သတင်း

လေးကေ့ကော်တွင် စစ်တပ်က လက်နက်ကြီးများပစ်ခတ်ကာ ထိုးစစ်ဆင်နေဆဲဖြစ်  

ထိုင်းနိုင်ငံနှင့် ထိစပ်နေသည့် မြဝတီမြို့နယ် လေးကေ့ကော်နှင့် ဖလူးဒေသတွင် အာဏာသိမ်းစစ်ကောင်စီက လက်နက်ကြီးများပစ်ခတ်ကာ ထိုးစစ်ဆင်နေဆဲဖြစ်ပြီး တိုက်ပွဲများဆက်လက်ပြင်းထန်နေကြောင်း စစ်ဘေးရှောင်အချို့နှင့် နီးစပ်ရာ ဒေသတွင်းသတင်းများက ဆိုသည်။​

ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်မှုအောက်ရှိ လေးကေ့ကော်မြို့ အုပ်ချုပ်ရေးမှူးရုံးရှိရာကို စစ်ကောင်စီတပ်က ယနေ့ (ဒီဇင်ဘာ ၂၀) နံနက်ပိုင်းတွင် အမြောက်ကြီးများနှင့် ပစ်ခတ်နေပြီး၊ သောင်ရင်းမြစ်ကမ်းဘေးရှိ ဖလူးစစ်ဘေးရှောင်စခန်းတွင်လည်း လက်နက်ကြီးနှစ်လုံး ကျရောက်ပေါက်ကွဲသည်ဟု စစ်ဘေးရှောင် အမျိုးသားတစ်ဦးက Myamar Now ကို ပြောသည်။​

လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ၎င်း၏သားငယ်တွင် အနည်းငယ်ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဖလူးစစ်ဘေးရှောင်စခန်းရှိ ယင်းအမျိုးသားက ပြောသည်။ 

“တစ်လုံးက ကလေးတွေ ကစားနေတဲ့အနားကို ကျတယ်။ ကျွန်တော့်သားအကြီးကောင်ရဲ့ အောက်မေးစေ့ကို အစမှန်တယ်။ ကျတာက ကလေးတွေဆော့တဲ့နေရာနဲ့ ပေ ၃၀ လောက်ပဲ ကွာမယ်။ သောင်ရင်းမြစ်ကမ်းစပ်နားဆိုတော့ သဲတွေများတဲ့နေရာမို့လို့ ကံကောင်းတယ် ပြောရမယ်။ မြေအမာနေရာဆိုရင်တော့ မတွေးဝံ့ဘူး။ ကျွန်တော်ဆို စိတ်တိုလွန်းလို့ အသားတွေတုန်နေတာ” ဟု ၎င်းက ပြောသည်။ 

စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ထိခိုက်ဒဏ်ရာရသူ မည်မျှရှိသည်ကို မသိရသော်လည်း ထိုင်းနိုင်ငံဘက်ခြမ်းသို့ ရာနှင့်ချီသော စစ်ဘေးရှောင်များ သောင်ရင်းမြစ်ကို ဖြတ်ကာ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု အဆိုပါအမျိုးသားက ဆိုသည်။​

ယမန်နေ့ ညနေ ၆ နာရီဝန်းကျင်ကလည်း စစ်ဘေးရှောင်များ ယာယီခိုလှုံနေရာအနီးသို့ စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်သဖြင့် ရာနှင့်ချီသော စစ်ဘေးရှောင်များ ထိုင်းနိုင်ငံဘက်ခြမ်း ထွက်ပြေးတိမ်းရှောင်ကြရသည်။ လူမှုကွန်ရက်တွင် တွေ့ရှိရသော ရုပ်သံမှတ်တမ်းများနှင့် ဓာတ်ပုံများအရ သောင်ရင်းမြစ်ကို ခြေလျင်ဖြတ်ကူးနေသော မြန်မာစစ်ဘေးရှောင်များကို အစုလိုက်အပြုံလိုက် တွေ့ရသည်။

