ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီသည် နိုင်ငံတကာဆက်ဆံရေးတွင် အကြီးအကျယ်ကျဆုံးလျက်ရှိသည်။ ပြည်သူက တင်မြှောက်ထားသော အရပ်သားအစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းမှုအပေါ် အနောက်နိုင်ငံကြီးများက သံတမန်ရေးနှင့် စီးပွားရေးအရ ဒဏ်ခတ်အရေးယူခြင်းမှာ မထူးဆန်းလှပါ။
ထိုအခြေအနေကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် စစ်ခေါင်းဆောင်များ တွက်ဆထားနိုင်ပါသည်။
သို့သော် မင်းအောင်လှိုင် မထင်မှတ်သော သံတမန်ရေးထိုးနှက်ချက်မှာ ကုလသမဂ္ဂနှင့် အရှေ့တောင်အာရှအသင်း (အာဆီယံ) တို့က သူနှင့် စစ်ကောင်စီကို နိုင်ငံတကာသံတမန်ရေးစင်မြင့်ပေါ်တွင် မြန်မာနိုင်ငံအား ကိုယ်စားပြုခွင့်မပေး၊ အသိအမှတ်မပြုဟု ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
မြန်မာ၏အခြေအနေက ဝိုင်းဝန်းဒဏ်ခတ် အရေးယူမှုများကြောင့် ကမ္ဘာ့အလယ်တွင် အထီးကျန်ဆုံးနိုင်ငံဖြစ်နေသော မြောက်ကိုရီးယားထက်ပင် ပို၍အထီးကျန်သွားပြီဖြစ်သည်။ ထို့အတူ မင်းအောင်လှိုင်သည် စစ်တပ်သမိုင်းတစ်လျှောက် အညံ့ဖျင်းဆုံး စစ်ခေါင်းဆောင်တစ်ဦးအဖြစ် သမိုင်းမှတ်တမ်းဝင်ခဲ့ပြီဖြစ်သည်။
အာဆီယံ၏ မထင်မှတ်ထားသော သံတမန်ရေးထိုးနှက်ချက်ကို တုံ့ပြန်ရန် စစ်ကောင်စီသည် ၂၀၂၂ ခုနှစ်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်လာမည့် ကမ္ဘောဒီးယား၏ အကူအညီကို ရယူရန် ကြိုးပမ်းလာသည်။
မကြားသေးမီက စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင် ဖနွမ်းပင်သို့ သွားရောက်ခဲ့သလို မင်းအောင်လှိုင်၏ ဖိတ်ကြားချက်ကို လက်ခံပြီး လာမည့် ဇန်နဝါရီလ (၇ – ၈) ရက်နေ့များတွင် နေပြည်တော်သို့ သွားရောက်ပြီး စစ်ခေါင်းဆောင်နှင့် တွေ့ဆုံမည်ဟု ဝန်ကြီးချုပ်ဟွန်ဆန်က ကြေညာခဲ့သည်။
ထို့ပြင် ဟွန်ဆန်သည် စစ်ကောင်စီနှင့် လက်တွဲလုပ်ဆောင်သွားမည်ဟု လူသိရှင်ကြားပြောဆိုခဲ့ပြီး၊ ၂၀၂၂ ခုနှစ်အတွင်း ကမ္ဘောဒီးယားက အိမ်ရှင်အဖြစ် ဦးစီးကျင်းပရန်ရှိသော အာဆီယံထိပ်သီးအစည်းအဝေးပွဲများ၊ မိတ်ဖက်နိုင်ငံများနှင့် ဆက်စပ်ထိပ်သီးအစည်းအဝေးပွဲများသို့ မင်းအောင်လှိုင် ပြန်လည်တက်ရောက်ခွင့် ရရှိရေး ကြိုးပမ်းသွားမည်ဟု ပြောဆိုခဲ့သည်။
