သတင်း

လွိုင်ကော်မြို့နယ် ကွန်နားရွာတွင် နေအိမ်အများအပြား မီးထပ်ရှို့ခံရ

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ထီးစဲခါးကျေးရွာအုပ်စု၊ ကွန်နား(အပေါ်)ရွာတွင် ယနေ့ (ဒီဇင်ဘာ ၂၀) နံနက်၌ စစ်တပ်က နေအိမ် ၁၉ လုံးကို မီးထပ်ရှို့သွားကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) အဖွဲ့ဝင်တစ်ဦးနှင့် ဒေသခံတစ်ဦးထံမှ သိရသည်။  

ကွန်နား(အပေါ်) ရွာရှိ နေအိမ်များကို နံနက် ၈ နာရီခန့်တွင် စစ်သားအချို့က မီးရှို့သွားခြင်းဖြစ်ပြီး မီးလောင်နေဆဲ နေအိမ်သုံးလုံးကို အချိန်မီ ငြှိမ်းသတ်နိုင်ခဲ့ကြောင်း အဆိုပါရွာအနီး ရောက်ရှိနေသည့် KNDF တပ်ဖွဲ့ဝင်က Myanmar Now ကို ပြောသည်။

“ကျွန်တော်တို့က ရွာအစွန်မှာ၊ သူတို့က ရွာလယ်လမ်းမကြီးမှာ။ မီးရှို့ရင်းနဲ့ ထွက်သွားတာ။ မီးမရှို့ခင် သေနတ်နဲ့ ရွာထဲ ရမ်းသန်းပြီးပစ်တယ်။ သူတို့ဆုတ်ရင်းနဲ့ သေချာကို ရှို့သွားတာ” ဟု ၎င်းက ဆက်ပြောသည်။

ယနေ့တွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ထိုရွာမှ ဆုတ်ခွာသွားသည့် စစ်တပ်မှာ အင်အား ၁၃၀ ခန့်ရှိသည်ဟု ဆိုသည်။

စစ်သားများက ဆုတ်ခွာစဉ် ရွာထဲရှိ နေအိမ်အလုံး ၅၀ ကျော်မှ စားစရာများကို ယူဆောင်သွားပြီး အိမ်ထဲရှိ ပရိဘောဂနှင့် အသုံးအဆောင်ပစ္စည်းများကိုပါ ရိုက်ခွဲဖျက်ဆီးသွားသည်ဟု ထိုတပ်ဖွဲ့ဝင်က ပြောသည်။

ကွန်နားရွာခံတစ်ဦးကလည်း ယနေ့ နံနက်အစောပိုင်းက ရွာလမ်းမပေါ်ရှိ အိမ် ၇ လုံး မီးလောင်သည်ဟု ၎င်းကြားသိထားရပုံကို ပြောသည်။

“ကွန်နား(အောက်)ရွာမှာ နှစ်ရက်လား သုံးရက်လား မသိဘူး၊ နေပြီးမှ သူတို့ (စစ်တပ်) ဒီမနက်ဘဲ ထွက်ခွာတယ်။ စစ်ကြောင်းပြန်ထွက်တော့ တစ်ခါတည်း (အိမ်) ၇ လုံး မီးရှို့ခဲ့တယ်။ လမ်းနံဘေးမှာပဲ အကုန်လုံး အိမ်ကြီးအိမ်ကောင်းတွေပဲ” ဟု ကွန်နားရွာခံ ဦးရယ်က ပြောသည်။

ဒီဇင်ဘာ ၁၃ နှင့် ၁၆ တွင် ကွန်နားရွာအနီးတစ်ဝိုက် စစ်တပ်နှင့် KNDF, KA (ကရင်နီတပ်မတော်) ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ခဲ့ရာ ဒီဇင်ဘာ ၁၃ ကတည်းက ဒေသခံများ ထွက်ပြေးနေရသည်။

“ကျွန်တော်တို့ကို နိုင်ငံတကာက ကယ်မဲ့လူ မရှိတော့ဘူးလား မသိဘူး။ ဒုက္ခရောက်ကုန်ပြီလေ။ သူတို့ (စစ်တပ်) လာလာပြီးမှ ပြည်သူတွေရဲ့ အိုးအိမ်စည်းစိမ်ကို ဖျက်ဆီးကုန်ပြီလေ။ ကယ်မဲ့လူလည်း မတွေ့နိုင်တော့ဘူးထင်တယ်” ဟု ဦးရယ်က ဆိုသည်။

ယမန်နေ့တွင်လည်း ကွန်နားရွာတွင် နေအိမ် အလုံး ၂၀ ခန့် မီးရှို့ခံရသည်ဟု KNDF ဘက်က ထုတ်ပြန်ခဲ့သော်လည်း Myanmar Now အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

မေလနှောင်းပိုင်းမှစ၍ ဒီဇင်ဘာ ၇ အထိ စစ်တပ်က လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်မှုနှင့် မီးရှို့မှုများကြောင့် ကယားပြည်နယ် လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆိုမြို့နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်တို့တွင် နေအိမ်၊ ဘုရားကျောင်း စသည့် အဆောက်အအုံ ၄၀၀ ပျက်စီးဆုံးရှုံးခဲ့ကြောင်း ကရင်နီအရပ်ဘက်လူမှုအဖွဲ့ကွန်ရက်က သတင်းထုတ်ပြန်ထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button