မေးမြန်းခန်း

အင်တာဗျူး၊ “စစ်ဝါဒီတွေကို တိုက်ခိုက်ခြင်းသည် ဓမ္မကိုတည်ဆောက်ခြင်းလို့ ခေါ်တယ်” 

စစ်တပ်ကို အစဉ်တစိုက်ဝေဖန်လေ့ရှိသူ မန္တလေးမြို့မှ မြဝတီမင်းကြီးကျောင်းတိုက်ဆရာတော်မှာ အာဏာမသိမ်းမီကတည်းက ပုဒ်မ ၅၀၀ ဖြင့် စစ်တပ်က စွဲဆိုထားသည့်အမှုကို ရင်ဆိုင်ခဲ့ရသူ ရဟန်းတစ်ပါးဖြစ်သည်။ မြဝတီမင်းကြီးကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တအရိယာဘိဝံသကို ၂၀၁၉ ခုနှစ် စက်တင်ဘာအတွင်း အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ စစ်တပ်အရာရှိတစ်ဦးက တရားလိုပြုလုပ်ကာ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။​

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်တရားရုံးတွင် အကြိမ် ၃၀ မြောက် ရုံးတင်စစ်ဆေးပြီးနောက် စစ်တပ်က အာဏာသိမ်းယူချိန်တွင် မြဝတီမင်းကြီးကျောင်းတိုက်ဆရာတော် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ပြီးခဲ့သည့် ဩဂုတ်လဆန်းပိုင်း အိုးဘိုထောင်မှ ပြန်လည်လွတ်မြောက်ခဲ့သည်။ 

မြဝတီမင်းကြီးကျောင်းတိုက်ဆရာတော်ဟု ထင်ရှားသည့် ဘဒ္ဒန္တအရိယာဘိဝံသကို ဒီဇင်ဘာ ၂၉ ရက်တွင် Myanmar Now က ဆက်သွယ်မေးမြန်းလျှောက်ထားရာတွင် အာဏာသိမ်းစစ်တပ်၏ ဘာသာရေးအပေါ် အသုံးချမှုနှင့် နာမည်ကြီးဆရာတော်များ စစ်ကောင်စီနှင့် ပူးပေါင်းမှုအပေါ် ဝေဖန်ထားသည်။

မေး – အာဏာသိမ်းစစ်ခေါင်းဆောင်က အခုတလော ဘာသာရေးခေါင်းဆောင်တွနဲ့ လိုက်လံတွေ့ဆုံနေတဲ့အပေါ် ဘယ်လိုရှုမြင်ပါသလဲ ဘုရား။ 

ဖြေ – ရေနစ်ပြီး သေခါနီးလူ ကောက်ရိုးတစ်မျှင်ကိုတောင် အားကိုးတယ်ဆိုတဲ့ အဆိုရှိတယ်လေ။ အဲဒီသဘောပါပဲ။ သူအားကိုးရာတွေ လျှောက်ရှာနေတယ်၊ အဲဒီလိုဖြစ်နေတယ်။ အခုဟာက ကြည့်ရတာ အထူးသဖြင့် သူတို့ ကျွေးထား၊ ပေးထား၊ ကြွေးရှိတဲ့သူတွေကို အကြွေးလိုက်တောင်းတယ်လို့ ထင်တာပါပဲလေ။ သူက နဂိုကတည်းက ကျွေးထားပေးထားတယ်လေ။ ကျွေးထားပေးထားတော့ သူတို့ ငြင်းလို့မရတဲ့ အနေအထားရှိတယ်။

မေး – အာဏာတည်မြဲရေးအတွက် ဘာသာရေးကို အသုံးချနေတယ်လို့ ပြောလို့ရမလား။

ဖြေ – မကောင်းတာလုပ်တဲ့သူတွေရဲ့ သဘောတရားကိုက ဘာ Cover  (အကာအကွယ်) ယူရမတုန်းဆိုတာကို အမြဲစဉ်းစားထားတယ်။ အခုဟာက ဘာသာရေးနဲ့ ဆန့်ကျင်ဘက် မကောင်းတာတွေ၊ ဘာသာရေးက လက်မခံတာတွေလုပ်တာ၊ ပြည်သူတွေကလည်း ဘာသာရေးပေတံနဲ့ တိုင်းပြီးတော့ သူတို့ကို လုံးဝလက်မခံဘူး။ 

