ရန်ကုန်မြို့၊ လှိုင်မြစ်တွင် ကျောက်ချရပ်နားထားသည့် စစ်ရေယာဉ်က ဒီဇင်ဘာ ၂၈ ရက် ည ၁၁ နာရီခန့်တွင် ပစ်ခတ်ဖောက်ခွဲခဲ့ရာ နေအိမ်များ တုန်ခါခဲ့ပြီး အထိတ်တလန့်ဖြစ်ခဲ့ရသည်ဟု လှိုင်မြစ်ကမ်းအနီးရှိ ရပ်ကွက်များတွင် နေထိုင်သူများက Myanmar Now ကို ပြောသည်။
ကြည့်မြင်တိုင်တစ်ဖက်ကမ်း၊ အလတ်ချောင်းကျေးရွာအနီး လှိုင်မြစ်လယ်တွင် ကျောက်ချရပ်နားထားသည့် စစ်ရေယာဉ် ၃၀၂ အနီးမှ ပစ်ခတ်သံများကြားရပြီးနောက် ကျယ်လောင်သည့် ပေါက်ကွဲသံပေါ်လာခြင်းဖြစ်ကြောင်း ထိုပေါက်ကွဲသံကြောင့် နေအိမ်ပါ တုန်ခါသွားခဲ့ရကြောင်း အလတ်ချောင်းကျေးရွာတွင် နေထိုင်သူတစ်ဦးက ဆိုသည်။
“ရေလယ်ကောင်မှာ ကျောက်ချပြီးတော့ သေနတ်လည်း လေး၊ ငါးချက်ဖောက်တယ်။ ၁၁ နာရီဝန်းကျင်လောက်မှာ အုန်းဆိုတဲ့ အသံကြီးက အဲဒီသင်္ဘောက ဖောက်လိုက်တာ။ မြစ်ထဲကဖြစ်တဲ့အတွက်ကြောင့် ရပ်ကွက်တွေထဲမှာ အိမ်တွေ တုန်သွားတယ်ဆိုတာက ရေတွေက လှိုက်ပြီးကို ဖြစ်တာလေ” ဟု ၎င်းက ပြောသည်။
ထိုစစ်ရေယာဉ် ၃၀၂ မှာ လှိုင်မြစ်အတွင်း ကင်းလှည့်ရေယာဉ်ဖြစ်ပြီး အလတ်ချောင်းကျေးရွာအနီး လှိုင်မြစ်လယ်တွင် ဒီဇင်ဘာ ၂၈ နံနက်ပိုင်းကတည်းက ကျောက်ချရပ်နားနေခြင်းဖြစ်သည်ဟု ဆိုသည်။
“ရန်ကုန်မှာက ၉ နာရီကျော်နဲ့ ၁၀ နာရီဝန်းကျင်တွေမှာ ပေါက်ကွဲမှုတွေဖြစ်သွားတာလေ။ ဖြစ်သွားတဲ့ မရှေးမနှောင်းမှာပဲ နာရီဝက်ကြားလောက်မှာပဲ အဲဒီမှာ ကျွန်တော်တို့ဘက်ကနေပြီးတော့ အသံအကျယ်ကြီးကြားရတယ်။ ဘယ်ရပ်ကွက်ကလဲ မသိဘူးဆိုပြီးတော့ ဖြစ်သွားတာ” ဟု အလတ်ချောင်းကျေးရွာတွင် နေထိုင်သူက ပြောသည်။
ထိုပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရမှုများ မရှိခဲ့သော်လည်း ဒေသခံများ ထိတ်လန့်ကြရသည်ဟု ၎င်းက ဆိုသည်။
အလတ်ချောင်းကျေးရွာတွင် နေထိုင်သူ အသက် ၄၀ အရွယ် အထက်ပါအမျိုးသားက ထိုပေါက်ကွဲသံကြောင့် အိမ်တုန်ခါသွားခဲ့ပြီး အပြင်ထွက်ကြည့်ရန် လုံခြုံရေးအခြေအနေအရ မဖြစ်နိုင်ကြောင်း လှိုင်မြစ်အတွင်း ကျောက်ချရပ်နားထားသည့်ရေယာဉ်မှ ပစ်ခတ်ခြင်းဖြစ်သည်ဟု ယူဆကြောင်း ပြောသည်။
