သတင်း

လေးကေ့ကော်တွင် စစ်တပ်က အလောင်းလာကောက်ပြီးနောက် တိုက်ပွဲပြင်းထန်

ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက်ရှိ လေးကေ့ကော်မြို့သစ်အနီးတွင် စစ်တပ်က အလောင်းလာကောက်ပြီးနောက် ယနေ့ (ဒီဇင်ဘာ ၁၉) နံနက်ပိုင်းမှစ၍ ညနေပိုင်းအထိ တိုက်ပွဲများပြင်းထန်နေကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် နီးစပ်သည့် ဒေသခံတစ်ဦးနှင့် စစ်ရှောင်တစ်ဦးထံမှ သိရသည်။ 

လေးကေ့ကော်မြို့သစ်အနီး မဲထော်သလေးရွာ၌ သေဆုံးရုပ်အလောင်းများကောက်ရန် နံနက် ၉ နာရီဝန်းကျင်တွင် စစ်တပ်က ဆက်သွယ်၍ ခွင့်ပြုချက်တောင်းခံရာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) က ခွင့်ပြုပေးခဲ့သည်။

နံနက် ၁၀ နာရီခန့်တွင် မဲထော်သလေးရွာမှ စစ်သားအလောင်း ၆ လောင်းကို လူနာတင်ကားနှစ်စီးဖြင့် လာရောက်သယ်ယူသွားပြီးနောက် စစ်တပ်က လက်နက်ကြီးများ စတင်ပစ်ခတ်ကာ ချက်ချင်းထိုးစစ်ဆင် တိုက်ခိုက်သည်ဟု အမည်မဖော်လိုသူ ထိုဒေသခံက Myanmar Now ကို ပြောသည်။​ 

“ကားပြန်ထွက်သွားပြီးတော့ ချက်ချင်းတက်လာတာပဲ။ ထိုးစစ်ဆင်တာ။ ကျွန်တော်တို့က ထိုးစစ်မဆင်ပါဘူး။ သူတို့ ထိုးတက်လာလို့ ခုခံပစ်တာ။ အလောင်းကောက်ပြီး ကားပြန်လွန်တာနဲ့ ပစ်တာ။ အခုနလေးတင် (ပစ်ခတ်သံ) ရပ်သွားတယ်” ဟု ယနေ့ ညနေ ၄ နာရီခွဲအချိန် ဆက်သွယ်မေးမြန်းရာတွင် ၎င်းက ပြောသည်။

စစ်တပ်က လက်နက်ကြီးပစ်ကူ အားကိုးလျက် နယ်ခြားစောင့်တပ် (BGF) နှင့် ပူးပေါင်းကာ အင်အား ၂၀၀ ခန့်ဖြင့် မဲထော်သလေးရွာသို့ ထိုးစစ်ဆင်ချီတက်လာသဖြင့် နှစ်ဖက်တိုက်ပွဲပြင်းထန်ခြင်းဖြစ်ကြောင်း ကရင်ပြည်နယ်အခြေစိုက် KIC သတင်းဌာနက ရေးသားထားသည်။ 

ယနေ့တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှု ရှိမရှိအခြေအနေကိုမူ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးဘဲ KNU ကလည်း ထုတ်ပြန်ပြောဆိုခြင်း မရှိပေ။ 

သို့သော် မေတ္တာလင်းမြိုင်နှင့် မဲထော်သလေးကြား ယနေ့ဖြစ်ပွားသည့် တိုက်ပွဲအတွင်း စစ်ကောင်စီဘက် မှ ၉ ဦးသေဆုံးသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ထားသည်။​ ထို့ပြင် ၆၀ မမ တစ်လက်၊ MA1 (၄) လက်၊ Sniper (၂) လက်၊ ပစ္စတို (၂) လက်  စုစုပေါင်းလက်နက် ၉ လက် သိမ်းဆည်းရမိခဲ့သည်ဟုလည်း NUG က ဆိုသည်။​

သိမ်းဆည်းရမိသည့် လက်နက်များတွင် ပစ္စတိုပါသဖြင့် စစ်ကောင်စီဘက်မှ သေဆုံးသူများတွင် အရာရှိပါနိုင်ကြောင်း၊ အသေးစိတ်ဆက်လက်ထုတ်ပြန်မည်ဟု NUG ၏ PVTV ရုပ်သံသတင်းတွင် ဖော်ပြသည်။ 

စစ်ကောင်စီတပ်သည် ယနေ့ ညနေ ၄ နာရီအထိ လေးကေ့ကော်တောင်ဘက်ရှိ အမြောက်ကုန်းပေါ်မှနေ၍ လက်နက်ကြီးများဖြင့် ပစ်ခတ်လျက်ရှိပြီး မဲထော်သလေးရွာသို့ ဦးတည်ချီတက်လာသော စစ်သားများနှင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်သည်များလည်းရှိသည်ဟု အမည်မဖော်လိုသူ စစ်ဘေးရှောင်တစ်ဦးက Myanmar Now ကို ပြောသည်။ 

လေးကေ့ကော်မြို့သစ်တွင် ခိုလှုံနေသည့် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်သူများနှင့် လွှတ်တော်အမတ်အချို့ကို စစ်ကောင်စီက ဒီဇင်ဘာ ၁၄ တွင် အင်အားရာဂဏန်းဖြင့် ဝင်ရောက်ဖမ်းဆီးရာမှ KNU ဦးဆောင်သော ပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲစတင်ခဲ့ခြင်းဖြစ်သည်။ 

တိုက်ပွဲများကြောင့် ‌လေးကေ့ကော်မြို့သစ်၊ မဲထော်သလေး၊ ပဟိကလော်၊ ထီးမယ်ဝါးခီး၊ ရသေ့ဂူ စသည့် ကျေးရွာများမှ ထောင်နှင့်ချီသော ဒေသခံများသည် ထိုင်း – မြန်မာ နယ်စပ်ရှိ ဖလူးကြီး၊ ဖလူးလေး စသည့် ကျေးရွာများဘက်သို့ တိမ်း‌ရှောင်နေရပြီး၊ ထိုင်းနိုင်ငံဘက်တွင်လည်း စစ်ရှောင် ၂၅၀၀ ကျော် ရောက်ရှိနေသည်။ 

လက်ရှိတွင် စစ်ဘေးရှောင်များအတွက် အစားအသောက်နှင့် အနွေထည်များ လိုအပ်နေသည်ဟု အထက်ပါ စစ်ဘေးရှောင်က ပြောသည်။ 

“နေရာထိုင်ခင်းက သိပ်မလုံလောက်ဘူး။ ဖြစ်သလို စုစပ်ပြီးအိပ်ရတယ်။ နံပါတ် ၁ ကတော့ အေးတယ်၊ ချမ်းတယ်။ စားရေးသောက်ရေးက ဟိုဘက်(ထိုင်းဘက်) ကနေ ပို့ပေးတယ်။ ခွဲတမ်းနည်းနည်းပေးတယ်။ ဒါပေမဲ့ မလုံလောက်ဘူး။ ကလေးတွေတော့ သနားစရာကောင်းတာပေါ့။ ကြောက်လန့်နေကြတာပေါ့ဗျာ” ဟု ၎င်းက ပြောသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button