ဘာသာရေးကလည်း လူမှုရေးနဲ့ အတူတူပါပဲ။ လူမှုရေးမှာ လက်မခံတာတွေ၊ မဖြစ်သင့်တာတွေကို ဘာသာရေးကလည်း ဒါတွေကတော့ Don’t Do (မလုပ်နဲ့) ပေါ့။ ဒါတွေကတော့ လုပ်သင့်တယ်ဆိုရင် Do (လုပ်) ပေါ့။ ဘာသာရေးကလည်း ဒါပါပဲ။ အားလုံးနဲ့ တစ်ထပ်တည်းပါပဲ။ 

အဲဒီတော့ သူ (မင်းအောင်လှိုင်) က အဲဒီလိုမျိုးတွေ မလုပ်သင့်တာတွေ လုပ်ထားပြီဆိုလို့ရှိရင် သူက အဲဒါကို ပြန်ပြီးတော့ Cover ပေါ့၊ ဒါမျိုး သူ့မှာ လိုနေတယ်။ အဲဒီတော့ သူက သူတော်ကောင်းယောင်ဆောင်တယ် ခေါ်တာပေါ့။ ‘လူကြားကောင်းတရားနာ’ ဆိုတာမျိုးတို့ ရှိတယ်မဟုတ်လား။ ‘လူရိုသေ၊ ရှင်ရိုသေ’ တို့ဆိုတာ ရှိတယ်မဟုတ်လား။ အဲဒါ Cover သဘောတွေပဲ။

မေး – နာမည်ကြီးဆရာတော်တချို့ စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်နေကြတဲ့အပေါ် အရှင်ဘုရားရဲ့ သဘောထားကို မိန့်ပါဦးဘုရား။    

ဖြေ – ဘာသာရေးမှာလည်း စေတန်ဆိုတဲ့ မာရ်နတ်ရှိတယ်ဗျ။ ဘာသာရေးရဲ့ အခွင့်အလမ်းတွေက … မမြင်ဘူးလား၊​ ကားကောင်းတွေနဲ့ နေရတယ်။ တိုက်ကောင်းတွေနဲ့ နေရတယ်။ အဲဒီလိုဘုန်းကြီးတွေ ဘယ်ဘုန်းကြီးများ တဲပုတ်လေးနဲ့နေတာ ရှိလို့လဲ။ သက်ငယ်တဲလေးနဲ့ သီတင်းသုံးတဲ့ဘုန်းကြီးတို့ ရှိသလား။ စည်းစိမ်တွေခေါ်တာပေါ့၊ ကာမတွေ ခေါ်တာပေါ့။ ကာမတွေနဲ့ စေတန်က ဖြားယောင်းလိုက်တော့ သူတို့က စေတန်ရဲ့ ကျော့ကွင်းထဲမှာ၊ ထောင်ချောက်ထဲမှာ အကုန်မိကုန်ကြတယ်။ 

မိကုန်ကြတော့ ဓမ္မလမ်းကို မသွားကြတော့ဘူး။ ဓမ္မရဲ့ဆန့်ကျင်ဘက် အဓမ္မဖြစ်တဲ့ လာဘ်မက်တယ်၊ လိုချင်တယ်၊ သိန်းတစ်ထောင်တို့၊ နှစ်ရာတို့ရလည်း ယူမှာပေါ့၊ သုံးရာရလည်း ယူမှာပဲ၊ လေးရာရလည်း ယူမှာပဲ။ အဲ့လိုမျိုးတွေ အများကြီး လိုချင်တာပေါ့။ 

အဲ့ဒါက လမ်းကြောင်းမှားကို ဘာသာရေးခေါင်းဆောင်တွေ လျှောက်လှမ်းနေတယ်လို့ ခေါ်တယ်။ ဘယ်လိုပြောမလဲဆိုရင် ပြည်သူတွေထက် ငွေကို ပိုချစ်နေတယ်။ ပြည်သူတွေထက် ဂုဏ်ပကာသနတွေကို ပိုချစ်နေတယ်လို့ ခေါ်တာပေါ့။ အဲဒါ လမ်းမှားရောက်တာလို့ ခေါ်တာ။   

