
ကရင်ပြည်နယ်၊ လေးကေ့ကော်ဒေသတွင် ဖြစ်နေသော တိုက်ပွဲများနှင့် ပတ်သက်၍ စစ်ကောင်စီ၏ ထုတ်ပြန်ရှင်းလင်းချက်မှာ မိုးလုံးပြည့်မုသာဝါဒသာဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) တာဝန်ရှိသူက တုံ့ပြန်ပြောဆိုလိုက်သည်။
မြေပြင်စစ်ကြောင်းများနှင့် လက်နက်ကြီးများအပြင် လေကြောင်းဖြင့်ပါ နေ့စဉ်ရက်ဆက် အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်နေချိန်တွင် စစ်ကောင်စီက ယမန်နေ့ (ဒီဇင်ဘာ ၂၈) တွင် နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့် သတင်းထုတ်ပြန်ရာ၌ မိမိကိုယ်မိမိ ခုခံကာကွယ်ရန်အလို့ငှာ အနည်းဆုံးအင်အား အသုံးပြုတိုက်ခိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။
ထိုထုတ်ပြန်ချက်နှင့် ပတ်သက်၍ KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးကို Myanmar Now က ယနေ့ နံနက်ပိုင်း ဆက်သွယ်မေးမြန်းရာတွင် ၁၉၈၈ ကတည်းက တောက်လျှောက်သုံးစွဲနေသည့် မိုးလုံးပြည့်မုသာဝါဒအတိုင်း ဝါဒဖြန့်ချိနေခြင်းသာဖြစ်ပြီး လက်ခံနိုင်စရာ တစ်ခုမှပင်မပါကြောင်း ပြောသည်။
“စစ်သားက စစ်သားလို စကားပြောစမ်းပါ။ မဟုတ်မဟတ်တွေ လျှောက်ပြောနေတာ တော်တော်သိက္ခာကျတဲ့အလုပ်ပဲ။ တကယ်တမ်း စစ်သားဆိုရင် စစ်သားပီပီ စကားကို ဖြောင့်ဖြောင့်မတ်မတ် ပြောစမ်းပါ” ဟု ၎င်းက ပြောသည်။
“ပလီပလာစကားတွေနဲ့ ကမ္ဘာကြီးကို လိမ်လို့ မရတော့ဘူး။ အခုခေတ်က လျှောက်လုပ်လို့မရတဲ့ခေတ်ဖြစ်သွားပြီ”
စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် မြဝတီ- ရန်ကုန်လမ်းကြောင်းတစ်လျှောက် ဖမ်းဆီးရမိခဲ့သော လက်နက်ခဲယမ်းအများစုမှာ လေးကေ့ကော်မြို့သစ်မှ လာသောကြောင့် PDF နှင့် အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်နေသည့် ဌာနဆိုင်ရာ ဝန်ထမ်း ၂၁ ဦးကို ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
စစ်အာဏာသိမ်းမှုဆန့်ကျင်သူများ ခိုလှုံနေသည့် ကရင်ပြည်နယ်ရှိ လေးကေ့ကော်မြို့သစ်ကို စစ်တပ်က ဒီဇင်ဘာ ၁၄ တွင် အတင်းအကျပ်ဝင်ရောက်ဖမ်းဆီးအပြီးတွင် KNU ဦးဆောင်သော ပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