ကမ္ဘောဒီးယားသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများထဲတွင် တရုတ်နိုင်ငံ၏ ဩဇာလွှမ်းမိုးမှုအရှိဆုံးနိုင်ငံဖြစ်သည်ဟု လူသိများသည်။ ထို့ကြောင့် မြန်မာ့အရေး ကမ္ဘောဒီးယား၏ ကြိုးပမ်းမှုများကို တရုတ်နိုင်ငံ၏ နောက်ကွယ်က ထောက်ခံကူညီပံ့ပိုးမှုများ ရှိနေသည်ဟု သုံးသပ်ချက်များလည်း ထွက်ပေါ်နေသည်။
အကယ်၍ မင်းအောင်လှိုင်အပေါ် အာဆီယံခေါင်းဆောင်များ၏ သံတမန်ရေးအရ အရေးယူမှုဆုံးဖြတ်ချက်ကို ပြန်လည်ဖယ်ရှားရန် ကမ္ဘောဒီးယားက ၎င်း၏ အာဆီယံအလှည့်ကျဥက္ကဋ္ဌနေရာကို အသုံးချပြီး အတင်းအကျပ်ကြိုးစားလာမည်ဆိုလျှင် အာဆီယံအဖွဲ့ကြီး၏ ဂုဏ်သိက္ခာနှင့် အာဆီယံဗဟိုပြုမှု (ASEAN Centrality) ကို အကြီးအကျယ်ထိခိုက်လာနိုင်ပြီး အာဆီယံအတွင်း စည်းလုံးမှုပြိုကွဲမည့်အခြေအနေထိ ဖြစ်လာနိုင်ပါသည်။
မြန်မာစစ်အာဏာရှင်များ အသုံးချခံ အာဆီယံမဖြစ်ရေး
အာဆီယံနှင့် မြန်မာ ဆက်ဆံရေးအစဉ်အလာကို ကြည့်လျှင် ယခင်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက် ၁၉၉၇ ခုနှစ်တွင် မြန်မာနိုင်ငံ အာဆီယံအဖွဲ့ဝင် ဖြစ်လာခဲ့သည်။ ထိုအချိန်က နိုင်ငံတကာ၏ ဝေဖန်ကန့်ကွက်မှုများကြားကပင် အာဆီယံသည် မြန်မာနိုင်ငံကို အသင်းဝင်နိုင်ငံအဖြစ် လက်ခံခဲ့သည်။ မြန်မာ အာဆီယံအသင်းဝင်ဖြစ်ရေးကို ထိုစဉ်က မလေးရှားနိုင်ငံဝန်ကြီးချုပ် မဟာသီယာမိုဟာမက်က အဓိက ဦးဆောင်ကြိုးပမ်းခဲ့သည်။
အာဆီယံအဖွဲ့ထဲ ဝင်ရောက်ရေး စစ်အာဏာရှင်တို့၏ အဓိကရည်ရွယ်ချက်က အာဆီယံ၏ “မူ” များဖြစ်သော အဖွဲ့ဝင်နိုင်ငံတစ်ခု၏ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရေး (Non-interference) နှင့် တူညီဆန္ဒ (Consensus) မူများက ထိုစဉ်အချိန်က ရင်ဆိုင်နေရသော နိုင်ငံတကာဖိအားများကို အကာအကွယ်ပြုနိုင်သည့် မူဝါဒများ (Buffer Policies) ဖြစ်၍ စစ်အာဏာရှင်များ အကြိုက်ဖြစ်ပြီး အလွန်အသုံးကျခဲ့သည်။ အမှန်တကယ်လည်း အနောက်နိုင်ငံများက မည်မျှဖိအားပေးပေး၊ အာဆီယံက မြန်မာစစ်ခေါင်းဆောင်များကို ရင်းရင်းနှီးနှီးဆက်ဆံခဲ့သည်။