မေး – ဒီတစ်ခါ စစ်အာဏာသိမ်းမှုကို ပြည်သူအများစုက မတရားမှုလို့ ခံယူထားကြတယ်။ လက်ရှိအခြေအနေကိုလည်း ဓမ္မနဲ့ အဓမ္မပြိုင်တဲ့ပွဲလို့ ပြောနေကြတယ်။ ဒီဆရာတော်ကြီးတွေက ဓမ္မဘက်က ရပ်သူလား၊ အဓမ္မဘက်က ရပ်သူလားဆိုပြီး ပြောဆိုနေကြတော့ အရှင်ဘုရားရဲ့ အမြင်ကို သိပါရစေ။ 

ဖြေ – ဓမ္မနဲ့ အဓမ္မပြောရင် ဓမ္မက လောဘမကြီးဘူး။ ဓမ္မရဲ့လက္ခဏာက ပေးချင်တာ။ ဒါကြောင့် ဓမ္မကိန်းဝပ်တဲ့သူဆိုရင် ပေးချင်တယ်၊ ကျွေးချင်တယ်။ နောက်ဆုံး ကိုယ့်ဟာစွန့်လွှတ်ပြီးတော့တောင် ပေးသေးတယ်။ အဓမ္မသမားကျတော့ တွေ့ကရာ အကုန်လိုချင်တာ။ မြေလည်းလိုချင်၊ ရွှေလည်းလိုချင်၊ ရတနာအကုန်လိုချင်၊ အာဏာလည်းလိုချင်။ အဲဒါ အဓမ္မတွေပဲ။ အခု ပြည်သူတွေဒုက္ခရောက်တာ အဲဒီအဓမ္မကြောင့်၊ အဓမ္မကိန်းဝပ်တဲ့ အဓမ္မဝါဒီတွေကြောင့် ဒုက္ခရောက်တာ။ 

သူတို့ (ပြည်သူတွေ) လိုချင်တာ ဓမ္မကိန်းဝပ်တဲ့စနစ်ကို လိုချင်တာ။ ဓမ္မဝါဒီကို လိုချင်တာ။ တစ်နည်းပြောရင် ဓမ္မစနစ်ကို လိုချင်တာ။ လိုချင်လို့ မဲပေးတယ်။ အပြတ်အသတ်နိုင်တယ်။ ထင်ထင်ရှားရှားကြီးဖြစ်တယ်။ ဟိုအဓမ္မဝါဒီက အာဏာလိုချင်လို့ ဆွေ့ဆွေ့ခုန်နေတယ်။ 

အဲဒီတော့ သူ့ရဲ့ရှိတဲ့ လက်နက်နဲ့ အဓမ္မလုပ်တော့တာပေါ့။ အဲဒီတော့ ပြည်သူတွေက ဓမ္မကို မျှော်လင့်လို့ မဲပေးခဲ့တာ၊ ဓမ္မဝါဒီကို မဲပေးခဲ့တာ။ မဲပေးလို့ မဲနဲ့တင်မြှောက်လို့ မရတော့ ဒီအတိုင်းဆို မဖြစ်တော့ဘူးဆိုပြီး လက်နက်ကိုင်စွဲပြီးတော့ လက်နက်နဲ့ တင်မြှောက်မှဖြစ်တော့မယ်ဆိုတဲ့ အဆင့်ရောက်သွားလို့ အခု (ပြည်သူတွေ) လက်နက်ကိုင်ကုန်တာ အဲဒါပဲ။

မေး – စစ်အာဏာရှင်ကို ပုံစံမျိုးစုံနဲ့ ဆန့်ကျင်နေတဲ့ ပြည်သူတွေ၊ PDF တွေက ဓမ္မဘက်တော်သားတွေလား ဘုရား။ 