“အကုန်လုံးဖြစ်သွားတာပေါ့။ ရုတ်ရုတ်သဲသဲဖြစ်သွားတာပေါ့။ ညအချိန်မတော်ကြီးဆိုတော့ အကုန်လုံး လန့်ကုန်ကြတာပေါ့” ဟု ၎င်းက ပြောသည်။
ဒီဇင်ဘာ ၂၈ နှင့် ၂၉ တွင် ရန်ကုန်မြို့အနှံ့ ပေါက်ကွဲမှုများ ၈ ကြိမ်ဖြစ်ပေါ်ခဲ့ပြီး ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့က ၎င်းတို့ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားခဲ့ပြီး ညပိုင်းတွင် စစ်ရေယာဉ်မှ ဖောက်ခွဲမှုပေါ်ထွက်လာခြင်း ဖြစ်သည်။
ထိုပေါက်ကွဲသံကို ကြားရသော်လည်း မည်သည့်နေရာမှလာသည့် ပေါက်ကွဲသံဖြစ်သည်ကို မသိရှိကြဘဲ ပေါက်ကွဲသံကြောင့် နေအိမ်များပင် တုန်ခါခဲ့သည်ဟု ရန်ကုန်မြို့ခံများက ၎င်းတို့၏ Facebook စာမျက်နှာများတွင် ရေးသားထားသည်။
စမ်းချောင်းမြို့နယ်တွင် နေထိုင်သူ အမျိုးသမီးတစ်ဦးကလည်း ၎င်းနေထိုင်ရာမြို့နယ်မှပင် ထိုပေါက်ကွဲသံ ကြားခဲ့ရပြီး မည်သည့်နေရာမှ ပေါက်ကွဲသံဖြစ်သည်ကို မသိရှိရသေးကြောင်း ပြောသည်။
“အကျယ်ကြီးကြားတာ သူ့ရှေ့က ပေါက်တဲ့ အလုံးတွေကျတော့ သိပ်မကျယ်ဘူး။ အဲဒီအချိန်ပေါက်တာက အကျယ်ဆုံးပဲ” ဟု ၎င်းက ပြောသည်။
ထိုပေါက်ကွဲသံကြောင့် နေထိုင်ရာတိုက်ခန်း တုန်ခါသွားခဲ့ပြီး သီရိမင်္ဂလာစျေး၏ အနောက်ဘက် လှိုင်မြစ်ထဲမှ ထွက်ပေါ်လာသည်ဟု ယူဆကြောင်း၊ ထိုအချိန်က လုံခြုံရေးအခြေအနေကြောင့် ထွက်ကြည့်ရန် မဖြစ်နိုင်ခဲ့ဟု အလုံမြို့နယ်တွင် နေထိုင်သူတစ်ဦးက ဆိုသည်။
“ဟိုဘက်ကမ်းကသူတွေဆိုရင် ၇ နာရီဆိုရင် လုံးဝ အပြင်ထွက်လို့မရတော့ဘူး။ ဒီဘက်ကမ်းကဆိုရင်လည်း ရှေ့မှာ Asia World (အေရှားဝေါ) ဝင်းကြီး ခံနေတဲ့အတွက် အဲဒီဘက်ကို သွားလို့မရဘူး။ အသံပဲကြားရတာ မမြင်ရဘူး” ဟု ၎င်းက ပြောသည်။
ကြည့်မြင်တိုင်မြို့နယ်အတွင်းရှိ စစ်ကောင်စီကို တော်လှန်သူ မြို့ပြပြောက်ကျားအဖွဲ့များအချင်းချင်း ချိတ်ဆက်မှုရှိပြီး ထိုပေါက်ကွဲမှုမှာ ၎င်းတို့အဖွဲ့များနှင့် မသက်ဆိုင်ကြောင်း ကြည့်မြင်တိုင်မြို့နယ်ခံ မြို့ပြပြောက်ကျားအဖွဲ့ဝင်တစ်ဦးက ပြောသည်။
