သတင်း

လေးကေ့ကော်တွင် စစ်ရေးတင်းမာနေဆဲ၊ စစ်ရှောင်များ အခက်တွေ့နေ

တိုက်ပွဲများဆက်နေသည့် ကရင်ပြည်နယ် မြဝတီမြို့နယ် လေးကေ့ကော်တွင် ယမန်နေ့ (ဒီဇင်ဘာ ၁၈) တွင် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တို့အကြား ပစ်ခတ်မှုရှိနေကာ အခြေအနေတင်းမာနေဆဲဖြစ်သည်။ 

လေးကေ့ကော်မြို့အရှေ့တောင်ဘက်ရှိ စစ်ကောင်စီစခန်းကုန်းမှ ရေခပ်ဆင်းသည့် စစ်သားများကို KNLA နှင့် ပူးပေါင်းတပ်များက ယမန်နေ့ နံနက် ၁၁ နာရီခန့်က တိုက်ခိုက်ရာ စစ်တပ်ဘက်မှ တစ်ဦးသေဆုံးနိုင်ကြောင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်ခဲ့ကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက Myanmar Now ကို ပြောသည်။

ထို့အတူ လေးကေ့ကော်မှ နာရီဝက်ပင် ခရီးမရှိသည့် မဲထော်သလေးရွာအနီး စစ်ကောင်စီလက်အောက်ခံ ကရင်ပြည်နယ်နယ်ခြားစောင့်တပ်ဖွဲ့ (BGF) ၏ အင်ကြင်းမြိုင်ဂိတ်ကို ဒီဇင်ဘာ ၁၇ ရက် ညတွင် KNLA က သိမ်းပိုက်သည်ဟု လက်နက်ကိုင်အဖွဲ့များနှင့် နီးစပ်သည့် ထိုသတင်းရင်းမြစ်ကပင် ဆက်ပြောသည်။

“(စစ်ကောင်စီ၏) အမြောက်ကုန်းကို သိမ်းလိုက်တယ်ဆိုပြီး သတင်းကြားနေတာ။ အဲဒါနဲ့ လိုက်စုံစမ်းကြည့်လိုက်တော့ အမြောက်ကုန်းကို သိမ်းတာမဟုတ်ဘဲ မဲထော်သလေးကို အမြောက်ကုန်းက လှမ်းပစ်နေတာ။ KNU ဘက်ကနေ သိမ်းတာက အင်ကြင်းမြိုင်ကို သိမ်းလိုက်တာ” ဟု ၎င်းက ပြောသည်။

လေးကေ့ကော်မြို့မှာ ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်း၏ အကူအညီဖြင့် ၂၀၁၅ ခုနှစ်အတွင်းက တည်ဆောက်ထားသည့် ငြိမ်းချမ်းရေးအထိမ်းအမှတ်မြို့ဖြစ်ပြီး ဒေသလုံခြုံရေးနှင့် အုပ်ချုပ်ရေးကို KNU က တာဝန်ယူထားသည်။

လေးကေ့ကော်မြို့တွင် ခိုလှုံနေသည့် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်နေသူနှင့် လွှတ်တော်အမတ်အချို့ကို စစ်ကောင်စီတပ်က အင်အား ၂၀၀ ခန့်ဖြင့် ဒီဇင်ဘာ ၁၄ ရက်တွင် ဝင်ရောက်ရှာဖွေ ဖမ်းဆီးခဲ့ပြီးနောက် KNLA နှင့် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ 

၁၈ ဦးသေဆုံး၊ ၈ ဦး ဖမ်းခံရပြီးနောက် စစ်ကောင်စီတပ်က ဒီဇင်ဘာ ၁၆ ရက်တွင် လေးကေ့ကော်မြို့တွင်းမှ ပြန်ဆုတ်ကာ မြို့အရှေ့တောင်ဘက်ရှိ ၎င်းတို့၏ စခန်းကုန်း၌ ပြန်လည်နေရာယူထားသည်။

လေးကေ့ကော်တိုက်ပွဲအခြေအနေနှင့် စစ်ဘေးဒုက္ခသည်အရေအတွက် အခြေပြမြေပုံ။ ဒီဇိုင်း − Myanmar Now

လေးကေ့ကော်မြို့မှစ၍ မြဝတီနှင့် ကပ်လျက်ရှိ မဲထော်သလေးအပြင် ကော့ကရိတ်-မြဝတီ အာရှလမ်းပေါ်ထိ စစ်မျက်နှာကျယ်ပြန့်ခဲ့ပြီး ယမန်နေ့အထိ ငါးရက်အတွင်း စစ်ကောင်စီဘက်မှ ၃၀ ခန့် သေဆုံးသည်ဟု KNU ၏ ဒူးပလာယာခရိုင်ပြန်ကြားရေး၏ ထုတ်ပြန်ချက်များက ဆိုသည်။​

မဲထော်သလေးတိုက်ပွဲအတွင်း ၎င်းတို့ဘက်မှ ပျောက်ဆုံးနေသူ နှစ်ဦးခန့်၊ တိုက်ပွဲများအတွင်း ပြင်းထန်ဒဏ်ရာရသူအချို့နှင့် သေဆုံးသူတစ်ဦးရှိနိုင်သည်ဟုသာ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဘီဘီစီသတင်းဌာနကို ပြောထားသည်။

လေးကေ့ကော်မြို့တွင် ဖမ်းဆီးရမိသော စစ်ကောင်စီတပ်သားများကို ကောင်းမွန်စွာထားသည်ဟု မှတ်တမ်းဓာတ်ပုံများနှင့်တကွ KNU က သတင်းထုတ်ပြန်ထားသည်။

