သတင်း

စာရေးဆရာမနှင့် အာဏာသိမ်းမှုဆန့်ကျင်သူ နာမည်ကျော်မော်ဒယ်ကို ထောင် ၃ နှစ်စီချ 

နိုင်ငံတစ်ဝန်းတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် စစ်အာဏာသိမ်းမှုဆန့်ကျင်သူများအနက် အင်းစိန်ထောင်ရှိ စာရေးဆရာမ ဒေါ်သန်းမြင့်အောင်နှင့် နာမည်ကျော် မော်ဒယ်သရုပ်ဆောင် ပိုင်တံခွန်ကို ယနေ့ (ဒီဇင်ဘာ ၂၇) တွင် စစ်ကောင်စီက ထောင်ဒဏ်သုံးနှစ်စီ ချမှတ်လိုက်သည်။ 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီအစိုးရလက်ထက်တွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဝင်ဖြစ်သူ ဒေါ်သန်းမြင့်အောင်မှာ အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ ရက်မတိုင်မီ ညကတည်းက ဖမ်းဆီးခံရသူဖြစ်ကာ ၎င်းကို စစ်ကောင်စီက ဆူပူလှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ခဲ့သည်။ 

ဒေါ်သန်းမြင့်အောင်၏ ရှေ့နေအဖွဲ့က တင်သွင်းသည့် လျှောက်လဲချက်ကို သုံးသပ်ခြင်းမပြုဘဲ အမိန့်တန်းချခြင်းဖြစ်သည်ဟု တရားရုံးနှင့် နီးစပ်သူက Myanmar Now ကို ပြောသည်​။

“ဆရာမကြီးဒေါ်သန်းမြင့်အောင်ရဲ့ ဟောပြောချက်တွေဟာ Youtube မှာ ယနေ့ထိအောင် ပြန့်နေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ ၅၀၅-က အရ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ်ဆိုပြီး ချမှတ်လိုက်ပါတယ်”ဟု ၎င်းက ပြောသည်။ 

၂၀၁၉ ခုနှစ်အတွင်းက တာမွေမြို့နယ်နှင့် အခြားနေရာနှစ်ခုတွင် ဒေါ်သန်းမြင့်အောင်၏ စာပေဟောပြောပွဲ ပြောဆိုချက်များကြောင့် ယခုကဲ့သို့ ပြစ်ဒဏ်ချလိုက်ခြင်းဖြစ်ကြောင်းလည်း အဆိုပါတရားရုံးနှင့် နီးစပ်သူက ဆိုသည်။

ဒေါ်သန်းမြင့်အောင်မှာ ဆည်းဆာရိပ်ဘိုးဘွားရိပ်သာတွင် ဥက္ကဋ္ဌအဖြစ်၊ နာရေးကူညီမှုအသင်း(ရန်ကုန်) တွင် ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သူလည်းဖြစ်သည်။ ဒေါ်သန်းမြင့်အောင်သည် ပုံမှန်ဆေးကုသမှုခံယူရန် လိုအပ်သည်ဟု တရားရုံးနှင့် နီးစပ်သူထံမှ သိရသည်။

ယနေ့၌ပင် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သူ နာမည်ကျော် မော်ဒယ်သရုပ်ဆောင် ပိုင်တံခွန်ကိုလည်း စစ်ကောင်စီက ပုဒ်မ ၅၀၅-က ဖြင့်ပင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် သုံးနှစ် ချမှတ်သည်။ 

ပိုင်တံခွန်၏ယနေ့ရုံးချိန်းတွင် တရားလိုပြသက်သေ လာရောက်ထွက်ဆိုရမည်ဖြစ်သော်လည်း တရားရုံးက အဆိုပါသက်သေကို ပယ်ဖျက်ကာ အပြီးသတ်အမိန့်ချလိုက်ခြင်းဖြစ်သည်ဟု လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေအဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ကိုပိုင်တံခွန်ကို တရားသူကြီးနဲ့ အမှုစစ်အရာရှိက သူတို့ရှေ့ ခေါ်ပြီးတော့ အမှုထဲမှာပါတဲ့ ဓာတ်ပုံတွေပြပြီးတော့ ဆန္ဒပြရာမှာ ပါဝင်ခဲ့တာ မှန်ပါသလားလို့ မေးတယ်။ ကိုပိုင်တံခွန်က မှန်ပါတယ်လို့ ပြောတာကို ဒါဆိုရင် မင်းဟာ ဝန်ခံတာဖြစ်တဲ့အတွက် ထပ်မစစ်တော့ဘဲ ဒီအဆင့်မှာပဲ အမိန့်ချလိုက်မယ်ဆိုပြီး ချလိုက်တာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

အိမ်နီးချင်းနိုင်ငံအချို့တွင်ပါ ပရိသတ်အခိုင်အမာရရှိထားသည့် နာမည်ကျော် မော်ဒယ်၏ အမှုအတွက် ရုံးချိန်း ၁၀ ခုခန့် ထပ်မံစစ်ဆေးရဦးမည်ဖြစ်သော်လည်း ရှေ့နေများကို တစ်စုံတစ်ရာပြောခွင့်မပေးဘဲ အမိန့်ချလိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။ 

“တရားသူကြီးတစ်ဦးက စွပ်စွဲခံရသူကို အတင်းအကျပ်ဝန်ခံခိုင်းတာမျိုး၊ ဝန်ခံရာရောက်စေတဲ့မေးခွန်းတွေကို မေးခွင့် ဥပဒေက ခွင့်ပြုမထားပါဘူး။ ဒါကြောင့် ဒီနေ့ ချမှတ်တာဟာ ဥပဒေနဲ့အညီမဟုတ်ဘူးလို့ပဲ ပြောချင်ပါတယ်” ဟု ရှေ့နေအဖွဲ့ဝင်က ပြောသည်။ 

ဖေဖော်ဝါရီ ၁ ရက်နေ့တွင် စစ်တပ်က အာဏာသိမ်းပြီးနောက် ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သူ ပိုင်တံခွန်ကို စစ်ကောင်စီက ဖမ်းဝရမ်းထုတ်ခဲ့ပြီး ဧပြီလဆန်းပိုင်းတွင် မြောက်ဒဂုံမြို့နယ်ရှိ နေအိမ်တွင် ဖမ်းဆီးခဲ့သည်။ 

အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် ပါဝင်မှုဖြင့် ဖမ်းဆီးခံခဲ့ရသည့် သရုပ်ဆောင် လူမင်း၊ ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ ရဲတိုက်၊ ဒါရိုက်တာမင်းထင်ကိုကိုကြီးနှင့် အဆိုတော် ပိုပိုတို့သည်လည်း အင်းစိန်ထောင်တွင် ထိန်းသိမ်းခံထားရဆဲဖြစ်သည်။​

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button