စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းအတွင်း တပ်အပြောင်းအရွှေ့လုပ်ရာတွင် စစ်ကောင်စီတပ်သားတချို့က တိုက်ခိုက်ခံရမှုရှောင်ရှားနိုင်ရန် သင်္ကန်းဝတ်၍ သွားလာနေကြသည်ဟု PDF ခေါ် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက Myanmar Now ကို ပြောသည်။
ဒေသတွင်း သွားလာနေသော မော်တော်ယာဉ်များပေါ်တွင် စစ်သားများ၊ စစ်ကောင်စီလက်ကိုင်တုတ် ပျူစောထီးအဖွဲ့ဝင် လူရမ်းကားများ ထိုသို့ သွားလာနေသည်ကို မကြာသေးမီကမှ သိရသည်ဟု တန့်ဆည်-Tiger အဖွဲ့ခေါင်းဆောင် ဗိုလ်ကျားက ဆိုသည်။
“ကျွန်တော်တို့က လမ်းသွားလမ်းလာတွေကို မိုင်းဆွဲတဲ့အတွက်ကို သူတို့က ဘုန်းကြီးဟန်ဆောင်ပြီးတော့ သွားတာပါ”ဟု ဗိုလ်ကျားက ပြောသည်။
စစ်တပ်က သင်္ကန်း လိုက်လံဝယ်ယူနေသည်ဟု သတင်းရရှိကြောင်း၊ ပဋိပက္ခကို ရှောင်ရှားနိုင်ရန် ဒေသတွင်း PDF အဖွဲ့များ ညှိနှိုင်းထားကြောင်း ၎င်းက ဆက်ပြောသည်။
“ကျွန်တော်တို့အဖွဲ့အစည်းတွေက ကျေးရွာတွေတော်တော်များများမှာ ရှိပါတယ်။ ဘယ်ဘုန်းကြီး ဘယ်ကို သွားမယ်ဆိုရင်တောင်မှ ကျွန်တော်တို့က အဲဒါကို သတင်းပေးပြီးမှ ထွက်ကြပါဆိုတာကို မေတ္တာရပ်ခံချက် ထုတ်ပြီးသားပါ” ဟု ၎င်းက ဆိုသည်။
ချင်းတွင်းမြစ်အရှေ့ဘက်ကမ်း တန့်ဆည်မြို့နယ်ကဲ့သို့ပင် ခုခံစစ်အားကောင်းသည့် မြစ်အနောက်ဘက်ကမ်း PDF များမှာလည်း ထိုအခြေအနေမျိုးနှင့် ရင်ဆိုင်နေရသည်ဟု ဆိုသည်။
သင်္ကန်းအကာအကွယ်ယူထားသူများ ပါဝင်နေသော စစ်ကြောင်းအရွှေ့အပြောင်းကို တိုက်ခိုက်ခြင်း မပြုပါက PDF များ နစ်နာမည်ကို သိသော်လည်း တင်းတင်းကျပ်ကျပ် ကိုင်တွယ်ရခက်ခဲနေကြောင်း ယင်းမာပင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
“ဘုန်းကြီးတွေ အစစ်အမှန်ကို မိုင်းခွဲလိုက်မိရင်လည်း ကျွန်တော်တို့က ယူကျုံးမရဖြစ်မယ်” ဟု အမည်မဖော်လိုသော ထိုတပ်ဖွဲ့ဝင်က ဆိုသည်။
မြေပြင်မှ သတင်းပို့ချက်အရ ဘုန်းကြီးအတုများ တင်ဆောင်လာသည့် မော်တော်ယာဉ်များသည် ဒီဇင်ဘာ ၂၅ တွင် မုံရွာမှ ထွက်ခွာလာပြီးနောက် ချင်းတွင်းမြစ်အနောက်ဘက်ကမ်းရှိ ကြေးနီစီမံကိန်းရှိရာ ကုမ္ပဏီများအနီး ပျောက်ကွယ်သွား၍ ဆက်လက်စုံစမ်းနေရသည်ဟု ၎င်းက ဆက်ပြောသည်။