ယနေ့နံနက်ပိုင်းတွင် တိုက်ပွဲများ ဆက်ဖြစ်နေဆဲဖြစ်ကြောင်း သောင်ရင်းမြစ်ကမ်းဘေးရှိ ဖလူးရွာတွင် စစ်ဘေးရှောင်နေသည့် အသက် ၆၀ ဝန်းကျင် နိုင်ငံရေးအကျဉ်းသားဟောင်း အမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။​

“အခုကလည်း ဖလူးရွာနားမှာ တိုက်ပွဲက ဖြစ်နေတုန်းပဲ။ လေးကေ့ကော်ကိုရအောင် ဒီကောင် (စစ်ကောင်စီတပ်) လုပ်နေတယ်။ ဗျူဟာကုန်း၊ မဲထော်သလေး၊ ပဟိကလော်ကတော့ အဆိုးဆုံးပေါ့” ဟု ယနေ့ နံနက်ပိုင်း ဆက်သွယ်မေးမြန်းရာတွင် ၎င်းက ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ PVTV ရုပ်သံက ယမန်နေ့တွင် ထုတ်ပြန်ခဲ့သော စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိသော စစ်လက်နက်ပစ္စည်းများ။ 

လေးကေ့ကော်မြို့သစ်ကို အဓိကထား၍ ခြောက်ရက်ဆက်တိုက် ထိုးစစ်ဆင်တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီကို ခုခံတိုက်ခိုက်ရန် တပ်မဟာ ၇ ခုလုံးကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) က ပစ်မိန့်ပေးလိုက်ပြီဖြစ်ကြောင်း KNU စစ်ဘက်ဆိုင်ရာထိပ်တန်းအရာရှိများကို ကိုးကား၍ Salween Press သတင်းဌာနက ယနေ့ နံနက်ပိုင်းတွင် ရေးသားသည်။​

မကြာသေးခင်က KNU နှင့် KNLA မှ စစ်ဘက်ဆိုင်ရာ ထိပ်ပိုင်းခေါင်းဆောင်များ ဆွေးနွေးပြီးနောက် တပ်မဟာ ၇ ခုလုံးကို ထိုသို့ ခုခံတိုက်ခိုက်ရန် အမိန့်ပေးလိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။​

ယမန်နေ့တွင်လည်း လေးကေ့ကော်မြို့သစ်အနီး မေတ္တာလင်းမြိုင်နှင့် မဲထော်သလေးကြားတွင် နံနက်ပိုင်းမှ ညနေပိုင်းအထိ စစ်ကောင်စီတပ်နှင့် KNU/PDF ပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲပြင်းထန်ခဲ့သည်။​

လေးကေ့ကော်မြို့သစ်အနီး မဲထော်သလေးရွာ၌  သေဆုံးရုပ်အလောင်းများ လာကောက်ပြီးနောက် စစ်တပ်က လက်နက်ကြီးများ စတင်ပစ်ခတ်ကာ ချက်ချင်းထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း KNU နှင့် နီးစပ်သည့် ဒေသခံတစ်ဦးက ယမန်နေ့တွင် Myanmar Now ကို ပြောကြားသည်။​

မေတ္တာလင်းမြိုင်နှင့် မဲထော်သလေးအကြား ငါးရက်မြောက်နေ့အဖြစ် စစ်ကောင်စီနှင့် KNLA/PDF ပူးပေါင်းအဖွဲ့တို့ အပြင်းအထန်တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီဘက်မှ တပ်ခွဲမှူး ၂ ဦး၊ ဒုတပ်ခွဲမှူး ၂ ဦး အပါအဝင် ၅၀ နီးပါး သေဆုံးပြီး လက်နက် ၁၂ လက်နှင့် လက်ပစ်ဗုံး၊ ကျည်ဆန်များ သိမ်းဆည်းရမိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ PVTV ရုပ်သံက ယမန်နေ့ညတွင် သတင်းထုတ်ပြန်သည်။