ဖြေ – တကယ့်ဓမ္မဘက်တော်သားတွေပဲ။ တစ်နည်းပြောရင် သာသနာပျက်ရတာကိုက အဲဒီအဓမ္မဝါဒီကြောင့် ပျက်ရတာ၊ ဖက်ဆစ်ဝါဒီကြောင့် ပျက်ရတာ၊ စစ်ဝါဒီတွေကြောင့် ပျက်ရတာ။ အဲဒီစစ်ဝါဒီတွေကို တိုက်ခိုက်ခြင်းသည် ဓမ္မကိုတည်ဆောက်ခြင်းလို့ ခေါ်တယ်။ 

ရန်သူရဲ့ရန်သူဟာ မိတ်ဆွေဆိုတာ ရှိတယ်။ အခု ဓမ္မက စိတ်ညစ်နေတာ၊ အဓမ္မတွေကြောင့် စိတ်ညစ်နေတာ။ ဓမ္မက ခေါင်းကို မဖော်ရဲဘူး။ အခု ထောင်ထဲမှာကြည့် ဓမ္မဝါဒီတွေရောက်သလား၊ အဓမ္မဝါဒီတွေ ရောက်သလား။ အဓမ္မဝါဒီတွေကျ လွှတ်ပစ်တာ၊ အပြင်မှာ စည်းစိမ်နဲ့ကို နေရတာ။ 

ဓမ္မဝါဒီတွေကျတော့ နည်းနည်း ဓမ္မဘက်က မရပ်လိုက်နဲ့။ တန်းပြီး ထောင်ထဲပို့၊ နှိပ်စက်၊ စစ်ကြောရေးပို့။ တစ်ခါတလေ အလောင်းလာယူလှည့်… အဲဒါ ဓမ္မဝါဒီတွေဖြစ်နေတဲ့ အဖြစ်ပဲ။ အဲဒီတော့ ဓမ္မဝါဒီတွေ ဒီလိုဖြစ်နေတော့ ဓမ္မလည်း ငိုမှာပေါ့ဗျာ စဉ်းစားကြည့်ပေါ့။ ဒီနိုင်ငံမှာ၊ ဒီမြေမှာ ဘယ်လို ဓမ္မအပင်ကို စိုက်လို့ရမှာတုန်း၊ ဒါကြောင့် PDF တွေက ဒီမြေမှာ ဓမ္မအပင်စိုက်လို့ရအောင် လုပ်တယ်လို့ပဲ ဒီအတိုင်းပဲ ဘုန်းကြီးမြင်တယ်။ တောရှင်းတယ်လို့ပဲ မြင်တယ်။ ပေါင်းတွေ ရှင်းတယ်လို့ မြင်တယ်။ ပေါင်းရှင်းတာ နှမြောစရာလိုမလား၊ စားပင်ရှင်းတာမှ မဟုတ်ဘဲ။

မေး – NLD အစိုးရလက်ထက်မှာ ဗုဒ္ဓဘာသာဝင်တွေ စိတ်အားညှိုးငယ်ခဲ့ရတယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောတဲ့အပေါ် အရှင်ဘုရား ဘာများမိန့်လိုပါသလဲ။  

ဖြေ – သူ့ကို ပထမဆုံးမေးလိုက်ပါ။ လိမ်မပြောရတဲ့ သိက္ခာပုဒ် ‘မုသာဝါဒါ ဝေရမဏိ သိက္ခာပဒံ’ ကို ဆောက်တည်ရဲလားလို့ မေးလိုက်ပါ။ တစ်ရက်မှာ ဘယ်နှခါလိမ်တုန်းလို့ မေးလိုက်ပါ။ အခွန်းတစ်ရာမှာ ဘယ်နှခွန်းလိမ်တုန်း မေးလိုက်ပါ။ ဘုန်းကြီးထင်တယ်…၁၀၀ ရာခိုင်နှုန်းတောင် လိမ်နေတယ်ထင်တယ်။

သူ့ဝမ်းထဲကနဲ့ ပါးစပ်ကပြောတာနဲ့ သူကိုယ်တိုင်ကို သူ့ဟာသူ လိမ်မှန်းလည်းသိတယ်၊ လိမ်ဖို့လည်း ကြိုးစားနေတာ။ ဒါ နိုင်ငံရေးမှာ ဒီအတိုင်းလုပ်နေတာပဲလေ။ ရိုးရိုးသားသားမလုပ်တဲ့ နိုင်ငံရေးမို့လို့လည်း သူ့ကို ဘယ်သူကမှ မထောက်ခံတဲ့အပြင် ရွံမုန်း၊ စက်ဆုပ် အကုန်ဖြစ်ကုန်တာ။ အဲဒီတော့ ဘုန်းကြီး အထူးပြောဖွယ်ရာ မရှိတော့ပါဘူး။

