သတင်း

ဒီဇင်ဘာတိုက်ပွဲများတွင်လည်း စစ်ကောင်စီတပ် အထိနာဟု KNU ပြော

ဒီဇင်ဘာလအတွင်း တိုက်ပွဲပေါင်း ၃၁၀ ဖြစ်ပွားရာ စစ်ကောင်စီတပ်ဘက်မှ အရာရှိတချို့အပါအဝင် စစ်သည် ၂၆၇ ဦး သေဆုံးကာ ၁၈၄ ဦး ဒဏ်ရာရခဲ့သည်ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) က ဇန်နဝါရီ ၅ ရက်စွဲဖြင့် သတင်းထုတ်ပြန်သည်။

သေဆုံးသူများထဲတွင် တပ်ရင်းမှူး ၁ ဦး၊ ဒုတပ်ရင်းမှူး ၁ ဦး၊ တပ်ခွဲမှူး ၁၁ ဦး၊ ဒုတပ်ခွဲမှူး ၁၁ ဦး၊ ဗိုလ် ၁ ဦး ပါဝင်ပြီး ဒဏ်ရာရသူများထဲတွင် တပ်ရင်းမှူး ၂ ဦး၊ တပ်ခွဲမှူး ၁ ဦး ပါဝင်သည်။

စစ်ကောင်စီတပ်က နယ်ကျော်လာသောကြောင့် တိုက်ပွဲဖြစ်ရသည်ဟု KNU ပြောခွင့်ရပုဂ္ဂိုလ် ဗဟိုနိုင်ငံခြားရေးတာဝန်ခံ ပဒိုစော‌တောနီးက ပြောသည်။

“တိုက်ပွဲကတော့‌ ‌နေ့တိုင်းလိုလို ဖြစ်တယ်လေ။ ဘာဖြစ်လို့လဲဆိုရင် (စစ်ကောင်စီ)တပ်တွေက မရုပ်ဘူး။ တပ်တွေ တိုးပြီး လှုပ်ရှားလာတော့ ကျွန်တော်တို့က ခုခံကာကွယ်ပိုင်ခွင့်ကို အသုံးချမှာပဲလေ။ ဒါကြောင့်မို့လို့ တိုက်ပွဲက နေ့တိုင်းဖြစ်နေတာပါ” ဟု ၎င်းက ဆိုသည်။

KNU ၏ လက်နက်ကိုင်အဖွဲ့များဖြစ်သည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တို့ဘက်မှ ၈ ဦး သေ၊ ၁၇ ဦး ဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခင်လများကဲ့သို့ပင် ပြောက်ကျားနည်းဖြင့် တိုက်ခိုက်ရုံသာမက နယ်မြေကျွမ်းကျင်မှု၊ လူထုထောက်ခံမှုတို့ကြောင့် ၎င်းတို့၏ တပ်ဖွဲ့ဝင်များ အကျအဆုံးနည်းသည်ဟု KNU က ဆိုသည်။

ဒီဇင်ဘာအတွင်း ဖာပွန်ခရိုင် တပ်မဟာ – ၅ တွင် တိုက်ပွဲပေါင်း ၂၂၆ ကြိမ် ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။ ဒူးပလာယာခရိုင် တပ်မဟာ – ၆ ၊ သထုံခရိုင် တပ်မဟာ – ၁ ၊ ညောင်လေးပင်ခရိုင် တပ်မဟာ – ၃ တို့တွင်လည်း တိုက်ပွဲအဖြစ်များသည်ဟု ဆိုသည်။ စစ်ကောင်စီက လေကြောင်းမှလည်း ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ဒေသခံ  ၅၀,၀၀၀ ခန့် နေရပ်စွန့်၍ ထွက်ပြေးတိမ်းရှောင်နေရသည်။

တပ်မဟာ – ၅ နယ်မြေ၊ ဖာပွန်ခရိုင်အတွင်းရှိ တစ်နေရာအား နိုဝင်ဘာနောက်ဆုံးပတ်က တွေ့မြင်ရစဉ်။ (ဓာတ်ပုံ-KNU) 

စစ်ကောင်စီက အရပ်သားများကိုလည်း ရန်ပြုနေသည်ဟု ပဒိုစောတောနီးက ဆိုသည်။

“စစ်ကောင်စီတပ်က သူတို့ လုပ်ချင်ရာကိုလုပ်နေတာ၊ မီးရှို့ချင်ရာရှို့တယ်။ တစ်ခါရှို့လို့မကုန်ရင် အဲဒီရွာကို နှစ်ခါ ၊ သုံးခါဝင်ပြီး ထပ်ရှို့တယ်ဗျာ” ဟု ပဒိုစောတောနီးက ဆိုသည်။

