သတင်း

စစ်ကိုင်းမြို့အနီး ကျေးရွာအုပ်ချုပ်ရေးမှူးမိသားစု လုပ်ကြံခံရစဉ် နှစ်ဦးသေဆုံး 

မန္တလေးတစ်ဖက်ကမ်း စစ်ကိုင်းမြို့အနီးတွင် ယမန်နေ့ (ဒီဇင်ဘာ ၁၉) ညနေပိုင်းက စစ်တပ်ခေါ်ကာ ရွာ သားများကို ခြိမ်းခြောက်လေ့ရှိသည်ဆိုသော ကျေးရွာအုပ်ချုပ်ရေးမှူး လုပ်ကြံခံရစဉ် မိသားစုဝင်နှစ်ဦး သေဆုံးခဲ့သည်ဟု ဒေသခံသုံးဦးထံမှ သိရသည်။ 

စစ်ကိုင်းမြို့အနောက်ဘက် ဧရာဝတီမြစ်ကမ်းဘေးရှိ ပြည်တော်သာကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်မောင်စိုးမှာ မိသားစုနှင့်အတူ နေအိမ်၌ ရှိနေစဉ် အမည်မသိသူ ခြောက်ဦးက ဓားဖြင့် ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်ပြီး အုပ်ချုပ်ရေးမှူး၏ အမျိုးသမီးနှင့် သမီးတစ်ဦးသေဆုံးခဲ့ခြင်းဖြစ်သည်။ 

ဦးမောင်မောင်စိုးမှာ ဓားဖြင့် နှစ်ချက်ထိုးခံရသော်လည်း လာရောက်လုပ်ကြံသူများကို လုံးထွေးသတ်ပုတ်ကာ လွတ်မြောက်သွားကြောင်း၊ ဇနီးဖြစ်သူ အသက် ၄၆ နှစ်အရွယ် ဒေါ်လှိုင်လှိုင်ဝင်းနှင့် သမီးဖြစ်သူ အသက် ၂၂ နှစ်အရွယ် မအေးမြမြမွှေးမှာမူ ဓားဒဏ်ရာများဖြင့် သေဆုံးခဲ့သည်ဟု ပြည်တော်သားရွာသားတစ်ဦးနှင့် ကပ်လျက်ရှိ ရွာသစ်ကြီးရွာခံတစ်ဦးက Myanmar Now ကို အတည်ပြုသည်။​

“အုပ်ချုပ်ရေးမှူးရဲ့ မိန်းမနဲ့ သမီးက သေသွားတယ်။ အတည်ပြုနိုင်တာ အဲဒီနှစ်ယောက်ကတော့ သေတယ်။ အုပ်ချုပ်ရေးမှူးကတော့ မသေသေးဘူးတဲ့” ဟု အမည်မဖော်လိုသူ ရွာခံအမျိုးသားတစ်ဦးက ပြောသည်။ 

အုပ်ချုပ်ရေးမှူး ဦးမောင်မောင်စိုး၏ အငယ်ဆုံးသမီးဖြစ်သူ ၇ တန်းကျောင်းသူကိုမူ လုပ်ကြံသူများက အန္တရာယ်မပြုခဲ့ကြောင်း အထက်ပါရွာခံအမျိုးသားက ဆက်ပြောသည်။ 

“နင်မပါဘူး။ နင့်မလုပ်ဘူးလို့ ပြောသွားတယ်။ အဲဒီကလေးမလေးက သူ့ရဲ့ ဆွေမျိုးတွေကို ဖုန်းဆက်အကြောင်းကြားမှ ရွာကလူတွေက သိရတာ” ဟု ၎င်းက ပြောသည်။ 

ဦးမောင်မောင်စိုးနှင့် ၎င်း၏မိသားစုဝင်များသည် ၎င်းတို့အမြင်မကြည်သည့် ရွာခံများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နှင့် အဆက်အသွယ်ရှိသည်ဆိုကာ ဖမ်းခိုင်းလေ့ရှိသည့်ပြင် မထင်လျှင်မထင်သလို ခြိမ်းခြောက်လေ့ရှိသည်ဟု ဆိုသည်။

“စစ်တပ်ကို ခေါ်ပြီးတော့ အာဏာအမြဲပြတယ်။ သူတို့အုပ်ချုပ်တာ မခံလို့ရှိရင် သတ်ပစ်မယ်တို့၊ လာခဲ့ ပါးတွေရိုက်မယ်တို့ အဲလိုမျိုး။ သူမကြိုက်တဲ့သူ၊ သူတို့နဲ့ ပြဿနာတက်တဲ့သူဆိုရင် စစ်တပ်ကို ခေါ်ပြီးတော့ PDF နဲ့ အဆက်အသွယ်ရှိပါတယ်ဆိုပြီး အကြောင်းကြားတယ်” ဟု အထက်ပါရွာခံအမျိုးသားက ဆိုသည်။ 