“လေးကေ့ကော်ဆိုတာ ကျွန်တော်တို့ အပြည့်အဝထိန်းချုပ်တာလည်း မဟုတ်ဘူး။ ဟိုအဖွဲ့၊ ဒီအဖွဲ့တွေ ရှိနေတဲ့အပေါ် နားလည်မှုရှိရှိနဲ့ တစ်ဖွဲ့နဲ့တစ်ဖွဲ့ အမြင်မမှားအောင် အမြဲတမ်း ထိန်းထိန်းသိမ်းသိမ်းလုပ်ခဲ့တဲ့ အပိုင်းတွေရှိပါတယ်။ သူတို့ဝင်စစ်ဆေးချင်လည်း ဘာမှမပြောဘူး။ ၈ ကြိမ်အထိ သည်းခံခဲ့တယ်” ဟု ပဒိုစောတောနီးက ပြောသည်။
ခိုလှုံခွင့်ပေးထားသူများကို ဖမ်းဆီးခြင်း၊ နေအိမ်များဖျက်ဆီးခြင်းနှင့် ပစ္စည်းများယူဆောင်ခြင်း စသည့် အပြုအမူများကြောင့် ဂုဏ်သိက္ခာအရ ခုခံတိုက်ခိုက်ရခြင်းဖြစ်၍ “ဒီအခြေအနေအပေါ်မှာ ကျွန်တော်တို့ ဘယ်လိုမှ မနေသာတော့ဘူး။ ဒါက လုံးဝသည်းခံလို့ မရတဲ့အချက်ဖြစ်တယ်” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီက အကြမ်းဖက်သမားများလက်ခံထားသည်ဟူသော စွပ်စွဲချက်ကိုလည်း ပဒိုစောတောနီးက ပယ်ချလိုက်သည်။
“လူသားချင်းစာနာထောက်ထားမှုအရ လက်ခံထားတဲ့သူတွေဖြစ်တယ်။ အာဏာသိမ်းပြီးတော့ ဒီလူတွေကို မြို့ပေါ်မှာ လိုက်ပြီး မသတ်ဘူး၊ မဖြတ်ဘူး၊ ညှဉ်းပန်းမနှိပ်စက်ဘူးဆိုရင် ဒီလူတွေက ကျွန်တော်တို့ဆီမှာ လာခိုအောင်းနေစရာ အကြောင်းမရှိဘူး” ဟု ၎င်းက ပြောသည်။
လေးကေ့ကော်ဒေသ၌ ဒီဇင်ဘာ ၁၅ တွင် ပစ်ခတ်မှုအစပြုခဲ့ရာ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများ အချိန်မရွေးဖြစ်ပေါ်လာနိုင်သည့်အတွက် ကုလသမဂ္ဂဦးဆောင်ကာ အရေးပေါ်အစည်းအဝေးကျင်းပြီး လေကြောင်းပျံသန်းမှုကင်းမဲ့ဇုန် သတ်မှတ်ပေးရန် KNU က ဒီဇင်ဘာ ၂၀ တွင် တောင်းဆိုခဲ့သည်။
ထို့နောက် သုံးရက်အကြာတွင် စစ်ကောင်စီက လေကြောင်းမှ စတင်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လက်နက်ကြီးများဖြင့်လည်း နေ့ရောညပါ ပစ်ခတ်ကာ အပြင်းအထန်ထိုးစစ်တိုက်ခိုက်ခဲ့သည်။
စစ်ကောင်စီ၏ ယမန်နေ့ထုတ်ပြန်ချက်တွင် လေးကေ့ကော်မြို့သစ်အတွင်း ဝင်ရောက်ရှာဖွေဖမ်းဆီးစဉ် KNU/KNLA ခေါင်းဆောင်တချို့နှင့် NUG/PDF က စတင်တိုက်ခိုက်သည့်အတွက် Rule of Engagement အတိုင်း အင်အားဖြည့်တင်းကာ ပြန်လည်တိုက်ခိုက်ခဲ့ခြင်းသာဖြစ်သည်ဟု ဆိုသည်။
ထိုဖြေရှင်းချက်မှာလည်း မှားယွင်းနေသည်ဟု KNU ပြောခွင့်ရ ပဒိုစောတောနီးက ဆိုသည်။
“အဲဒီအချက်အလက်က တကယ့်ကို မုသာဝါဒ။ ဘယ်မှာလိုက်နာခဲ့သလဲ။ ရွာတွေပေါ်ကို လက်နက်ကြီးတွေနဲ့ပစ်တာ တစ်ကမ္ဘာလုံးက သိနေတာပဲ” ဟု ၎င်းက ဆိုသည်။
