သတင်း

ယောနယ်စပ် ပုလဲမြို့နယ်တွင် PDF အဖွဲ့က ပထမဆုံးအကြိမ် ဗုံးတပ်ဒရုန်းဖြင့်တိုက်

စစ်ကောင်စီက အပြင်းအထန်နှိမ်နင်းနေသည့် ယောဒေသအစပ် စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် စစ်တပ်ယာဉ်တန်းကို ဗုံးတပ်ဆင်ထားသည့် ဒရုန်းများဖြင့် ပထမဆုံးအကြိမ်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံ PDF အဖွဲ့က ယမန်နေ့ (ဒီဇင်ဘာ ၂၉) တွင် ထုတ်ပြန်သည်။ 

ပုလဲမြို့နယ်အတွင်းရှိ ရဲစခန်းတစ်ခုနှင့် ပုလဲ-ဂန့်ဂေါလမ်းပိုင်း ဖြတ်သန်းသွားလာနေသည့် စစ်တပ်ယာဉ်တန်းကို ဝေဟင်မှနေ၍ ဗုံးတပ်ဆင်ထားသော ဒရုန်းဖြင့် တိုက်ခိုက်ခြင်းဖြစ်ကာ ယမန်နေ့ တစ်ရက်တည်း၌ ငါးကြိမ်ပြုလုပ်ခဲ့ကြောင်း မုံရွာမြို့နယ် PDF ၏ တပ်ခွဲတစ်ခုဖြစ်သော အောင်ဆန်းတပ်ဖွဲ့၏ ထုတ်ပြန်ချက်က ဆိုသည်။​

“ကျွန်တော်တို့ ချတဲ့ ဗုံးတွေကတော့ ပစ်မှတ်ကို အကုန်ထိတယ်။ ဒါပေမဲ့ ထိခိုက်ကျဆုံးကတော့ သေချာမသိရဘူး။​ တော်တော်တော့ထိတယ်လို့ မြေပြင်က လူတွေက ပြောတယ်။ ပေါက်ကွဲအားလည်း ပြင်းတယ်လို့ ပြောတယ်” ဟု အောင်ဆန်းတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက Myanmar Now ကို ယနေ့ပြောသည်။

ယောဒေသမြောက်ပိုင်းနှင့် ထိစပ်နေသည့် ပုလဲမြို့နယ်တွင် အခြေစိုက်လှုပ်ရှားသည့် အောင်ဆန်းတပ်ဖွဲ့က ဓာတ်ပုံနှင့် ဗီဒီယိုရိုက်ကူးရေးသုံးဒရုန်းများကို ပြန်လည်ပြုပြင်၍ ဗုံးတပ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ပုလဲမြို့နယ်အနောက်ဘက် ၇ မိုင်အကွာရှိ ကန့်ဒေါင့်ရွာရဲစခန်းကို ယမန်နေ့ နံနက်ပိုင်းတွင် ဒရုန်းဖြင့် ဝေဟင်မှ ဗုံးတစ်လုံးချကာ စတင်တိုက်ခိုက်ခဲ့ကြောင်း၊ ထို့နောက် အင်အား ၅၀ ခန့်ပါသည့် စစ်ကောင်စီယာဉ်တန်းကို နှစ်ကြိမ်တိုင် ဒရုန်းဖြင့် ဗုံးဖြုတ်ချကာ တိုက်ခဲ့ကြောင်း အဆိုပါအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။​

ထို့ပြင် ယမန်နေ့ မွန်းလွဲပိုင်းနှင့် ညနေပိုင်းတွင် ဂန့်ဂေါဘက်မှ ပုလဲမြို့နယ်အတွင်း ဝင်လာသည့် နောက်ထပ် စစ်ကောင်စီယာဉ်တန်းတစ်ခုကိုလည်း ဒရုန်းဖြင့် နှစ်ကြိမ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။​

ပုလဲမြို့နယ်အခြေစိုက် စစ်ကောင်စီတော်လှန်ရေး ပြောက်ကျားတပ်ဖွဲ့တစ်ခုဖြစ်သော ပုံတော်တိုက်ဂါးအမည်ရ အဖွဲ့နှင့် ပူးပေါင်းကာ ဗုံးတပ်ဆင်ထားသည့် ဒရုန်းဖြင့် တိုက်ခိုက်ခြင်းဖြစ်ကြောင်းလည်း အဆိုပါအဖွဲ့၏ ထုတ်ပြန်ချက်က ဆိုသည်။ 

