
အပြင်းအထန်တိုက်ပွဲဖြစ်နေသည့် ကရင်ပြည်နယ် လေးကေ့ကော်ဒေသတွင် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ကို ဖမ်းဆီးရမိထားရာ ၎င်းတို့ကို စစ်မြေပြင်စည်းကမ်းများနှင့်အညီ လူသားဆန်ဆန် ဆက်ဆံသွားမည်ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) တာဝန်ရှိသူက ဆိုသည်။
စစ်ကောင်စီဘက်မှ တပ်ခွဲမှူးအရာရှိအပါအဝင် တပ်ဖွဲ့ဝင် ၇ ဦးကို လက်နက်များနှင့်အတူ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) က ယမန်နေ့ (ဒီဇင်ဘာ ၃၀) တွင် လေးကေ့ကော်မြို့သစ်တောင်ဘက် ငါးမိုင်အကွာ ရသေ့ကျေးရွာအနီးတွင် ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပတ်သက်၍ KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးကို ယနေ့ (ဒီဇင်ဘာ ၃၁) နံနက်ပိုင်းတွင် Myanmar Now က ဆက်သွယ်မေးမြန်းရာ “ကျွန်တော်တို့လက်ထဲမှာ ရောက်နေတဲ့လူတွေကို လူပီသစွာ ဆက်ဆံဖို့ အဓိကလုပ်ဆောင်သွားပါမယ်။ လူသားဆန်ဆန်ရှိဖို့ဆိုတာ ကျွန်တော်တို့တပ်တွေကို သင်တန်းပေးထားပြီးသားပါ” ဟု ပြောသည်။
စစ်မြေပြင်တွင် စောင့်ထိန်းလိုက်နာရမည့် စည်းကမ်းများအပြင် နိုင်ငံတကာတွင် ကျင့်သုံးသည့် လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေများနှင့် ပတ်သက်၍လည်း တပ်ဖွဲ့ဝင်များကို သင်တန်းပေးထားပြီးဖြစ်သည်ဟု ပဒိုစောတောနီးက ပြောသည်။
“ကျွန်တော်တို့တပ်တွေကို စံချိန်စံညွှန်းနဲ့ညီတဲ့ တပ်တစ်ခုဖြစ်အောင် အမြဲတမ်းကြိုးစားနေပါတယ်။ ဖမ်းထားတဲ့သူတွေကို အန္တရာယ်မဖြစ်အောင် နိုင်ငံတကာအက်ဥပဒေတွေနဲ့အညီ လုပ်သွားပါမယ်” ဟုလည်း ၎င်းက ဖြည့်စွက်ပြောကြားသည်။
ထိုင်း – မြန်မာနယ်စပ် မြဝတီမြို့အနီးရှိ လေးကေ့ကော်မြို့သစ်တွင် တိုက်ပွဲများ စတင်ဖြစ်ပွားသည့် ဒီဇင်ဘာ ၁၆ ရက်ကလည်း စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ၂၇၅ မှ တပ်ဖွဲ့ဝင် ၆ ဦးနှင့် စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၂ ဦးကို KNLA က ဖမ်းဆီးရမိခဲ့သည်။
လေးကေ့ကော်မြို့သစ်တစ်ဝိုက်တွင် ဖြစ်ပွားနေသော တိုက်ပွဲများနှင့် ပတ်သက်၍ စစ်ကောင်စီ၏ ဒီဇင်ဘာ ၂၈ ရက်ထုတ်ပြန်ချက်တွင် တိုက်ပွဲပေါင်း ၂၅ ကြိမ်ဖြစ်ပွားကာ လေးကေ့ကော်မြို့သစ်မှလွဲ၍ ထီးမယ်ဝါးခီး၊ မဲထော်သလေး၊ အင်ကြင်းမြိုင်၊ မင်းလက်ပံနှင့် ဖလူးကျေးရွာများကို ထိန်းချုပ်ထားနိုင်ပြီဟု ဆိုထားသည်။
စစ်ကောင်စီက ထိုသို့ထုတ်ပြန်ခဲ့သော်လည်း လေးကေ့ကော်ဒေသတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားကာ စစ်တပ်က မြေပြင်စစ်ကြောင်းများအပြင် လက်နက်ကြီးပစ်ကူနှင့် လေကြောင်းမှပါ အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေသည်။
လေးကေ့ကော်မြို့သစ်တစ်ဝိုက်တွင် တိုက်ပွဲများဖြစ်နေသည်မှာ သီတင်းနှစ်ပတ်ကျော်ရှိလာပြီး စစ်ကောင်စီတပ်က ယနေ့ (ဒီဇင်ဘာ ၃၁) တွင်လည်း နံနက်အစောပိုင်းမှစ၍ လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည်ဟု ပဒိုစောတောနီးက ပြောသည်။
“တိုက်ပွဲကတော့ နေ့တိုင်းလိုလို ဖြစ်နေတယ်။ မနေ့ကလည်း ဖြစ်တယ်။ ဒီနေ့မနက်လည်း လက်နက်ကြီးတွေ အရမ်းကျနေတယ်လို့ ပြောတယ်။ မနက်မိုးလင်း ၆ နာရီကတည်းက ပစ်နေတာ။ အခုလည်း ပစ်နေတာ။ အသေးစိတ်အခြေအနေတော့ မသိရသေးဘူး” ဟု ၎င်းက ပြောသည်။