ထစ်ခနဲရှိ သူတို့ကိုပစ်လိုက်ရင် ရွာသားတွေအပေါ် လက်နက်ကြီးနဲ့ထုတာတို့၊ မော်တော်နဲ့ထုတာတို့ဆိုတာ ရိုးနေပြီ။ အဲဒါကို Rule of Engagement လား။ လုံးဝလက်ခံနိုင်စရာ အကြောင်းမရှိဘူး”
စစ်ကောင်စီ၏ လက်နက်ကြီးရန်ကြောင့် ဒေသခံများ နေရပ်စွန့်ခွာထွက်ပြေးရကြောင်း၊ လက်ရှိတွင် ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးတိမ်းရှောင်နေရသူ တစ်သောင်းခွဲဝန်းကျင်ရှိပြီဖြစ်ကြောင်းလည်း ပဒိုစောတောနီးက ဆိုသည်။
စစ်ကောင်စီက ယမန်နေ့ညတွင် နိုင်ငံပိုင်ရုပ်သံမှလည်းကောင်း၊ ယနေ့ (ဒီဇင်ဘာ ၂၉) ထုတ် နိုင်ငံပိုင်သတင်းစာများတွင်လည်းကောင်း အကျယ်တဝင့်သတင်းထုတ်ပြန်ခဲ့ရာတွင် ဒီဇင်ဘာ ၁၅ ရက်မှစ၍ တိုက်ပွဲပေါင်း ၂၅ ကြိမ်ဖြစ်ပွားခဲ့ပြီး၊ လေးကေ့ကော်မြို့သစ်မှလွဲ၍ ထီးမယ်ဝါးခီး၊ မဲထော်သလေး၊ အင်ကြင်းမြိုင်၊ မင်းလက်ပံနှင့် ဖလူးကျေးရွာတို့ကို ထိန်းချုပ်နိုင်ပြီဟု ဆိုသည်။
ထို့ပြင် ၎င်းတို့ဘက်မှ ထိခိုက်ကျဆုံးနှင့် ဒဏ်ရာရသူများရှိသည်ဟု စစ်ကောင်စီက ဆိုသော်လည်း အသေးစိတ်ဖော်ပြထားခြင်း မရှိပေ။
ထွက်ပြေးတိမ်းရှောင်နေသူများကို ပြန်လာရန် စစ်ကောင်စီက ဖိတ်ခေါ်သည်ဆိုသော်လည်း ပြန်လာနိုင်သည့် အခြေအနေမပေးသေးကြောင်း ပဒိုစောတောနီးက မှတ်ချက်ချသည်။
“တပ်တွေက အခု တောက်လျှောက် တိုးပြီးရင်းတိုးလာတာ။ တိုက်ပွဲက ဆက်ဖြစ်နေမှာပဲ။ တိုက်ပွဲဆက်ဖြစ်နေရင် စစ်ရှောင်တွေက ဘယ်လိုမှ ပြန်သွားလို့မရတဲ့အနေအထားဖြစ်တယ်” ဟု ၎င်းက ပြောသည်။
အာဏာသိမ်းစစ်ကောင်စီ၏ ထုတ်ပြန်ချက်မှာ မြေပြင်အခြေအနေနှင့် ကွာခြားနေကြောင်း ထိုင်း – မြန်မာနယ်စပ် မြဝတီမြို့တွင် နေထိုင်သူတစ်ဦးက Myanmar Now ကို ပြောသည်။
“သူတို့က (စစ်တပ်) ဇာတ်လမ်းဆင်ပြီး ပြောနေတာပဲလေ။ သူတို့ပြောတာကို အလွဲတွေကြီးပါပဲ။ ကျွန်မတို့မြို့ခံတွေ အသိဆုံးပါ။ စစ်ရှောင်တွေကလည်း သူတို့ကို မယုံကြည်ကြဘူးလေ။ ထိုင်းဘက်ခြမ်းထိတောင် လက်နက်ကြီးကျအောင် ရမ်းပြီးပစ်ခတ်ခဲ့တာ အားလုံးအသိပဲ။ တပ်တွင်းစည်းပြိုကျလာမှာစိုးလို့ လုပ်ကြံသတင်းတွေ ထုတ်နေတယ်ပဲ မြင်ပါတယ်” ဟု အမည်မဖော်လိုသူ ထိုဒေသခံအမျိုးသမီးက ဆိုသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)