“အနားကို မကပ်နိုင်တဲ့အခါဆိုလို့ရှိရင် မိုင်းနဲ့ တိုက်ခိုက်တယ်။ ပြီးရင် လက်နက်ငယ်နဲ့ ကြားဖြတ်တိုက်ခိုက်တာပေါ့။ သူတို့ဘက်က ၁၂၀ မမ တွေအထိ သုံးလာတာတွေရှိတော့ အနားကပ်ဖို့ သိပ်မလွယ်တော့ဘူး။ အဲဒါကြောင့်​ ဝေဟင်ကနေ တိုက်ဖို့ စဉ်းစားဖြစ်ကြတယ်။ နည်းပညာအတွေ့အကြုံများတဲ့လူတွေနဲ့ အကောင်အထည်ဖော်လိုက်တာ” ဟု အောင်ဆန်းတပ်ဖွဲ့တာဝန်ရှိသူက ဆိုသည်။

ဗုံးသယ်ဆောင်နိုင်ရန် အဝေးထိန်းစနစ်ဖြင့် ရိုက်ကူးရေးဒရုန်းများကို ပြန်လည်ပြုပြင်တိုက်ခိုက်ရာတွင် တိုက်ခိုက်မှုတစ်ကြိမ်စာအတွက် ငွေကျပ်သိန်း ၃၀ ကုန်ကျသည်ဟုလည်း ၎င်းက ပြောသည်။​

“သူတို့က (စစ်တပ်) ပုလဲ-ဂန့်ဂေါလမ်းပိုင်းကို သုံးတာများတယ်။ ကျွန်တော်တို့ ရှိတဲ့အင်အားနဲ့ တိုက်ခိုက်ဖို့ ကြိုးစားပေမဲ့ အင်အားအလုံးအရင်းဆိုတော့ မတိုက်နိုင်ဘူးဖြစ်နေတာ။ အဝေးထိန်းစနစ်နဲ့ တိုက်နိုင်ဖို့ ကြိုးစားတာ” ဟု ၎င်းက ဆက်ပြောသည်။

အကြိမ်ကြိမ်စမ်းသပ်ခဲ့ပြီးမှသာ ဒရုန်းဖြင့် တိုက်ခိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ယမန်နေ့က တိုက်ခိုက်မှုမှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်းလည်း အောင်ဆန်းတပ်ဖွဲ့တာဝန်ရှိသူက ဆိုသည်။

စစ်ကောင်စီယာဉ်တန်းပေါ်သို့ ဗုံးဖြုတ်ချလိုက်ချိန်တွင် ဒရုန်းမှနေ၍ မှတ်တမ်းဓာတ်ပုံရိုက်ကူးထားနိုင်သော်လည်း ပုလဲမြို့နယ်အတွင်း အင်တာနက်ဖြတ်တောက်ခံထားရသောကြောင့် ပေးပို့နိုင်ခြင်း မရှိကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောကြားသည်။ 

ပထမဆုံးအကြိမ်တိုက်ခိုက်မှုအတွင်း ထိရောက်မှုအခြေအနေကို အတည်မပြုနိုင်သေးကြောင်း အဆိုပါတိုက်ခိုက်ရေးအဖွဲ့များ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ဗုံးတပ်ဆင်ထားသည့် ဒရုန်းဖြင့်တိုက်ခိုက်ရန် ပြင်ဆင်လျက်ရှိသည်ဟု မုံရွာမြို့နယ်အခြေစိုက် သံမဏိအမည်ရ ပြောက်ကျားအဖွဲ့ခေါင်းဆောင် ကိုသံမဏိဆိုသူက Myanmar Now ကို ပြောသည်။​

“ကျွန်တော်တို့က စမ်းသပ်နေတုန်းပဲ။ တိုက်ခိုက်ရေးမှာ မသုံးရသေးဘူး” ဟု ၎င်းက ပြောသည်။ 

မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်တို့ ထိစပ်ရာ ဒေသများတွင် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက စစ်ကောင်စီကို ရရာလက်နက်ဖြင့် အပြင်းအထန်ခုခံလျက်ရှိရာတွင် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် လှုပ်ရှားနေသည့် ပြောက်ကျားတပ်ဖွဲ့များလည်း ရှိနေသည်။ 

စစ်ကောင်စီကလည်း ၎င်းတို့ကို ခုခံတော်လှန်သူများကို မြေပြင်စစ်ကြောင်းများအပြင် လေကြောင်းဖြင့်ပါ အပြင်းအထန်လိုက်လံနှိမ်နင်းလျက်ရှိသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button