သို့သော် တစ်ချိန်က မြန်မာကို ရှေ့တန်းကထောက်ခံခဲ့သော မလေးရှားနိုင်ငံသည်ပင် စစ်ခေါင်းဆောင်များ၏ အာဆီယံကို ဒိုင်းသဖွယ်အသုံးပြုမှုကို သည်းခံနိုင်စွမ်းမရှိတော့ပေ။ ယခုတစ်ကြိမ်တွင် မြန်မာကြောင့် အာဆီယံအဖွဲ့ကြီး၏ ဂုဏ်သိက္ခာကျဆင်းပြီး အာဆီယံဗဟိုပြုမူဝါဒ (ASEAN Centrality) ကို ထိခိုက်မည့်အရေး အဖွဲ့ကြီးကို မူလတည်ထောင်ခဲ့သော နိုင်ငံများဖြစ်သည့် အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူနှင့် ဖိလစ်ပိုင်နိုင်ငံတို့က မဖြစ်မနေ ကာကွယ်တားဆီးလာကြသည်။
အာဆီယံ၏ ယခင်အစဉ်အလာကိုကြည့်ပြီး၊ အနောက်နိုင်ငံများက မည်သို့ပင်ဆန့်ကျင်ပါစေ၊ အာဆီယံက လက်ခံလိမ့်မည်၊ အကာအကွယ်ပေးလိမ့်မည်ဟု မင်းအောင်လှိုင် တွက်ဆခဲ့ဟန်တူသည်။
သို့သော် အောက်တိုဘာလ ၁၅ ရက်နေ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အရေးပေါ်အစည်းအဝေးတွင် မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင်ကို အာဆီယံထိပ်သီးအစည်းအဝေးများကို မဖိတ်ကြားရန် ဆုံးဖြတ်လိုက်သည့်အခါ မင်းအောင်လှိုင်သည် ကမ္ဘာ့အလယ်တွင် မျှော်လင့်မထားသော သံတမန်ရေးအရှက်ခွဲခံလိုက်ရသည်။ အာဆီယံ၏ ထိုဆုံးဖြတ်ချက်ကို ကမ္ဘာကပါ အံ့ဩချီးကျူးခဲ့ကြသည်။
ထို့အတူ ဒီဇင်ဘာလ (၆) ရက်နေ့က ကျင်းပခဲ့သော ကုလသမဂ္ဂအထွေထွေညီလာခံက မင်းအောင်လှိုင်ခန့်အပ်သော ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကို အသိအမှတ်မပြုဘဲ၊ အရပ်သားဒီမိုကရေစီအစိုးရသမ္မတ ဦးဝင်းမြင့်ခန့်အပ်သော လက်ရှိသံအမတ်ကြီးကိုသာ မူလအတိုင်း ဆက်လက်ထားရှိရန် ဆုံးဖြတ်လိုက်သဖြင့် စစ်ကောင်စီသည် ကုလသမဂ္ဂတွင် တရားဝင်ကိုယ်စားပြုခွင့် ဆုံးရှုံးခဲ့ပြန်သည်။
ကုလသမဂ္ဂ၏ဆုံးဖြတ်ချက်က “ခေတ်သစ်ကမ္ဘာကြီးတွင် အာဏာသိမ်းမှုများအတွက် နေရာမရှိစေရ” (‘No place’ for coups in today’s world) ဆိုသည့် အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံက အာဏာသိမ်းမှုအပေါ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့ မှတ်ချက်စကားကို ထပ်လောင်းအတည်ပြုပေးလိုက်ခြင်းဖြစ်သည်။