လေးကေ့ကော်မြို့သစ်နှင့် အနီးတစ်ဝိုက်ဒေသများကို KNLA နှင့် ပူးပေါင်းတပ်များက ထိန်းချုပ်ထားချိန် ပိတ်မိနေသည့် တပ်များကို ကယ်ထုတ်ရန် စစ်ကောင်စီက စစ်အင်အားဖြည့်တင်း ပို့လွှတ်နေသည်ဟု ဒေသတွင်းသတင်းများက ဆိုသည်။ 

မြဝတီနှင့် လေးကေ့ကော်မြို့နယ်များဘက်သို့ စစ်အင်အားဖြည့်တင်းရန် ယမန်နေ့ နံနက်က ဘားအံမြို့မှ စစ်ကား ၁၃ စီး မြဝတီမြို့နယ်ဘက်သို့ တက်လာကြောင်း၊ စစ်ရဟတ်ယာဉ်နှင့် လေယာဉ်များ ပျံဝဲနေကြောင်းလည်း သိရသည်။ 

အထက်ပါအခြေအနေအပေါ် သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။ ထို့ပြင် ကရင်ပြည်နယ် မြဝတီတစ်ဝိုက်တွင် စစ်ရေးအခြေအနေ တင်းမာနေခြင်းအပေါ် KNLA နှင့် စစ်ကောင်စီတာဝန်ရှိသူများထံ ဆက်သွယ်မေးမြန်းသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

တိုက်ပွဲများကြောင့် ‌လေးကေ့ကော်မြို့မှ ရပ်ကွက် ၆ ခုအပြင် မဲထော်သလေး၊ ပဟိကလော်၊ ထီးမယ်ဝါးခီး၊ ရသေ့ဂူ စသည့် ကျေးရွာများမှ စစ်ရှောင် ၇၀၀၀ ကျော်သည် ထိုင်းနယ်စပ်ရှိ ဖလူးကြီး၊ ဖလူးလေး စသည့် ကျေးရွာများဘက်သို့ တိမ်း‌ရှောင်နေရကြောင်း ထိုင်းနိုင်ငံဘက်တွင်လည်း စစ်ရှောင် ၂၅၀၀ ခန့်ရောက်ရှိနေကြောင်း စစ်ရှောင်အမျိုးသားတစ်ဦးက ပြောသည်။

ထိုင်းနိုင်ငံဘက်တွင်ရောက်ရှိနေသည့် စစ်ရှောင်များကို ထိုင်းအာဏာပိုင်များက နယ်စပ်နှင့် ၄ မိုင်ခန့်ဝေးသည့် မဲတောင် (Mae Tao) မြို့မှ စာသင်ကျောင်းတစ်ခုတွင် နေရာချထားပေးကြောင်း၊ အစားအသောက်ဖူလုံသော်လည်း ကျန်းမာရေးစောင့်ရှောက်မှုနှင့် သုံးရေလုံလောက်မှု မရှိကြောင်း ၎င်းက ပြောသည်။

စစ်ရှောင် လူဦးရေ ၂၅၀၀ ကျော်အတွက် ဆရာဝန်တစ်ဦးသာရှိကြောင်း၊ အိမ်သာခြောက်လုံးသာရှိပြီး သုံးရေမလုံ‌လောက်ကြောင်း၊ လူသစ်များထပ်ရောက်နေကြောင်းလည်း ထိုသူက ဆက်လက်ပြောသည်။

“ညဘက် နှင်းကျတော့ Tank( ရွက်ဖျင်တဲ) အပြင်ဘက်မှာ အိပ်တဲ့သူတွေကျတော့ ဒုက္ခတော်တော်ရောက်တယ်” ဟု ၎င်းက ပြောသည်။

လေးကေ့ကော်မှ စစ်ဘေးဒုက္ခသည်အချို့ကို ဒီဇင်ဘာ ၁၇ ရက်တွင် တွေ့ရစဉ်။ ဓာတ်ပုံ − KIC

ဒီဇင်ဘာ ၁၆ ရက်တွင် စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည်တစ်လုံး ထိုင်းနိုင်ငံဘက်ခြမ်းရှိ စစ်ရှောင်များ ယာယီရွှေ့ပြောင်းလာသည့် နွားခြံအနီး ကျရောက်ပေါက်ကွဲမှုကြောင့် အဘွားအိုတစ်ဦး ဒဏ်ရာရခဲ့၍ ထိုင်းစစ်တပ်က နယ်စပ်အနီး သံချပ်ကာယာဉ်ဖြင့်ပါ ကင်းလှည့်နေသည်ဟု ထိုသူ့ထံမှ သိရသည်။

စစ်ကောင်စီတပ်၏ လေးကေ့ကော်မြို့အတွင်း ဝင်ရောက် ဖမ်းဆီး၊ နှောင့်ယှက်ဖျက်ဆီးမှုများသည် ငြိမ်းချမ်းရေးကို ဖျက်ဆီးခြင်းနှင့်အတူ လူ့အခွင့်အရေးချိုးဖောက်မှုများ ပြုလုပ်ခြင်းလည်းဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) က ဒီဇင်ဘာ ၁၆ ရက်တွင် ထုတ်ပြန်ထားသည်။

ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းစွာ ဆန္ဒပြသည်ကိုပင် ပစ်ခတ်နှိမ်နင်းသည့် စစ်ကောင်စီကို နိုင်ငံအနှံ့ တော်လှန်မှုများ တိုးလာနေသည်။

ထိုအခြေအနေတွင် တော်လှန်ရေးအစဉ်အလာကြီးသည့် KNU/KNLA ၏ ခုခံမှုကိုပါ စစ်ကောင်စီ ရင်ဆိုင်နေရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button