စစ်အာဏာသိမ်းပြီးနောက် သံပုံးတီးဆန္ဒပြသူများကို ဦးမောင်မောင်စိုးက တိုင်ကြားသဖြင့် တစ်ဦးဖမ်းခံရသည့်နည်းတူ သီတင်းကျွတ်တွင် လူငယ်များက ဗြောက်ဖောက်သည်ကို နေအိမ်ကို ဗုံးပစ်သည်ဟုဆိုကာ တိုင်ကြားသဖြင့် ဖမ်းဆီးခံရသော လူငယ်များလည်းရှိကြောင်း ၎င်းက ဆိုသည်။

ဦးမောင်မောင်စိုး၏ ဇနီး ဒေါ်လှိုင်လှိုင်ဝင်းသည် စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်ဖြစ်ပြီး သမီးဖြစ်သူ မအေးမြမြမွှေးမှာလည်း စစ်ကောင်စီသတင်းပေးဟု ဒေသခံ ရွာသားနှစ်ဦးက ဆိုသော်လည်း Myanmar Now အနေဖြင့် သီးခြားအတည်မပြုနိုင်ပေ။ 

ဒေါ်လှိုင်လှိုင်ဝင်းမှာ နေအိမ်ရှေ့တွင် CCTV တပ်ဆင်၍ လှုပ်ရှားမှုများကို မှတ်တမ်းတင်သလို ဆန္ဒပြပွဲတွင် ပါဝင်ဖူးသူများနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီထောက်ခံသူများနှင့် ပတ်သက်၍ စစ်ကောင်စီကို သတင်းပေးလေ့ရှိသည်ဟု ပြည်တော်သာရွာခံ အမျိုးသမီးတစ်ဦးက ဆိုသည်။ 

အုပ်ချုပ်ရေးမှူးမိသားစုလုပ်ကြံခံရပြီး မိနစ်ပိုင်းအတွင်း ရဲများရောက်လာကာ သေနတ်ပစ်ဖောက်ကြောင်း၊ ထို့နောက် စစ်ကားသုံးစီးရောက်လာပြီး ရွာထဲသို့ ခြေလျင်လှည့်ကာ သေနတ်များပစ်ဖောက်ခဲ့သည်ဟုလည်း အထက်ပါ ဒေသခံများက ဆိုသည်။ 

ပြည်တော်သာအုပ်ချုပ်ရေးမှူးမိသားစု လုပ်ကြံခံရမှုနှင့် ပတ်သက်၍ ယမန်နေ့တွင် အသက် ၅၀ ကျော်အရွယ် အမျိုးသားတစ်ဦး၊​ ယနေ့တွင် လူငယ်အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို စစ်တပ်က ဖမ်းဆီးခဲ့သည်ဟု သိရသည်။ 

မန္တလေး – မုံရွာကားလမ်းဘေး၊ ဧရာဝတီမြစ်ကမ်းရှိ ပြည်တော်သာရွာတွင် အိမ်ခြေ ၆၀၀ ကျော်ရှိပြီး စစ်ကောင်စီရန်ကြောင့် ရွာသားများ ထွက်ပြေးတိမ်းရှောင်နေရသည်ဟုလည်း အထက်ပါဒေသခံများက ပြောသည်။ 

“တစ်ရွာလုံးရှောင်နေရတာပေါ့။ သူတို့(စစ်သားများ) က ရမ်းရမ်းသန်းသန်းပစ်ခတ်တာမျိုးတွေရှိတယ်။ နောက်ပြီး‌တော့ ရွာထဲက နည်းနည်းပိုက်ဆံရှိတဲ့အိမ်မျိုးတွေဆို သူတို့က ဝင်စီးပြီး‌တော့ ဘာယူ၊ ညာယူ အဲ့လိုမျိုးတွေရှိတယ်။ အဲဒီခါကျတော့ ရွာထဲမှာ တစ်ယောက်မှ မရှိဘူး” ဟု ပြည်တော်သာရွာခံ အမျိုးသမီးက ပြောသည်။ 

“မနေ့ညက သေနတ်ဖောက်ကတည်းက ပြေးကြတာ။ တချို့ကတော့ အခုမနက်ကျမှ ပြေးကြတာ။ ကိုယ့်အသက်ကိုပဲ လုပြေးရတာပေါ့။ ဘာမှကို မယူခဲ့ရဘူး။ ဒီအတိုင်းထားပစ်ခဲ့ရတာ” ဟု ထွက်ပြေးတိမ်းရှောင်နေသူ အထက်ပါအမျိုးသမီးက ဆိုသည်။ 

စစ်ကိုင်းမြို့အနီး ကျေးရွာအုပ်ချုပ်ရေးမှူးမိသားစု လုပ်ကြံခံရသည့်ဖြစ်စဉ်နှင့် ပတ်သက်၍ ဦးမောင်မောင်စိုး၏ ဆွေမျိုးများနှင့် စစ်ကောင်စီတာဝန်ရှိသူများကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိပေ။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button