“အဲဒီလိုအဖြစ်မျိုးတွေဟာ ကရင်ပြည်နယ်တင်မကဘူး၊ တစ်နိုင်ငံလုံးမှာ ပျံ့နှံ့ဖြစ်ပွားနေတယ်ဆိုတာ မျက်ဝါးထင်ထင် မြင်နေရတဲ့အနေအထားမှာ ရှိနေပါတယ်” 

ဒီဇင်ဘာလအတွင်း စစ်တပ်၏ လက်နက်ကြီးငယ်များဖြင့် ရမ်းသန်းပစ်ခတ်မှုကြောင့် ဒေသခံ ၂၀ ဦးခန့် ဒဏ်ရာရခဲ့ပြီး နေအိမ်များပျက်စီးကာ အိမ်မွေးတိရစ္ဆာန်များ သေဆုံးခဲ့ကြောင်း KNU ဗဟို၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

၂၀၁၅ တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) တွင် လက်မှတ်ရေးထိုးထားကြသော်လည်း KNU ထိန်းချုပ်၊ လှုပ်ရှား နယ်မြေများတွင် ၂၀၁၈ အစောပိုင်းကာလကတည်းက တိုက်ပွဲအချို့ ရှိခဲ့သည်။

ပြီးခဲ့သည့် နှစ်ဆန်းပိုင်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်ကြောင်း KNU က သဘာထားထုတ်ပြန်ခဲ့ပြီးနောက် တိုက်ပွဲများ ပြန်ဖြစ်ပွားလာကာ တပ်မဟာ – ၅ နှင့်  တပ်မဟာ – ၃ ဒေသကို စစ်ကောင်စီက ကြည်းကြောင်း၊ လေကြောင်းမှပါ ထိုးစစ်ဆင်ခဲ့သည်။ 

KNU ၏ တပ်မဟာ ၇ ခုလုံးတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး အထူးသဖြင့် ဒီဇင်ဘာလလယ်တွင် တပ်မဟာ – ၆ နယ်မြေ ငြိမ်းချမ်းရေးဒေသ လေးကေ့ကော်မြို့သစ်ကိုပါ စစ်ကောင်စီက ထိုးစစ်ဆင်ကာ လေကြောင်းမှပါ ဗုံးကြဲခဲ့သည်။ 

စစ်ကောင်စီတပ်ဘက်မှ နယ်ခြားစောင့်တပ် (BGF) က ပူးပေါင်းတိုက်ခိုက်နေပြီး KNU တပ်များဘက်မှ အာဏာသိမ်းမှု ဆန့်ကျင်သူများနှင့် ဖွဲ့စည်းထားသည့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) များလည်း ပါဝင်တိုက်ခိုက်နေသည်။ 

မြန်မာပြည်တောင်ပိုင်းဒေသ တိုက်ပွဲများနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်လေ့ မရှိပေ။ 

သို့သော်လည်း လေးကေ့ကော်ဒေသ တိုက်ပွဲဖြစ်ရခြင်းမှာ မြဝတီ- ရန်ကုန် လမ်းကြောင်းတစ်လျှောက် ဖမ်းဆီးရမိခဲ့သော လက်နက်ခဲယမ်းအများစုမှာ လေးကေ့ကော်မြို့သစ်မှ လာသောကြောင့် PDF နှင့် အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်နေသည့် ဌာနဆိုင်ရာ ဝန်ထမ်း ၂၁ ဦးကို ဝင်ရောက်ဖမ်းဆီးရာမှ တိုက်ပွဲဖြစ်ခဲ့ရသည်ဟု သတင်းထုတ်ပြန်ခဲ့သည်။  

မြေပြင်စစ်ကြောင်းများနှင့် လက်နက်ကြီးများအပြင် လေကြောင်းဖြင့်ပါ နေ့စဉ်ရက်ဆက် အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သော်လည်း ဒီဇင်ဘာ ၂၈ ထုတ်ပြန်ချက်တွင်မူ မိမိကိုယ်မိမိ ခုခံကာကွယ်ရန်အလို့ငှာ အနည်းဆုံးအင်အား အသုံးပြုတိုက်ခိုက်ခြင်းဖြစ်သည်ဟု ဖော်ပြခဲ့သည်။ 

ဒီဇင်ဘာလအတွင်း လေးကေ့ကော်တိုက်ပွဲများအတွင်း KNU က တပ်ခွဲမှူးအပါအဝင် စစ်ကောင်စီတပ်သား ၁၃ ဦးကို အရှင်ဖမ်းဆီးမိထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button