လေးကေ့ကော်မြို့သစ်အနီးတွင် ယမန်နေ့က ဖမ်းဆီးရမိသည့် တပ်ဖွဲ့ဝင် ၇ ဦးကို ပြန်လွှတ်ပေးရန် စစ်ကောင်စီဘက်က တောင်းဆိုနေသည်ဟု စစ်မြေပြင်ရှိ KNLA/PDF ပူးပေါင်းတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တစ်ဦးက ယနေ့ နံနက်ပိုင်းတွင် ပြောသည်။
“ပြန်လွှတ်ပေးဖို့ တောင်းတော့တောင်းနေတယ်။ သူတို့က အရှက်မရှိဘူး။ အရင်တစ်ခေါက်မိတော့ သူတို့စစ်သားမဟုတ်ဘူး။ ယူနီဖောင်းအသစ်ပေးထားတယ်တဲ့။ စစ်သားကိုတောင် စစ်သားမဟုတ်ဘူးဆိုပြီး ကျွန်တော်တို့ကို ပြောတာ။ အခုတစ်ခေါက်လည်း သေချာတော့ မသိရဘူး။ လူကြီးဆီကနေတစ်ဆင့် တောင်းတာပဲ ကြားတယ်” ဟု အထက်ပါတပ်ဖွဲ့ဝင်က ဆိုသည်။
ဖမ်းမိထားသည့် တပ်ဖွဲ့ဝင်များကို ပြန်လွှတ်ပေးရန် တောင်းဆိုမှုနှင့် ပတ်သက်၍ “ဟိုတောင်းလိုက်၊ ဒီတောင်းလိုက် သတင်းတွေနဲ့ ပတ်သက်ပြီး ဘာစိတ်ကူးပေါက်လဲတော့ မသိဘူး။ ကျွန်တော်လည်း မကြားမိသေးဘူး” ဟု ပဒိုစောတောနီးက ပြောသည်။
ကရင်ပြည်နယ်အပါအဝင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ခုခံတော်လှန်ရေးတိုက်ပွဲများ အရှိန်မြင့်သထက်မြင့်တက်နေချိန်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် (NCA) ကို လိုက်နာရန် စစ်ကောင်စီက ထုတ်ပြန်သည်။
စစ်ကောင်စီ၏ ယမန်နေ့ထုတ်ပြန်ချက်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေးကို လာမည့် ဖေဖော်ဝါရီလကုန်အထိ သက်တမ်းတိုးထားကြောင်းလည်း ဖော်ပြထားသည်။
အာဏာသိမ်းစစ်တပ် NCA က စာချုပ်ဖြင့် ခြိမ်းခြောက်သတိပေးရင်း တိုင်းရင်းသားဒေသများအပါအဝင် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းအတွင်း ဖြစ်ပွားနေသော တိုက်ပွဲများတွင် မြို့ရွာများကို မီးရှို့ဖျက်ဆီးခြင်းနှင့် ဒေသခံများကို ဖမ်းဆီးသတ်ဖြတ်ခြင်းများ နေ့စဉ်ရက်ဆက် ကျူးလွန်နေသည်။
တိုက်ပွဲဖြစ်ပွားရာနေရာတွင် စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ကူနှင့် မြေပြင်စစ်ကြောင်းများအပြင် လေကြောင်းဖြင့်ပါ အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေသည်။
စစ်အာဏာသိမ်းပြီးကတည်းက NCA စာချုပ် ပျက်ပြယ်သွားပြီဖြစ်ကြောင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တာဝန်ရှိသူအချို့က ထုတ်ဖော်ပြောဆိုထားသည့်နည်းတူ စစ်ကောင်စီထုတ်ပြန်ချက်များမှာ မိုးလုံးပြည့်မုသာဝါဒသာဖြစ်ကြောင်း KNU တာဝန်ရှိသူက တုံ့ပြန်ထားသည်။
စစ်ကောင်စီ၏ ပြင်းထန်သော ထိုးစစ်ကြောင့် ကရင်ပြည်နယ်အတွင်းရှိ ဒေသခံ တစ်သောင်းခွဲကျော်မှာ နေရပ်စွန့်ခွာကာ ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။ ထို့အတူ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းအနောက်ခြမ်းတွင်လည်း စစ်ကောင်စီရန်ကြောင့် ထောင်ပေါင်းများစွာသော ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြသည်။
စစ်ကိုင်းတိုင်းအတွင်း မြို့ရွာအချို့တွင် စစ်ကောင်စီက လေယာဉ်ဖြင့် ဖြန့်ဝေသည့် သတိပေးစာများတွင် “မင်းတို့ မြို့တွေရွာတွေ အပျက်ခံကြမှာလား” ဟု ခြိမ်းခြောက်ရေးသားထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)