“အဲဒီနားမှာ ကုမ္ပဏီတွေထဲ ဝင်လိုက်ထွက်လိုက်နဲ့ သူတို့အတွက်က နေရာတွေရှိတယ်။ အဲဒီကြားထဲမှာ ပျောက်နေတယ်။ မြင်တဲ့သူက တောက်လျှောက်သတင်းပို့တာ” ဟု ၎င်းက ဒီဇင်ဘာ ၂၄ တွင် ပြောသည်။
စစ်ကိုင်းတိုင်းနှင့် ချင်းတောင်တန်းတို့အကြားရှိ တောင်တန်းနှင့် ချိုင့်ဝှမ်းများ ပေါများသည့် ယောဒေသမှာ စစ်ကောင်စီ၏ တပ်များကို ပြောက်ကျားတိုက်ခိုက်ရာတွင် နာမည်ကျော်သည့် ဒေသတစ်ခု ဖြစ်သည်။
ယောဒေသတွင်လည်း ဒီဇင်ဘာလဆန်းမှစ၍ သင်္ကန်းဝတ်ခရီးသွားအရေအတွက် များလာသည်၊ မဖြစ်မနေခရီးသွားရန် လိုအပ်ပါက သာသနာ့ဝန်ထမ်းမှတ်ပုံတင်များ ယူဆောင်လာကြရန် ပန်ကြားထားရသည်ဟု ယောဒေသပြည်သူ့ကာကွယ်ရေးတပ် (YDF) ပြန်ကြားရေးတာဝန်ခံက ပြောသည်။
“သံဃာအတုတွေ သွားလာနေတာကို တွေ့ရတယ်။ သံဃာအတုလို့ ဘာကြောင့်ပြောနိုင်လဲဆိုတော့ ရဟန်းသံဃာများတဲ့ ကျောင်းတွေလည်း ယောဒေသမှာ မရှိဘူး။ ပွဲလမ်းသဘင်တွေလည်း မရှိဘဲနဲ့ သွားနေကြတာ” ဟု ယောဒေသပြည်သူ့ကာကွယ်ရေးတပ် (YDF) ၏ သတင်းပြန်ကြားရေးတာဝန်ခံက ပြောသည်။
ထိုဘုန်းကြီးတုများမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများသာ ဖြစ်နိုင်ပြီး ယောဒေသသို့ စစ်ကောင်စီရဟတ်ယာဉ်များ မကြာခဏ လာရောက်ဆင်းသက်ချိန်တွင် သယ်ဆောင်လာခြင်း ဖြစ်သည်ဟု ၎င်းက ပြောသည်။
စစ်အာဏာရှင်အဆက်ဆက်တွင် ဘုန်းကြီးတုများကို အသုံးပြုပြီး အဓိကရုဏ်းများ ဖန်တီးလေ့ရှိသည်ဟု စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သူ ဆရာတော်များက ထောက်ပြကြသည်။
ပျူစောထီးအဖွဲ့ဝင်များသည် ဖျက်သိမ်းခံထားရသော်လည်း ကွန်ရက်ချိတ်ဆက်မှုရှိနေဆဲဖြစ်သည့် အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) အဖွဲ့ဝင်များနှင့် ဆက်စပ်နေသည်ဟုလည်း အများအပြားက ယူဆကြသည်။
စစ်ကောင်စီက ဘုန်းကြီးအတုများအသုံးပြုကာ ဒေသခံ PDF အဖွဲ့ဝင်များနှင့် ပြည်သူလူထုကို သွေးခွဲသပ်လျှိုပြီး ပြဿနာဖန်တီးသွားမည်ကို စိုးရိမ်ကြောင်း ဆရာတော်ဦးဣဿရိယ (ခေါ်) မင်းသုညက မိန့်သည်။
“စစ်ကိုင်းဘက်မှာဆိုရင်လည်း သင်္ကန်းဝတ်တွေပေါ့၊ ခုမှ ခေါင်းတုံးစိမ်းတွေ၊ လိုက်သွားနေတဲ့ ဥစ္စာတွေ အများကြီးတွေ့ရတယ်။ ဒါတွေက ဘယ်သူတွေနဲ့ ချိတ်ဆက်နေလဲဆိုရင် ပျူစောထီးတွေပေါ့။ ပျူစောထီးက ဘယ်သူနဲ့ ချိတ်ဆက်လဲဆိုရင်တော့ မဘသပေါ့” ဟု ၎င်းက မိန့်သည်။
