သတင်း

တိုက်ပွဲပြင်းထန်နေသည့် မုံးကိုးဒေသတွင် စစ်‌ကောင်စီတပ်အထိနာ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မုံးကိုးဒေသတွင် စစ်ကောင်စီတပ်က အပြင်းအထန်ထိုးစစ်ဆင်နေပြီး ဒီဇင်ဘာ ၁၉ က တိုက်ပွဲအတွင်း စစ်ကောင်စီဘက် သေဆုံးနှင့် ဒဏ်ရာရသူ ၁၀၀ ခန့်ရှိကြောင်း ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA) ၏ ကိုးကန့်သတင်းဌာနက ထုတ်ပြန်ထားသည်။ 

မုံးကိုးမြို့အရှေ့ဘက် ၉ မိုင်ခန့်အကွာ ဖောင်းဆိုင်ဒေသအတွင်းရှိ ကိုးကန့်လက်နက်ကိုင်အဖွဲ့ဟု လူသိများသည့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ် (MNDAA) ၏ မန်ရန်စခန်းကို စစ်ကောင်စီတပ်က တိုက်လေယာဉ်နှင့် အမြောက်ကြီးများသုံးကာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ယင်းနေ့ နံနက် ၆ နာရီခန့်မှစ၍ စစ်ကောင်စီတပ်က လက်နက်ကြီးများ စတင်ပစ်ခတ်ခဲ့ပြီး နာရီအနည်းငယ်အကြာတွင် MNDAA ၏ စခန်းကုန်းကို အင်အားရာဂဏန်းဖြင့် ချီတက်တိုက်ခိုက်သည်ဟု သိရသည်။

တိုက်ပွဲဖြစ်ပွားရာသို့ မုံးကိုးမြို့ ရပ်ကွက် ၆ နယ်မြေအတွင်းရှိ စစ်ကောင်စီတပ်၏ ဗျူဟာကုန်းမှ လက်နက်ကြီးအလုံးရေ ထောင်ချီပစ်ခတ်ခဲ့ကာ မုံးကိုးမြို့ပေါ်တွင် လက်နက်ကြီးသံများ ဆူညံနေသည်ဟု ဒေသခံတစ်ဦးက Myanmar Now ကို ပြောသည်။

“မြို့ပေါ်ကနေကို ပစ်နေတာ၊ လက်နက်ကြီးတွေကတော့ အကုန်းလုံး မုံးကိုးမြို့ပေါ်မှာပဲ” ဟု အမည်မဖော်လိုသူ အဆိုပါ မုံးကိုးမြို့ခံက ဆိုသည်။

ဒီဇင်ဘာ ၁၉ တစ်ရက်လုံးနီးပါး တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်က မိတ္ထီလာအခြေစိုက် တပ်မ(၉၉) ၏ လက်အောက်ခံတပ်ရင်းများဖြစ်သည့် ခြေလျင်တပ်ရင်း(၁၅)၊ (၅၉)၊ (၇၉)၊ (၁၁၃) တို့နှင့် ပဲခူးမြို့အခြေစိုက် တပ်မ (၇၇) ၏ လက်အောက်ခံ ခြေလျင်တပ်ရင်း (၃၁၃) တို့ ပါဝင်ကာ အင်အား ၅၀၀ ခန့် ရှိကြောင်း MNDAA ၏ The Kokang သတင်းဌာနက ရေးသားဖော်ပြသည်။ 

တိုက်ပွဲ အလွန်ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်မှ သေဆုံး၊ ဒဏ်ရာရ ၁၀၀ ခန့်ရှိကြောင်း၊ ဒဏ်ရာရသူ စစ်သား ၈၃ ဦးကို သယ်ဆောင်စဉ် စစ်သားသုံးဦး သေဆုံးခဲ့ကြောင်း၊ ကိုးကန့်အဖွဲ့မှ နှစ်ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရကြောင်း ထိုသတင်းတွင် ပါရှိသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိသည့် မော်တာလက်နက်ကြီးများအပါအဝင် လက်နက်ငယ်များ၊ စက်သေနတ်များနှင့် ခဲယမ်း၊ ကျည်ဆန်အမြောက်အမြားကိုလည်း The Kokang သတင်းဌာနက ထုတ်ပြန်ထားသည်။​

ဒီဇင်ဘာ ၁၉ ရက်က တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများကို တွေ့ရစဉ်။ (ဓာတ်ပုံ- The Kokang) 

ဒီဇင်ဘာ ၁၇ ရက်ကလည်း မုံးကိုးမြို့ပေါ် ရပ်ကွက် (၇) တွင် စစ်ကောင်စီတပ်နှင့် ကိုးကန့်လက်နက်ကိုင်အဖွဲ့တို့ တစ်နာရီခန့် တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က ရပ်ကွက်အတွင်းသို့ လက်နက်ကြီးအချို့ ပစ်ခတ်ခဲ့သည်ဟု အထက်ပါ ဒေသခံအမျိုးသားက ပြောသည်။