မေး – စစ်ကိုင်းတိုင်းဘက်မှာ စစ်ကောင်စီက သံဃာအတုအယောင်တွေ ဖန်တီးပြီး ပြည်သူတွေကို အကြမ်းဖက်မှုတွေလုပ်နေတယ်လို့ ကျယ်ကျယ်ပြန့်ပြန့် သတင်းထွက်နေတဲ့အပေါ် ဘယ်လိုသဘောထားရှိပါသလဲ ဘုရား။ 

ဖြေ – အဲဒါပြောလို့ရှိရင် ဦးသန်းရွှေလက်ထက်က ဖြစ်ခဲ့တဲ့ ဒီပဲယင်းကြည့်လိုက်ရင် သိပါတယ်။ ဒီလောက်ဆို ရိပ်မိပါတယ်။ ထောင်ထွက်တွေကော၊ အမူးသမားတွေကော၊ ဖိုး(မူးယစ်ဆေး) သမားတွေကော အကုန် သင်္ကန်းပတ်ခဲ့ပြီးတော့ အသုံးချခဲ့တာ။ အဲတော့ သူတို့က ရိုးရိုးလုပ်လို့ရရင်တော့ လုပ်ဦးမှာပေါ့။ 

နောက်ဆုံးကျရင်တော့ လုပ်မရရင် အဲဒီလို ကလိမ်ကကျစ်တွေလုပ်ပြီလို့ ပြောကြပါစို့။ ဘာသာရေးလည်း အဲလိုတွေ လုပ်တာပဲ။ သူတို့မလုပ်ဝံ့တာ….သူပြောပြီးသားပဲ မလုပ်ဝံ့တာ ဘာမှမရှိပါဘူးဆိုတာ။ ဒီတစ်ခုတော့ မှန်တယ်ဗျ။ သူပြောတဲ့စကား ဘုန်းကြီးကြည့်တယ်။ တစ်ခါမှမှန်တာ မတွေ့ဘူး။ အဲတစ်ခုကတော့ တော်တော်မှန်တယ်။

မေး – လူမျိုးရေး၊ ဘာသာရေးကို လက်နက်တစ်ခုအဖြစ် အသုံးချနေတဲ့အပေါ်မှာ ဘယ်လိုရှုမြင်ပါသလဲ ဘုရား။  

ဖြေ – မီးရှို့ချင်ရင် ဘာသတိရတုန်း။ ဓာတ်ဆီတို့၊ အောက်တိန်းတို့ သတိမရဘူးလား။ ဘာသာရေးကလည်း ဓာတ်ဆီ၊ အောက်တိန်းပဲ။ ဘာလို့လည်းဆိုတော့ ဘာသာရေးဆိုတာ လူသားအားလုံးရဲ့ အသည်းနှလုံးလေ။ အဲဒါနဲ့ ယုန်ထင်ကြောင်ထင်အောင် လုပ်လိုက်ရင်ကို အများကြီးတာသွားတယ်။ အဲဒါကြောင့် ဒါကို အားကိုးတယ် ခေါ်တာပေါ့။ ရိုးရိုးဟာနဲ့ ရှို့မရရင် ဓာတ်ဆီသတိရတယ်ပေါ့။

မေး -စစ်အာဏာရှင်တွေရဲ့ လုပ်လေ့လုပ်ထရှိတဲ့ ဘာသာရေးအသုံးချမှုကို မျက်ခြည်မပြတ်စေဖို့ ပြည်သူတွေကို ဘာများမိန့်ကြားလိုပါသလဲဘုရား။