တိုက်ပွဲဖြစ်ပွားရာ ဒေသတွင် စစ်ကောင်စီ၏ လေယာဉ်များပျံဝဲနေကြောင်းလည်း NUG ၏ တောင်ပိုင်းတိုင်းစစ်မြေပြင်သတင်းနှင့်ပြန်ကြားရေးကို ကိုးကား၍ ထုတ်ပြန်ချက်က ဆိုသည်။ 

လေးကေ့ကော်မြို့သစ်တွင် ခိုလှုံနေသော CDM လှုပ်ရှားမှုတွင် ပါဝင်နေသူများနှင့် လွှတ်တော်အမတ်အချို့ကို ဒီဇင်ဘာ ၁၄ ရက်တွင် စစ်တပ်က အတင်းအကျပ်ဝင်ရောက်ရှာဖွေဖမ်းဆီးရာမှ KNU ဦးဆောင်သော ပူးပေါင်းအဖွဲ့များနှင့် တိုက်ပွဲစတင်ခဲ့ခြင်းဖြစ်သည်။

ယမန်နေ့ (ဒီဇင်ဘာ ၁၉) တိုက်ပွဲအတွင်း စစ်ကောင်စီဘက် သေဆုံးခဲ့သည့် ရုပ်အလောင်းများကို တွေ့ရစဉ်။ (ဓာတ်ပုံ – CJ) 

လေးကေ့ကော်မြို့သစ်ရှိ စစ်ကောင်စီတပ်၏ အမြောက်ကုန်းကို KNLA ဦးဆောင်သော ပူးပေါင်းအဖွဲ့များက ဆက်လက်ပိတ်ဆို့ထားသည်ဟု ကရင်ပြည်နယ်အခြေစိုက် KIC သတင်းဌာနက ယမန်နေ့တွင် ရေးသားဖော်ပြသည်။​

လက်ရှိတွင် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် လေးကေ့ကော်မြို့သစ်၊ မဲထော်သလေး၊ ပဟိကလော်၊ ထီးမယ်ဝါးခီး၊ ရသေ့ဂူ စသည့် ကျေးရွာများမှ ထောင်နှင့်ချီသော ဒေသခံများမှာ နယ်စပ်ရှိ သောင်ရင်းမြစ်ကမ်းဘေး ရွာတချို့နှင့် ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။

ခိုလှုံနေသူများအနက် နေရပ်ပြန်လိုသူများကို ထိုင်းအစိုးရက ဒီဇင်ဘာ ၁၇ နှင့် ၁၈ တွင် ပြန်ပို့ပေးရာ လူဦးရေ ၂၀၀ နီးပါး ပြန်သွားခဲ့ကြသော်လည်း ယမန်နေ့ ညနေပိုင်းတွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြန်လာရသူများရှိနေသည်ဟု ထိုင်းဘက်ခြမ်းတွင် ခိုလှုံနေသူ စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ယနေ့ နံနက်ပိုင်းတွင် Myanmar Now ကို ပြောသည်။​

“နှစ်ရက်ဆက်တိုက် ပြန်ချင်တဲ့သူပြန်လို့ရပါတယ်ဆိုပြီး ပြန်ကြတာ၊ မနေ့က ပို့ပြီး သိပ်မကြာဘူး။ လက်နက်ကြီးနဲ့ ထုလို့ ပြန်လာကြရတယ်။ ဗုံးဆန်ထိပြီး ပြန်လာရတာ။ လူနာတင်ကားနဲ့ ဆေးရုံတင်ပြီး ခေါ်သွားတယ်” ဟု ၎င်းက ပြောသည်။

လက်နက်ကြီးကျည်ဆန် ကျရောက်ပေါက်ကွဲမှုကြောင့် ကျည်စထိမှန်ဒဏ်ရာရသူအရေအတွက်ကိုမူ သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။​