ယင်းနေ့မတိုင်မီ ဒီဇင်ဘာ ၁၆ တွင် စစ်ကောင်စီတပ် ပစ်ခတ်လိုက်သည့် လက်နက်ကြီးတစ်လုံး ရပ်ကွက်(၇) အတွင်းရှိ နေအိမ်တစ်လုံးကို ထိမှန်ခဲ့သည့်အတွက် အသက် ၅၀ ခန့် အမျိုးသမီးတစ်ဦး ဒဏ်ရာရသွားသည်ဟု ထိုသူက ဆိုသည်။

ဒီဇင်ဘာ ၂၀ နှင့် ၂၁ ရက်များတွင် တိုက်ပွဲများ ငြိမ်သက်နေသလို မုံးကိုးဒေသခံများလည်း ပုံမှန်အတိုင်း သွားလာလှုပ်ရှားလျက်ရှိသည်ဟု ၎င်းက ဆက်ပြောသည်။

“ကြောက်တော့ ကြောက်ကြတာပေါ့။ ဒါပေမဲ့လဲ မုံးကိုးရဲ့ နယ်မြေအနေအထားအရတော့ တိမ်းရှောင်မဲ့နေရာလဲ မရှိဘူး၊ ထွက်ပြေးမယ့်နေရာလဲ မရှိဘူး၊ လွတ်မြောက်မဲ့နေရာလဲ မရှိဘူးဆို‌‌တော့ ပြည်သူတွေကလည်း ဇွတ်ပေပြီး နေနေတာပေါ့” ဟု အဆိုပါအမျိုးသားက ပြောသည်။

မုံးကိုးမြို့နှင့် အနီးအနားကျေးရွာများတွင်လည်း စစ်ကောင်စီတပ်၏ လှုပ်ရှားသွားလာမှုများ စိပ်လာသည့်အတွက် စစ်‌ရေးတင်းမာဆဲဖြစ်ကြောင်းနှင့် သတိထားပြီးနေထိုင်နေရကြောင်း ၎င်းက ဆက်လက်ပြောသည်။

ယခုနှစ် ဇွန်လပိုင်းမှစ၍ စစ်ကောင်စီတပ်နှင့် ကိုးကန့်အဖွဲ့တို့ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ဩဂုတ်လတွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာသည့်အတွက် မုံးကိုးမြို့အရှေ့ဘက် ၇ မိုင်ခန့်အကွာရှိ ကောင်းလုံကျေးရွာအုပ်စုမှ စစ်ရှောင် ၅၀၀ ကျော်သည် မုံးကိုးမြို့ခရစ်ယာန်နှစ်ခြင်းဘုရားကျောင်း၌ ဆက်လက်ခိုလှုံနေရသည်။

ယခုရက်ပိုင်းအတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ဖောင်းဆိုင်ကျေးရွာအုပ်စုအတွင်းမှ ဒေသခံအချို့မှာ နီးစပ်ရာ ကျေးရွာများနှင့် တောထဲသို့ သွားရောက်ပုန်းအောင်းနေရသည်ဟု သတင်းရကြောင်း ‌ဒေသခံတစ်ဦးက ပြောသော်လည်း လူဦးရေနှင့် အခြေအနေအသေးစိတ်ကို မသိရသေးပေ။

စစ်တပ်က ဖေဖော်ဝါရီ ၁ တွင် နိုင်ငံတော်အာဏာကို လက်နက်ပြသိမ်းယူလိုက်သည့်နောက် တိုင်းရင်းသားလက်နက်ကိုင်အချို့နှင့် တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး ခုခံမှုပြင်းထန်နေသည့် ကိုးကန့်လက်နက်ကိုင်အဖွဲ့များလှုပ်ရှားရာ မုံးကိုးဒေသကို စစ်ကောင်စီတပ်က အင်အားဖြည့်တင်းနေသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၁၅ ရက်တွင် MNDAA ပါဝင်သည့် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) အဖွဲ့ဝင် ၆ ဖွဲ့သည် စစ်ကောင်စီတပ်နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းလားမြို့တွင် တွေ့ဆုံခဲ့ပြီး ဆွေးနွေးပွဲရလဒ်များကိုမူ ထုတ်ပြန်ခဲ့ခြင်းမရှိပေ။

ထိုသို့ဆွေးနွေးပြီး ရက်အနည်းငယ်အကြာတွင် စစ်ကောင်စီတပ်က ကြည်းတပ်၊ လေတပ်နှင့် အမြောက်ကြီးများပါ အသုံးပြု၍ ကိုးကန့်လက်နက်ကိုင်အဖွဲ့ကို ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button