စစ်ကောင်စီသည် နိုင်ငံတကာအရေးယူမှုများကို ဂရုမစိုက်ဘဲ ၎င်းတို့ကို အသိအမှတ်ပြုဆက်ဆံသော နိုင်ငံအနည်းငယ်နှင့်သာ ဆက်ဆံရပ်တည်သွားမည်ဟု ကြွေးကြော်ခဲ့သည်။ ကြွေးကြော်ထားသည့်အတိုင်း နိုင်ငံတကာမှ အဓိကတောင်းဆိုနေသော (၁) အရပ်သားပြည်သူများအပေါ် အကြမ်းဖက်မှုများ ရပ်ဆိုင်းရန်၊ (၂) ဥပဒေမဲ့ဖမ်းဆီးထားသူအားလုံး ချက်ချင်းပြန်လည်လွှတ်ပေးရန်နှင့် (၃) နိုင်ငံရေးပြဿနာများကို ညှိနှိုင်းဆွေးနွေးအဖြေရှာရန် တို့ကို လုံးဝလျစ်လျူရှုပြီး၊ ထိုတောင်းဆိုချက်များနှင့် ဆန့်ကျင်ဘက်လုပ်ရပ်များကိုသာ ပြုလုပ်နေခဲ့သည်။
အာဆီယံက အဆိုပြုထားပြီး မင်းအောင်လှိုင်ကိုယ်တိုင် သဘောတူခဲ့သော “တူညီဆန္ဒ ၅ ရပ်” ကိုလည်း အကောင်အထည်မဖော်ပါ။ ထို့ကြောင့် မင်းအောင်လှိုင်ကို အာဆီယံခေါင်းဆောင်များက အရေးယူခဲ့ခြင်း ဖြစ်သည်။
လက်ရှိအချိန်ထိ စစ်ကောင်စီကို အသိအမှတ်ပြုဆက်ဆံနေသော နိုင်ငံအနည်းငယ်မှာ ရုရှား၊ တရုတ်နှင့် အာဆီယံထဲက စစ်ဗိုလ်ချုပ်ဟောင်းများ သို့မဟုတ် တစ်ပါတီစနစ် ကြီးစိုးထားသော အာဏာရှင်ဆန်သည့် ကမ္ဘောဒီးယား၊ ထိုင်း၊ လာအိုနှင့် ဗီယက်နမ် စသည့် နိုင်ငံတချို့သာ ရှိသည်။
ထိုင်းဝန်ကြီးချုပ် ပရာယွဒ်ချန်အိုချာသည် အာဏာသိမ်းစစ်ဗိုလ်ချုပ်ကြီးဖြစ်သလို၊ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်သည် တိုင်းပြည်ကို အာဏာရှင်ဆန်ဆန် ၃၆ နှစ်ကြာ အုပ်ချုပ်လာသူ ဖြစ်သည်။ လာအိုနှင့် ဗီယက်နမ်တို့သည်လည်း တစ်ပါတီအာဏာရှင် ကွန်မြူနစ်နိုင်ငံများဖြစ်သည်။
အာဆီယံအပေါ် လွှမ်းမိုးရန် တရုတ်၏ ကြိုးပမ်းမှု
အာဆီယံအတွင်း စည်းလုံးမှုအားနည်းခြင်းသည် တောင်တရုတ်ပင်လယ်အရေးတွင် အသာစီးရစေရေး တရုတ်တို့၏ မဟာဗျူဟာဖြစ်သည်။ တစ်ခုတည်းသော အာဆီယံအသိုက်အဝန်း၊ တစ်ခုတည်းသော အာဆီယံအသံ (One ASEAN Community, One ASEAN Voice) ဖြစ်နေမည်ဆိုလျှင် တရုတ်တို့ စေ့စပ်ညှိနှိုင်းရ ခက်ခဲသည်။