“ဒီဘက်ခြမ်းမှာ ဖောက်ခွဲရေးလှုပ်ရှားနေတာက ကျွန်တော်တို့ပဲရှိတာ။ ဒီနယ်မြေမှာ လုပ်တဲ့အဖွဲ့တွေက ကျွန်တော်တို့နဲ့ ချိတ်ဆက်ထားတဲ့အခါကျတော့ တစ်ယောက်မဟုတ် တစ်ယောက်ကို လှမ်းမေးလို့ရတယ်” ဟု ၎င်းက ပြောသည်။
သို့သော်လည်း ဒီဇင်ဘာ ၂၈ ညက စစ်ကောင်စီစခန်းများ တိုက်ခိုက်ခံရ၍ စစ်ကောင်စီရေတပ်က ရန်ကုန်မြို့ခံလူထုကို ထိတ်လန့်စေရန် ခြိမ်းခြောက်ဖောက်ခွဲခြင်းဟု ယူဆကြောင်း ၎င်းက ဆိုသည်။
“ဒီကောင်တွေ မြစ်ထဲမှာ သောက်စားပြီးတော့ ထောင်ဖောက်လိုက်တာပဲလား၊ ရေထဲကို ပစ်ချလိုက်တာပဲလားတော့ မသိဘူး။ အသံကြီးကတော့ တော်တော်ကြီး ဟိန်းသွားတယ်” ဟု ၎င်းက ပြောသည်။
တွံတေးမြို့ခံ မြို့ပြပြောက်ကျားအဖွဲ့တစ်ခုဖြစ်သည့် PDF Twantay – Ranger အဖွဲ့က ယခုရက်ပိုင်းအတွင်း လက်လုပ်ရေမြှုပ်မိုင်း စမ်းသပ်ဖောက်ခွဲမှုများရှိသော်လည်း ဒီဇင်ဘာ ၂၈ ညပိုင်း ပေါက်ကွဲမှုမှာ ၎င်းတို့နှင့် မသက်ဆိုင်ကြောင်း Myanmar Now ကို ပြောသည်။
“အချိတ်အဆက်ရှိတဲ့ အဖွဲ့တစ်ဖွဲ့မှ မဟုတ်ရင်တော့ စစ်ကောင်စီပါပဲ” ဟု ၎င်းက Facebook Messenger မှတစ်ဆင့် ပြောသည်။
ထိုပေါက်ကွဲမှုနှင့် ပတ်သက်၍ စစ်ကောင်စီကို ဆက်သွယ်မေးမြန်းသော်လည်း လက်ခံဖြေကြားခြင်း မရှိသေးပေ။
ရန်ကုန်တိုင်းစစ်ဒေသကွပ်ကဲရေးအဖွဲ့က “ပျံလွှားအောင်စစ်ဆင်ရေး” အမည်ဖြင့် ဒီဇင်ဘာ ၂၅ မှ ၂၈ အတွင်း ရန်ကုန်ရှိ မြို့နယ် ၈ မြို့နယ်ရှိ စစ်ကောင်စီအခြေစိုက်စခန်းများကို တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူများလည်းရှိသည်ဟု ဒီဇင်ဘာ ၂၉ တွင် ထုတ်ပြန်သည်။
ပြည်သူ့ခုခံစစ်စတင်ကြောင်း အမျိုးသားညီညွတ်ရေး (NUG) က ကြေညာသည့် စက်တင်ဘာ ၇ ရက်မှစ၍ NUG ၏ ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့က ရန်ကုန်၊ ပဲခူးနှင့် ဧရာဝတီ စသည့် တိုင်း ၃ တိုင်းတွင် ‘ပျံလွှားအောင်’ ဟု အမည်ပေးထားသော စစ်ဆင်ရေးဖြင့် စစ်ကောင်စီကို ပစ်မှတ်ထားတိုက်ခိုက်နေသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)