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

သေဆုံးသူများမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်မဟုတ်ကြောင်း၊ ယနေ့ မွန်းလွဲပိုင်းတွင် မြေမြှုပ်သင်္ဂြိုဟ်ပြီးဖြစ်ကြောင်း ထိုသူက ပြောသည်။

ကာယကံရှင် မိသားစုဝင်တို့နှင့် အဆက်အသွယ်မရသေးသဖြင့် ထိုနှစ်ဦး၏ အသေးစိတ်အချက်အလက်များနှင့် ဖြစ်စဉ်ကို မသိရသေးပေ။

ထိုဖြစ်စဉ်အတွင်း စစ်တပ်က ချမ်းသာရွာအတွင်း ကျန်ရှိနေခဲ့သည့် အခြားဒေသခံ အမျိုးသားသုံးဦးကိုလည်း ရိုက်နှက်နှိပ်စက်ခဲ့သည်ဟု အထက်ပါ သတင်းရင်းမြစ်ကပင် ပြောသည်။

ထိုစစ်ကြောင်းသည် ယမန်နေ့ညက ရွာအနီးတွင် တပ်စွဲပြီးနောက် ညပိုင်းတွင် ကျေးရွာဝန်းကျင်သို့ လက်နက်ကြီးများဖြင့် အချက် ၅၀ နီးပါး ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

ယနေ့ နံနက်ပိုင်းတွင် စစ်တပ်က ပြန်လည်ထွက်ခွာသွားပြီဖြစ်သော်လည်း ဒေသခံများမှာ ထိတ်လန့်နေဆဲဖြစ်၍ ရွာအတွင်းသို့ ပြန်လည်နေထိုင်ကြခြင်းမရှိသေးဟု သိရသည်။

“ခုချိန်ထိ တစ်ယောက်မှ မဝင်ရဲသေးဘူး။ စစ်ကြောင်းက သိပ်မဝေးသေးဘူး။ တစ်မိုင်လောက်ပဲ ရှိသေးတာ။ မနေ့ညကလိုပုံစံမျိုး လက်နက်ကြီးနဲ့ လှမ်းပစ်ရင် အချိန်မရွေး ရွာထဲကို ကျနိုင်တာကိုး။ ဒါကြောင့်မို့ ရွာသူရွာသားတွေ ဘေးလွတ်ရာကို ရှောင်နေကြတယ်။ တစ်ယောက်မှကို ပြန်မဝင်ကြသေးဘူး” ဟု ထိုသူက ယနေ့ မွန်းလွဲပိုင်းတွင် ပြောသည်။

အထက်ပါ သတင်းရင်းမြစ်၏ အဆိုအရ စစ်တပ်သည် ကျေးရွာရှိ နေအိမ် ၃၀ နီးပါးကို ဝင်ရောက်မွှေနှောက်၍ ဖျက်ဆီးမှုများပြုလုပ်ကာ တန်ဖိုးရှိပစ္စည်းများကို ယူဆောင်သွားသည်ဟု သိရသည်။

စစ်ကြောင်းဝင်ချိန်တွင် ချမ်းသာရွာမှ အိုးအိမ်စွန့်ခွာ တိမ်းရှောင်ရသည့် ဒေသခံများကို သတ်ဖြတ်မှု၊ နေအိမ်ဖျက်ဆီးမှုများနှင့် ပတ်သက်၍ သီးခြားအတည်ပြုမနိုင်သေးသလို စစ်ကောင်စီထံ မေး၍ မရသေးပါ။

အိမ်ခြေ ၅၂၀ ကျော်ရှိပြီး လူဦးရေ နှစ်ထောင်ကျော် နေထိုင်သည့် ချမ်းသာရွာကို စစ်တပ်က ပြီးခဲ့သည့်နှစ် ဧပြီလနှင့် ဇွန်လတို့တွင် နှစ်ကြိမ်တိုင် ဝင်ရောက်စီးနင်းခဲ့ဖူးသည်။

အာဏာသိမ်းစစ်ကောင်စီကို ခုခံမှုအားကောင်းသည့် ရေဦးမြို့နယ်အတွင်းရှိ ကျေးရွာများကို ၂၀၂၁ နှစ်ကုန်ပိုင်းမှစ၍ စစ်ကောင်စီက ပစ်မှတ်ထား၍ စီးနင်းမှုများလုပ်နေသည်။

ထိုဒေသတွင်းရှိ ရေမြက်ကျေးရွာကို ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း စစ်တပ်က တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် လာရောက်ပစ်ခတ်သည့်အတွက် အရပ်သား ၇ ဦးခန့် သေဆုံးခဲ့ရကာ နေအိမ် ၅၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရသည်။ 

လက်နက်ကိုင်တော်လှန်ရေးနှင့် နှစ်ပေါင်းများစွာ အကျွမ်းတဝင်မရှိခဲ့သည့် စစ်ကိုင်းတိုင်းသည် ၂၀၂၁၊ ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးနောက်တွင် စစ်ကောင်စီအပေါ် ခုခံမှုများ အံ့သြဖွယ်ရာ အားကောင်းသည့် ဒေသဖြစ်လာသည်။

ဆန္ဒပြလျှင်ပင် ပစ်သတ်သည့် စစ်ကောင်စီကို စစ်ကိုင်းတိုင်းအနှံ့အပြားတွင် ရရာလက်နက်ဖြင့် ခုခံနေကြပြီး စစ်တပ်က ကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်း နည်းလမ်းပေါင်းစုံသုံး၍ ဖိနှိပ်နေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button