ထို့ကြောင့် အာဆီယံ၏ နောက်အကျဆုံးအဖွဲ့ဝင်နိုင်ငံများလည်းဖြစ်၊ ဖွံ့ဖြိုးမှုနောက်ကျသော နိုင်ငံများလည်းဖြစ်သော ကမ္ဘောဒီးယား၊ မြန်မာနှင့် လာအိုနိုင်ငံတို့တွင် တရုတ်သည် လွန်ခဲ့သော ဆယ်စုနှစ်အတွင်း ရင်းနှီးမြှုပ်နှံမှုများ ပိုမိုလုပ်ဆောင်ခဲ့သည်။ ၎င်း၏ဩဇာ ဖြန့်ကြက်လွှမ်းမိုးထားရန်နှင့် ၎င်းတို့အကျိုးစီးပွားကို မြှင့်တင်ပေးမည့် အဖွဲ့ဝင်နိုင်ငံများ ရှိနေစေရန် အစဉ်တစိုက် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။ အကျိုးလည်းရှိခဲ့သည်။
ဥပမာ ၂၀၁၂ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် ကမ္ဘောဒီးယားနိုင်ငံက တာဝန်ယူစဉ် တောင်တရုတ်ပင်လယ်အရေး ဖြေရှင်းရန် တရုတ်နှင့် အာဆီယံအကြား လုပ်ငန်းစည်းမျဉ်းသတ်မှတ်ချက် (Code of Conduct) လက်မှတ်ထိုးရေးကိစ္စမှာ ညှိနှိုင်းမရဘဲ ပျက်ပြားခဲ့ရပြီး၊ အာဆီယံသမိုင်းတွင် ပထမဆုံးအကြိမ် အဖွဲ့ဝင်နိုင်ငံများ၏ ပူးတွဲကြေညာချက် မထုတ်ပြန်နိုင်သည်အထိ ဖြစ်ခဲ့ရသည်။
ထိုကဲ့သို့ ဖြစ်ခဲ့ရခြင်းအပေါ် အလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံတွင် အဓိကတာဝန်ရှိနေပြီး၊ ကမ္ဘောဒီးယားသည် အာဆီယံအသင်းကြီးဘက်မှ ရပ်တည်ရမည့်အစား တရုတ်နိုင်ငံဘက် အသားပေးရပ်တည်ခဲ့၍ ဖြစ်သည်ဟု ကျယ်ကျယ်ပြန့်ပြန့်ဝေဖန်မှုများ ရှိခဲ့သည်။
ဆယ်စုနှစ်တစ်ခုကြာပြီးနောက် ၂၀၂၂ ခုနှစ်တွင် အလှည့်ကျဥက္ကဋ္ဌတာဝန်ကို ကမ္ဘောဒီးယား ထပ်မံရယူသည့်အခါ တောင်တရုတ်ပင်လယ်အရေး ဆယ်နှစ်ကြာ နှောင့်နှေးနေသော Code of Conduct ကို လက်မှတ်ရေးထိုးနိုင်ရေး တစ်ဖန် ပြန်လည်လှုပ်ရှားလာပါသည်။
ထို့အတူ မြန်မာ့အရေးတွင် ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်၏ ရပ်တည်ချက်သည် အခြားအာဆီယံခေါင်းဆောင်များနှင့် ခြားနားနေပြီး၊ အာဆီယံက ချမှတ်ထားသော မူဝါဒအတိုင်း အကောင်အထည်ဖော်မည်လား၊ တရုတ်လိုလားချက်အတိုင်း ဆောင်ရွက်မည်လား ဆိုသည့် သံသယဖြစ်မှုများ ထပ်မံကြီးထွားလာသည်။
မြန်မာကို အာဆီယံအရေးယူမှု တရုတ်ကို အကျပ်ရိုက်စေ
မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အာဆီယံက အရေးယူခဲ့ခြင်းသည် တရုတ်တို့ မမျှော်လင့်ထားသော ရလဒ်ဖြစ်သည်။ အာဆီယံ၏ ဆုံးဖြတ်ချက်အပေါ် တရုတ်နိုင်ငံအနေဖြင့် တရားဝင်သဘောထားထုတ်ပြန်ခြင်း မရှိသော်လည်း၊ ထိုလုပ်ရပ်သည် အနောက်နိုင်ငံကြီးများ၏ စွက်ဖက်မှုများ ပါဝင်နေသည်ဟု ယူဆထားနိုင်သည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် အာဆီယံခေါင်းဆောင်များကို မြန်မာ့အရေးကိုင်တွယ်ရာတွင် အနောက်နိုင်ငံများ၏ ဝင်ရောက်စွက်ဖက်မှုများအား လက်မခံရန် တစ်ကြိမ်မက သတိပေးခဲ့သည်။
သို့သော် အာဆီယံက မင်းအောင်လှိုင်အပေါ် အရေးယူလိုက်သည့်အခါ တရုတ်ခေါင်းဆောင်များက မင်းအောင်လှိုင်ကို မြန်မာနိုင်ငံ၏ခေါင်းဆောင်အဖြစ် အသိအမှတ်ပြုထားမှုကို အကျပ်ရိုက်စေပါသည်။
ဥပမာအားဖြင့် ဘရူနိုင်းနိုင်ငံ၏ အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် နောက်ဆုံးဆောင်ရွက်ခဲ့ရသော တရုတ် – အာဆီယံ ထိပ်သီးအစည်းအဝေးကို တရုတ်သမ္မတ ရှီကျင့်ဖျင် တက်ရောက်ရန်ရှိပြီး၊ တရုတ်က ဦးစီးကျင်းပခဲ့ခြင်းဖြစ်သည်။ တရုတ်ခေါင်းဆောင်များသည် အာဆီယံ၏ အရေးယူမှုကို လက်ခံပြီး၊ မင်းအောင်လှိုင်ကို ထိုအစည်းအဝေးသို့ မဖိတ်ကြားပါက မြန်မာနှင့် ဆက်ဆံရေးပျက်မည်ဖြစ်သည်။
ထို့ကြောင့် တရုတ်သည် ၎င်းတို့၏ အထူးသံတမန် ဆွန်းကော်ရှန်းကို ထိပ်သီးအစည်းအဝေးမတိုင်မီ ဘရူနိုင်းနှင့် စင်ကာပူနိုင်ငံသို့ စေလွှတ်ပြီး မင်းအောင်လှိုင် အစည်းအဝေးတက်ရောက်ခွင့်ရရေး ကြိုးပမ်းခဲ့သည်။ သို့သော် အာဆီယံခေါင်းဆောင်များက ၎င်းတို့၏ ဆုံးဖြတ်ချက်အပေါ် ခိုင်ခိုင်မာမာ ရပ်တည်ခဲ့ကြသဖြင့် တရုတ်တို့ကြိုးပမ်းမှု မအောင်မြင်ခဲ့ပေ။
မြန်မာစစ်ခေါင်းဆောင်များကို အနောက်နိုင်ငံများက အသိအမှတ်မပြုခြင်းအပေါ် တရုတ်ခေါင်းဆောင်များက အရေးမစိုက်ပါ။ သို့သော် အာဆီယံခေါင်းဆောင်များကပါ အသိအမှတ်မပြုသော မင်းအောင်လှိုင်ကို တရုတ်ခေါင်းဆောင်များက အသိအမှတ်ပြု လက်ဆွဲနှုတ်ဆက်ရန်မှာ အတော် မျက်နှာပြောင်တိုက်ရမှာဖြစ်ပြီး၊ ၎င်းတို့ကို အကျပ်ရိုက်စေပါသည်။
