အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

အာဏာသိမ်းပြီးနောက် ဖမ်းခံထားရသည့် မြဝတီမင်းကြီးကျောင်းဆရာတော် ပြန်လွတ်လာ

အာဏာသိမ်းပြီး နောက်တစ်ရက်ဖြစ်သည့် ဖေဖော်ဝါရီ ၂ တွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် မန္တလေးမြို့မှ မြဝတီမင်းကြီးကျောင်းတိုက်ဆရာတော် အရှင်အရိယာဝံသာဘိဝံသ ယနေ့ (ဩဂုတ်၂) တွင် ပြန်လည်လွတ်မြောက်လာကြောင်း ယင်းကျောင်းတိုက်မှ သံဃာတော်အချို့က အတည်ပြုသည်။

အိုးဘိုထောင်၌ ထိန်းသိမ်းခံထားရသည့် မြဝတီမင်းကြီးကျောင်းတိုက်ဆရာတော်ကို လူဝတ်လဲကာ မတည်ငြိမ်မှုဖြစ်စေရန် လှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ ၅၀၅ – က ဖြင့်ပြည်ကြီးတံခွန်မြို့နယ်တရားရုံး၌ ဖေဖော်ဝါရီ ၃ ရက်တွင် ရုံးထုတ်ခဲ့ဖူးသည်။

မြဝတီမင်းကြီးကျောင်းတိုက်ဆရာတော် ပြန်လည်လွတ်မြောက်လာမှုနှင့် ပတ်သက်၍  အသေးစိတ်အခြေအနေကို မသိရသေးဘဲ ဆရာတော်ကို ဆက်သွယ်မေးမြန်းနိုင်ရန် ကြိုးပမ်းနေဆဲဖြစ်သည်။ ဆရာတော်သည် အာဏာမသိမ်းမီ ၂၀၁၉ စက်တင်ဘာလကတည်းက စစ်တပ်က စွဲဆိုထားသည့် အမှုကို ရင်ဆိုင်နေရသူဖြစ်သည်။ 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရလက်ထက်တွင် ဖျက်သိမ်းခံရသည့် အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ)ကို အမည်ပြောင်းထားသည့် ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းအဖွဲ့ကို စစ်တပ်က ကျပ်သိန်း ၃၀၀ လှူဒါန်းမှုနှင့် အခြားကိစ္စများတွင် ဝေဖန်ပြောဆိုမှုများကြောင့် ထောင် ၂ နှစ်အထိ ချခံရနိုင်သည့် အသရေဖျက်မှု ပုဒ်မ ၅၀၀ ဖြင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဒုဗိုလ်မှူးကြီးသော်တာထွေးက တရားလိုလုပ်၍ တရားစွဲခဲ့ခြင်းဖြစ်သည်။

မန္တလေးမြို့ ပြည်ကြီးတံခွန်တရားရုံးသို့ ရုံးချိန်းပေါင်း ၃၀ ခန့်အထိ သွားရောက်ရင်ဆိုင်ခဲ့ရပြီးနောက် အာဏာသိမ်းပြီးနောက်တစ်ရက်တွင် စစ်ကောင်စီက ဆရာတော်ကို လာရောက်ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။

အာဏာသိမ်းပြီးလျှင်ပြီးချင်း ဖမ်းဆီးခံခဲ့ရသည့် စစ်တပ်ကို ဝေဖန်သူ မန္တလေးမြို့မှ နောက်ထပ် နာမည်ကျော်ဆရာတော်တစ်ပါးဖြစ်သူ ဦးသောဘိတ (အလင်္ကာကြယ်)မှာမူ ပြန်လည်လွတ်မြောက်ခြင်း မရှိသေးပေ။

ဦးသောဘိတ (အလင်္ကာကြယ်)ကို အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ ၌ပင် သီတင်းသုံးရာ ပုသိမ်ကြီးမြို့နယ် မင်္ဂလာမြန်မာကျောင်းတိုက်သို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်လာပြီး တံခါးများကို ရိုက်ချိုး၍ ရိုက်နှက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ 

အာဏာသိမ်းမှု ခြောက်လကြာချိန်တွင် ပုဒ်မ ၅၀၅ ဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရသည့် ကျန်းမာရေး၊ ပညာရေးအပါအဝင် အစိုးရဝန်ထမ်းများ၊ နာမည်ကျော်ထင်ရှားသူအချို့ကို ယနေ့(ဩဂုတ် ၂)တွင် တစ်နိုင်ငံလုံး၌ လွှတ်ပေးရန်ရှိနေပြီး အသေးစိတ်အခြေအနေများကိုမူ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button