
အာဏာသိမ်းစစ်ကောင်စီက ထိန်းချုပ်ထားနိုင်ပြီဟု ကြေညာထားသည့် ကရင်ပြည်နယ် လေးကေ့ကော်ဒေသတွင် အရာရှိနှစ်ဦးအပါအဝင် စစ်ကောင်စီဘက်မှ တပ်ဖွဲ့ဝင် ၇ ဦးကို ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံတပ်က ယနေ့ (ဒီဇင်ဘာ ၃၀) ဖမ်းဆီးထိန်းသိမ်းခဲ့သည်။
အိမ်စီးကားဖြင့် နေရာရွှေ့ပြောင်းလာသည့် တပ်ခွဲမှူးအပါအဝင် စစ်ကောင်စီအဖွဲ့ဝင် ၇ ဦးကို လေးကေ့ကော်မြို့တောင်ဘက် ၅ မိုင်အကွာ ရသေ့ဂူကျေးရွာဝန်းကျင်တွင် ဖမ်းဆီးရမိခြင်းဖြစ်သည်ဟု KNU ၏ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ကို ကိုးကား၍ ဒေသအခြေစိုက် KIC သတင်းဌာနက ရေးသားသည်။
လက်နက်များနှင့်အတူ ဖမ်းဆီးရမိထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလည်း KIC သတင်း၌ ဖော်ပြထားသည်။
ဗိုလ်ကြီးတစ်ဦးနှင့် တပ်ကြပ်တစ်ဦးပါဝင်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို KNLA စစ်ဆေးရေးဂိတ်တစ်ခုကို ဖြတ်သန်းသွားလာစဉ် ဖမ်းဆီးလိုက်ခြင်းဖြစ်သည်ဟု ထိုဒေသတွင် KNU ၏ ပူးပေါင်းတပ်ဖွဲ့များနှင့်အတူ တိုက်ပွဲဝင်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) အဖွဲ့ဝင်တစ်ဦးက ပြောသည်။
“ကားရော လူရော၊ လက်နက်တွေပါတယ်။ သူတို့ကို မေးတော့ ရိက္ခာလာပို့တာ။ ကျန်တာမသိဘူးလို့ ပြောတယ်။ ကျန်တာတွေ မဖြေဘူး” ဟု အထက်ပါ PDF တပ်ဖွဲ့ဝင်က Myanmar Now ကို ပြောသည်။
ဖမ်းဆီးရမိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးမှာ ခြေမြန်တပ်ရင်း (ခမရ) ၂၇၅ မှဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။
KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးကို ဆက်သွယ်မေးမြန်းရာတွင် လေးကေ့ကော်ဒေသတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး တိုက်ပွဲအခြေအနေအသေးစိတ်နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦး ဖမ်းဆီးရမိသည့်အခြေအနေကို မသိရသေးကြောင်း ပြောသည်။
စစ်ကောင်စီက ဒီဇင်ဘာ ၂၈ ရက်တွင် ဓာတ်ပုံမှတ်တမ်းများနှင့်တကွ အကျယ်တဝင့်သတင်းထုတ်ပြန်ခဲ့ရာ၌ ဒီဇင်ဘာ ၁၅ ရက်မှစ၍ တိုက်ပွဲပေါင်း ၂၅ ကြိမ်ဖြစ်ပွားခဲ့ပြီး လေးကေ့ကော်မြို့သစ်မှလွဲ၍ ထီးမယ်ဝါးခီး၊ မဲထော်သလေး၊ အင်ကြင်းမြိုင်၊ မင်းလက်ပံနှင့် ဖလူးကျေးရွာများကို ထိန်းချုပ်နိုင်ပြီဟု ဆိုထားသည်။
ထို့ပြင် တိုက်ပွဲများအတွင်း လက်နက်ခဲယမ်းများနှင့် ဖမ်းဆီးရမိသူများလည်းရှိကာ KNU/PDF ပူးပေါင်းအဖွဲ့မှ ဖရိုဖရဲဆုတ်ခွာထွက်ပြေးလျက်ရှိသည်ဟု စစ်ကောင်စီ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်ကောင်စီ၏ သတင်းထုတ်ပြန်ချက်မှာ ၁၉၈၈ ခုနှစ်ကတည်းက အသုံးပြုလာသည့် ဝါဒဖြန့်ချိရေးစကားသာဖြစ်ပြီး မိုးလုံးပြည့်မုသာဝါဒသာဖြစ်ကြောင်း KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက တုံ့ပြန်ထားသည်။
လေးကေ့ကော်မြို့သစ်တောင်ဘက်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ကူအားကိုးဖြင့် အင်အား ၁၀၀ ခန့်ဖြင့် ခြေလျင်စစ်ကြောင်းထိုးလာရာ ထီးမယ်ဝါးခီးစခန်းအနီးတွင် ယနေ့ညနေပိုင်းအထိ တိုက်ပွဲဖြစ်နေကြောင်း PDF တပ်ဖွဲ့ဝင်က ဆိုသည်။
“သူတို့က ထိုးစစ်ဆင်လာတယ်။ ဒီဘက်က ပြန်ခုခံတယ်ပေါ့။ တိုက်ပွဲက ဒီနေ့ တစ်နေ့လုံးဖြစ်နေတာပေါ့။ မနေ့က ညကနေစပြီး စစ်ကြောင်းထိုးလာတယ်။ မနက်မိုးလင်းကတည်းက ပစ်ခတ်နေတာ။ လက်နက်ကြီးကတော့ တောက်လျှောက်ပစ်တယ်။ နှစ်ရက်ရှိပြီ လေယာဉ်လာတိုက်တာ မရှိဘူး” ဟု ၎င်းက ပြောသည်။
လေးကေ့ကော်ဒေသကို စစ်ကောင်စီက မြေပြင်စစ်ကြောင်းများနှင့် လက်နက်ကြီးများအပြင် လေကြောင်းဖြင့်ပါ အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်နေသည်မှာ သီတင်းနှစ်ပတ်ကျော်ရှိလာပြီဖြစ်သည်။
စစ်ကောင်စီ၏ လက်နက်ကြီးရန်ကြောင့် ဒေသခံများ နေရပ်စွန့်ခွာထွက်ပြေးရကြောင်း၊ လက်ရှိတွင် ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးတိမ်းရှောင်နေရသူ တစ်သောင်းခွဲဝန်းကျင်ရှိပြီဖြစ်ကြောင်း KNU ထံမှ သိရသည်။
လေးကေ့ကော်မြို့သစ်တွင် ခိုလှုံနေသော CDM လှုပ်ရှားမှုတွင် ပါဝင်နေသူများနှင့် လွှတ်တော်အမတ်အချို့ကို စစ်တပ်က အတင်းအကျပ်ဝင်ရောက်ဖမ်းဆီးရာမှ KNU ဦးဆောင်သော ပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည်။
လေးကေ့ကော်ဒေသတိုက်ပွဲများအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှုအခြေအနေကို မသိရသေးသော်လည်း စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားသုံးဦး သေဆုံးခဲ့သည်။
ထိုင်း – မြန်မာနယ်စပ်ရှိ လေးကေ့ကော်မြို့သစ်တစ်ဝိုက်တွင် ဖော်ထုတ်ဖမ်းဆီးခြင်းနှင့် လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည့်နည်းတူ စစ်တပ်က စစ်ကြောင်းများ တိုးလာနေသောကြောင့် တိုက်ပွဲများဆက်ဖြစ်မည်ဟု KNU တာဝန်ရှိသူက ဆိုထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)