ဖြေ – သူများပြောတိုင်း အလွယ်တကူမယုံနဲ့ဆိုတာပဲ ပြောချင်ပါတယ်။ ဒါက ဒီနေရာမှမဟုတ်ဘူး အရာရာပါ။ ဒါကို ဘာခေါ်လည်းဆိုတော့ အမေပေးတဲ့ အော်ရဂျင်နယ်ခေါင်းပေါ်မှာ အပိုခေါင်းတစ်လုံး ဆောင်းတယ်လို့ ခေါ်တာပေါ့။ သူများပြော အရမ်းယုံ၊ သူများပြော အရမ်းယုံဆိုရင် ခေါင်းတစ်လုံးပေါ် ခေါင်းတစ်လုံးဆင့်သလို ဖြစ်နေမှာပေါ့။ ကိုယ်တိုင်စဉ်းစားပါ၊ ကိုယ်တိုင်ဝေဖန်ပါ။ 

ဒီဆရာတော်ကြီးဟာ အင်မတန်နာမည်ကြီးတာ။ ပုရောဟိတ်တွေကော ဘာတွေကောလုပ်တာ။ ကြည်ညိုတဲ့ပုဂ္ဂိုလ်တွေက တကယ့်ချမ်းသာကြွယ်ဝတဲ့ပုဂ္ဂိုလ်တွေ ကြည်ညိုတာဆိုပြီးတော့ သူပြောတိုင်း ယုံမိပြီဆိုရင်လည်း အဲဒါ ခေါင်းပေါ်ကို ခေါင်းတစ်လုံးဆင့်တာလို့ ခေါ်တယ်။ 

သူ့ဟာသူ ဘယ်လိုကိုယ်တော်ကြီးပဲဖြစ်ဖြစ်၊ ဘယ်လောက်ကြီးပဲ ဝါကြီးကြီး၊ ဘယ်လောက်ကြီးပဲ ဘုန်းကြီးကြီး ဘယ်လောက်ကြီးပဲ ပရဟိတတွေပြပြ၊ ဒါတွေက For Show (ဟန်ပြ) ပဲ။ စစ်ရမှာက ပုဂ္ဂလနဲ့ ဓမ္မ နှစ်ခုပဲ စစ်ရမှာ။ လောဘနဲ့တိုင်းမယ်၊ စစ်မယ်။ စစ်လိုက်လို့ လောဘကြီးတယ်ဆိုရင် ငွေငမ်းငမ်းတက်တယ်ဆိုရင် ဒါဟာ အဓမ္မကြီးပဲ။

လိုချင်စိတ်မရှိဘူး၊ ငြင်းပယ်တယ်၊ တော်ပါပြီ ဒီလောက်ဆိုရင်။ စီးပွားရေးပြည့်စုံရဲ့လား အတင်းလှူရင်တောင် ချင့်ချိန်ပြီး လက်ခံတာမျိုး။ ဒါမှ ကြည်ညိုစရာကောင်းမှာ။ တရားပွဲကမှ မစသေးဘူး၊ သိန်းက ဘယ်နှထောင်လှူမှာတုန်း မေးတယ်။ ဘယ်လိုလုပ်မှာတုန်း။ 

ဒါကြီးက အပုပ်ကောင်ကြီးဆိုတာ သိသာသွားပြီ။ အဲဒီလိုပဲ ပြောချင်တာပဲ။ ပြည်သူတွေ အမေပေးတဲ့ ခေါင်းကို သုံးကြပါ။ သုံးပါများမှ ခေါင်းကထက်တယ်လို့ ပြောချင်တာ။ အသုံးမချတာ ကြာရင် ဒီခေါင်းကြီးက အသုံးမကျဘဲနဲ့ ခေါင်းပေါ် ခေါင်းတစ်လုံးတင်မကဘူး။ နှစ်လုံး၊ သုံးလုံး အကုန်ဆင့်ရုံပဲ ရှိတော့တာ။ 

ဘာကြားကြား။ နားလည်း နှစ်ခုထားတာ။ မျက်လုံးလည်း နှစ်ဖက်တပ်ထားတာ။ နှစ်ခု နားထောင်ကြည့်။ ဒါမှ ညီမျှခြင်းဖြစ်မှာ။ တစ်ဖက်သတ်ဆိုရင် တစ်လုံးတည်းကြည့်ရင် သိပ်မတည့်တော့ဘူး။ စွေစောင်းတွေ ဖြစ်ကုန်ကော။ အဲဒါပြောချင်တာပါပဲ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button