ထိုအခြေအနေတွင် အချိန်ကိုက် ကမ္ဘောဒီးယားသည် အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်လာသဖြင့် တရုတ်အတွက်ရော ကမ္ဘောဒီးယားအတွက်ပါ အကွက်ကောင်းဖြစ်ခဲ့သည်။ ဟွန်ဆန်အနေဖြင့် မင်းအောင်လှိုင်ကို အာဆီယံက ပြန်လည်လက်ခံလာစေရန် လုပ်ဆောင်နိုင်မည်ဆိုလျှင် တရုတ်၏ အကျပ်ရိုက်နေမှုကို ကူညီရာရောက်သဖြင့် တရုတ်နှင့် ဆက်ဆံရေးတွင် မျက်နှာပန်းလှပေလိမ့်မည်။ တစ်ဖက်တွင် အာဆီယံ ၁၀ နိုင်ငံ ပြန်လည်စုံညီရေးကြိုးပမ်းမှုအတွက် အာဆီယံခေါင်းဆောင်များအကြား ဟွန်ဆန် မျက်နှာပန်းလှမည်။
တရုတ်နိုင်ငံအတွက် တောင်တရုတ်ပင်လယ်အရေးက တိုက်ရိုက်အကျိုးစီးပွားဖြစ်ပြီး အလွန်အရေးကြီးသည်။ ထို့ကြောင့် ၎င်း၏မဟာမိတ် ကမ္ဘောဒီးယား အလှည့်ကျဥက္ကဋ္ဌဖြစ်ချိန်တွင် တောင်တရုတ်ပင်လယ်အရေး အာဆီယံနှင့် ဖြေရှင်းရန် အချိန်ကောင်းဖြစ်သည်။
ထို့ကြောင့် မြန်မာစစ်ခေါင်းဆောင်များအပေါ် ဩဇာညောင်းသော တရုတ်သည် ဟွန်ဆန်၏ ကြိုးပမ်းမှုကို နောက်ကွယ်က ကူညီပေးပြီး၊ အပြန်အလှန်အားဖြင့် တောင်တရုတ်ပင်လယ်အရေး တရုတ်လိုလားချက်အတိုင်း ဟွန်ဆန်က အာဆီယံခေါင်းဆောင်များအကြား စေ့စပ်ညှိနှိုင်းပေးရန် ကြိုးပမ်းနိုင်သည်။
သို့သော် ဟွန်ဆန်အတွက် အရေးအကြီးဆုံးအမြတ်ထွက်မည့်ကိစ္စမှာ ကမ္ဘောဒီးယားပြည်တွင်းနိုင်ငံရေးတွင် ဖြစ်သည်။ တောင်တရုတ်ပင်လယ်အရေးနှင့် မြန်မာ့အရေးတွင် ဟွန်ဆန်သည် ကောင်းစွာ ကိုင်တွယ်ဖြေရှင်းပြနိုင်ပါက ဒေသတွင်း၌ ကမ္ဘောဒီးယားနိုင်ငံ၏ ဂုဏ်သိက္ခာကို မြှင့်တင်နိုင်ပြီး၊ ပြည်တွင်းနိုင်ငံရေးတွင် သူ၏အာဏာကို သားဖြစ်သူ ဟွန်မန်းနက် (Hun Manet) အား လွှဲပြောင်းပေးမည့်အစီအစဉ်မှာ ပြည်သူများ၏ ထောက်ခံမှု ပိုမိုရရှိနိုင်ပြီး၊ ပို၍ချောမွေ့အောင်မြင်နိုင်မည်ဖြစ်သည်။
မြန်မာ့အရေး ဟွန်ဆန်၏ ကြိုးပမ်းမှု အောင်မြင်နိုင်မလား၊ အာဆီယံခေါင်းဆောင်များ၏ ဆုံးဖြတ်ချက်ကို မပြောင်းလဲနိုင်ခဲ့သော တရုတ်က ကမ္ဘောဒီးယားကို အသုံးချပြီး ပြောင်းလဲနိုင်ပါ့မလား။ မင်းအောင်လှိုင်သည် တရုတ်နှင့် ကမ္ဘောဒီးယားအကူအညီဖြင့် အာဆီယံကို ထပ်မံလှည့်စားနိုင်မလား။ မကြာမီ အဖြေပေါ်ပါလိမ့်မည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)