“ဘုန်းကြီးဝတ်ပြီးတော့ လက်နက်တွေသယ်တာတွေ၊ စစ်သားတွေသယ်ပေးတာတွေက လုံးဝ ကောင်းတဲ့ကိစ္စတွေ မဟုတ်ပါဘူး။ သာသနာကို စစ်အာဏာရှင်က ခုတုံးလုပ် ချနင်းနေတာ။ သူတို့လည်း နာမည်ပျက်၊ သာသနာလည်း မျက်နှာပျက်တဲ့ ကိစ္စမျိုးတွေပေါ့”
ဘာသာရေးအသုံးချပြီး အနိုင်ကျင့်နှိပ်စက် သတ်ဖြတ်နေသော စစ်ကောင်စီကို ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချကြောင်း သံဃသမဂ္ဂ (မန္တလေး) က ဒီဇင်ဘာ ၂၄ တွင် ထုတ်ပြန်ထားသည်။
စစ်တပ်က ဒေသအသီးသီးရှိ သာသနိကအဆောက်အအုံများတွင် တပ်စွဲနေထိုင်ပြီး အကြမ်းဖက်မှုများကျူးလွန်နေကြောင်း၊ သင်္ကန်းဝတ်နှင့် အကြမ်းဖက်လာမည့် ဘေးအန္တရာယ်ကို ရှောင်ရှားနိုင်ကြရန် အသိပေးလိုကြောင်း ထိုထုတ်ပြန်ချက်တွင် ပါရှိသည်။
စစ်ကောင်စီက ဗုဒ္ဓဘာသာအများစုရှိသော မြန်မာနိုင်ငံတွင် ဘာသာရေးနှင့် ဆက်စပ်သည့် ပဋိပက္ခဖန်တီးခြင်းဖြင့် ဆန့်ကျင်ဘက်အင်အားစုကို သွေးခွဲသပ်လျှိုရန် ကြိုးပမ်းနေသည်ဟု အာဏာသိမ်းမှုလက်မခံသူတချို့က ယူဆနေသည်။
သံဃာများသည် ခရီးသွားလာရာတွင် ဦးစားပေး၊ အရိုအသေပေးခံရသောသူများ ဖြစ်သည်။ သင်္ကန်းကို မကောင်းသောရည်ရွယ်ချက်နှင့် အလွဲသုံးစားပြုပြီး ပေါ်ပေါက်လာနိုင်သည့် နောက်ဆက်တွဲပြဿနာများအတွက် စိတ်မသက်မသာဖြစ်ရသည်ဟု သံဃာတချို့က အင်တာနက်လူမှုကွန်ရက်တွင် ရေးသားနေကြသည်။
ထိုသို့ ယူဆပြောဆိုမှုများနှင့် ပတ်သက်ပြီး စစ်ကောင်စီ ပြန်ကြားရေးတာဝန်ရှိသူတို့ထံမှ တုံ့ပြန်ချက်ရရှိရန် ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပေ။
မကြာသေးခင်လများအတွင်း စစ်ကောင်စီက ဆန္ဒပြသံဃာများကို ကားနှင့် ဝင်တိုက်ဖမ်းဆီးခြင်း၊ ကျောင်းတိုက်/စာသင်တိုက်များကို စီးနင်းခြင်း၊ အတင်းအကျပ် လူဝတ်လဲခိုင်းကာ ညှဉ်းပန်းနှိပ်စက်ခြင်း၊ ပုဒ်မမျိုးစုံတပ်ကာ တရားစွဲခြင်း စသည့် အမှုများကို ဆက်တိုက်ပြုလုပ်ခဲ့သည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များဟု ယူဆရသူတို့က PDF တို့ အထိနာ၊ အရေးနိမ့်နေသည်ဟု ရေးသားကာ အွန်လိုင်းလူမှုကွန်ရက်တွင် ဓာတ်ပုံများနှင့်တကွ ကျယ်ကျယ်ပြန့်ပြန့်ဝေမျှနေကြသည်၊ PDF တို့သည် ဘုန်းကြီးများကိုပင် သတ်ဖြတ်နေကြသူများ ဖြစ်သည်ဟုလည်း နေ့စဉ်ရက်ဆက် ရေးသားရှုတ်ချနေကြသည်ကို တွေ့မြင်နေရသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)