ထိုင်းဘက်ခြမ်းတွင် ခိုလှုံနေသူ စစ်ဘေးရှောင်များအနက် ၃၀၀ ကျော်မှာ ဝမ်းပျက်ဝမ်းလျှောဖြစ်နေကြောင်း၊ လက်ရှိတွင် ကုသပေးနေသူ CDM ဆရာဝန်တစ်ဦးသာရှိသော်လည်း ထိုင်းအစိုးရတာဝန်ရှိသူများက စီစဉ်ဆောင်ရွက်ပေးနေသည်ဟုလည်း အထက်ပါ စစ်ဘေးရှောင်အမျိုးသမီးက ဆိုသည်။ 

စစ်ကောင်စီရန်ကြောင့် မြန်မာဘက်ခြမ်း သောင်ရင်းမြစ်ကမ်းဘေးရှိ ဖလူးစစ်ဘေးရှောင်စခန်းသို့ ယမန်နေ့ညပိုင်းတွင် လူတစ်ထောင်ခန့် ထပ်မံရောက်ရှိလာကြောင်း ထိုစခန်းတွင် ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက Myanmar Now ကို ပြောသည်။ 

လေးကေ့ကော်ကဲ့သို့ KNU ထိန်းချုပ်နယ်မြေများတွင် လာရောက်တိမ်းရှောင်သူများအနေဖြင့် တိုက်ပွဲဖြစ်လာနိုင်သည့်အပေါ် ကြိုတင်ပြင်ဆင်ရန် အားနည်းခဲ့သည်ဟု ရန်ကုန်မှ လာရောက်ခိုလှုံနေသူ အမျိုးသမီးတစ်ဦးက ဆိုသည်။

အသက် ၃၇ နှစ်အရွယ် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ အဆိုပါ အမျိုးသမီးမှာ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွင် ပါဝင်မှုဖြင့် အင်းစိန်ထောင်တွင် တစ်လကြာ ထိန်းသိမ်းခံရပြီး မတ်လအတွင်း ပြန်လည်လွတ်မြောက်ခဲ့သူဖြစ်သည်။ ထို့နောက် လေးကေ့ကော်မြို့သစ်တွင် ခိုလှုံနေစဉ် တိုက်ပွဲများကြောင့် လက်ရှိတွင် ဖလူးရွာအနီး စစ်ဘေးရှောင်နေရသူဖြစ်သည်။ 

“တကယ့်တကယ် တိုက်ပွဲဖြစ်ပြီဆိုတဲ့အခါ အများကြီးပဲ ဒုက္ခရောက်ကြတယ်။ အဲဒါတွေကို ကျွန်မတို့ ကြိုတင်ပြင်ဆင်ဖို့အတွက် မလုပ်ထားမိတာမျိုး ရှိတယ်။ ကိုယ်ကိုယ်တိုင်ပါပဲ၊ ဘာမှ မပြင်ဆင်ထားမိတာလေးတွေ ရှိတယ်” ဟု ၎င်းက ပြောသည်။ 

ဖလူးရွာတွင် စစ်ဘေးရှောင်နေသူ နိုင်ငံရေးအကျဉ်းသားအမျိုးသားကလည်း “၈၈ တုန်းကတော့ နိုင်ငံရေးလုပ် ထောင်ကျပေါ့။ အသက်အရွယ်က ၆၀ နီးပါးရှိနေပြီ။ အခုကတော့ တိုက်မဲ့သူတွေကို နောက်ကနေ ကိုယ်နိုင်သလောက် ပံ့ပိုးပေးနေရတာပေါ့။ ဒီကောင်တွေ (စစ်တပ်) က ညှိယူလို့မရဘူး။ တိုက်ယူမှရမှာ” ဟု ပြောသည်။ 

လေးကေ့ကော်ဒေသတွင် ဖြစ်ပွားနေသော တိုက်ပွဲများနှင့် ပတ်သက်၍ KNU နှင့် NUG တာဝန်ရှိသူများကို Myanmar Now က ဆက်သွယ်မေးမြန်းသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button