သတင်း

လေးကေ့ကော်တွင် KNU နှင့် စစ်ကောင်စီ တိုက်ပွဲဖြစ်၊ BGF များ စစ်ကူရန် ထွက်ခွာ

ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေဖြစ်သည့် လေးကေ့ကော်မြို့သစ်တွင် တိုက်ပွဲ အပြင်းအထန်ဖြစ်နေပြီး မြဝတီမြို့ပေါ်ရှိ ကရင်နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့ဝင်များက စစ်ကောင်စီတပ်ကို စစ်ကူရန် ထွက်ခွာသွားသည်ကို တွေ့ရကြောင်း ဒေသခံအမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။

​​​​​​မွန်းလွဲ ၁ နာရီခန့်က ထွက်ခွာသွားသူများထဲတွင် ကာစီနိုရုံတွင် လုံခြုံရေးယူထားသူများပါဝင်ကြောင်း ထိုသူက ပြောသည်။ 

“ဘယ်ဂိတ်မှာ လူစုမလဲတော့မသိဘူး။ မြဝတီ UK (ကာစီနိုရုံ) ဂိတ်ကတော့ ၈ ယောက်လောက် ထွက်သွားတာ တွေ့တယ်။ ၆၆၉ ဂိတ်က ဗိုလ်သုံးလေးယောက်ပါမယ်၊ ငယ်သားတော့ အတိအကျမသိဘူး” ဟု ၎င်းက ဆိုသည်။

ကရင်ပြည်နယ်အတွင်း ဒေသခံလက်နက်ကိုင်အဖွဲ့များအချင်းချင်း ယခင်က ညှိနှိုင်းသဘောတူညီမှုများ ရှိခဲ့လင့်ကစား အဆိုပါ BGF တပ်ဖွဲ့ဝင်များသည် စစ်ကောင်စီဘက်က တိုက်ခိုက်မည်ဟု ယူဆရကြောင်း ၎င်းက ဆက်ပြောသည်။

မြဝတီမြို့နယ်ရှိ လေးကေ့ကော်မြို့သစ်ဧရိယာအတွင်း အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်နေသူများ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) အဖွဲ့ဝင်များ ခိုလှုံနေထိုင်သည်ဟု စစ်ကောင်စီတပ်က ယူဆပြီး ယမန်နေ့ (ဒီဇင်ဘာ ၁၄) တွင် အင်အား ၂၀၀ ခန့်ဖြင့် ဝင်ရောက်ရှာဖွေခဲ့ပြီး ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ် လွှတ်တော်အမတ် ဒေါက်တာဝေလင်းအောင် အပါအဝင် လူအချို့ကို ထိုနေရာမှ ဖမ်းဆီးသွားသည်။

ထို့နောက် ယနေ့ (ဒီဇင်ဘာ ၁၅) နံနက် ၁၁ နာရီဝန်းကျင်မှစ၍ စစ်ကောင်စီတပ်နှင့် KNU တပ်ဖွဲ့ဝင်များ တိုက်ပွဲဖြစ်နေသည်ဟု ထိုနေရာရှိ နေထိုင်သူများထံမှ သိရသည်။ 

“တိုက်ပွဲက ကျွန်တော်တို့နားတင် ဖြစ်နေတာဗျ။ လက်နက်ကြီးတွေကလည်း ကျွန်တော်တို့ဆီပဲ ကျနေတာ၊ တော်တော် ပြင်းပြင်းထန်ထန်ဖြစ်နေကြတာ။ မနက် ၁၀ ခွဲ၊ ၁၁ နာရီလောက်မှာ စဖြစ်ကြတာပဲ၊ နောက်ပိုင်းကျတော့ လက်နက်ကြီးတွေပါ ပါလာကြတာ” ဟု CDM တွင် ပါဝင်ထားပြီး လေးကေ့ကော်မြို့သစ်၌ လာရောက်တိမ်းရှောင်နေထိုင်သည့် ကိုမျိုးကိုခန့်က ဆိုသည်။ 

လေးကေ့ကော်မြို့သစ်တွင် ရှိနေသူများထဲမှ အများအပြားသည် အနီးရှိ KNU စခန်းတွင် သွားရောက်ခိုလှုံနေရပြီး လုံခြုံရေးစိတ်ချရသည့် အနေအထားတွင်ရှိမနေကြောင်း သူက ဆက်ပြောသည်။ 

“တိုက်ပွဲက ဖြစ်နေတုန်းပဲ၊ ကျွန်တော်တို့နားကို လက်နက်ကြီးတွေက ကျနေတယ်။ အခုပုန်းနေတဲ့နေရာမှာ ကျွန်တော်တို့လို လူ ၂၀၀ ကျော်၊ ၃၀၀လောက်တော့ ရှိတယ်ခင်ဗျ”ဟု Myanmar Now က ဆက်သွယ်မေးမြန်းခဲ့သည့် မွန်းတည့် ၁၂ နာရီတွင် ကိုမျိုးကိုခန့်က ပြောသည်။

ယမန်နေ့က လေးကေ့ကော်တွင် ဖမ်းဆီးခံရသူအရေအတွက်မှာ လူ ၃၀ ကျော်၊ ၄၀ နီးပါးရှိကြောင်း ၎င်းက ဆက်ပြောသည်။

စစ်ကောင်စီတပ်များ KNU နယ်မြေ လေးကေ့ကော်မြို့သစ်ကို ဝင်ရောက်ခြင်းမှာ လက်ခံနိုင်ဖွယ်ရာမရှိဟု KNU နိုင်ငံခြားရေးတာဝန်ခံ ပဒိုစောတောနီးက မှတ်ချက်ပေးသည်။

“စစ်ကောင်စီက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ပြောင်ပြောင်တင်းတင်းချိုးဖောက်လိုက်တာပါ။ လူတွေ ဒုက္ခရောက်နေတဲ့အချိန်မှာ ကျွန်တော်တို့ကူညီပေးနေတာ ဒီဟာတွေကို လေးစားလိုက်နာဖို့ လိုပါတယ်။ ဘယ်အဖွဲ့အစည်းဖြစ်ဖြစ် ဒီဥပဒေတွေကို လိုက်နာဖို့ လိုပါတယ်” ဟု ပဒိုစောတောနီးက Myanmar Now ကို ပြောသည်။

ဆက်လက်၍ “ကရင်အမျိုးသားအစည်းအရုံးရဲ့ ရပ်တည်ချက်က ရှင်းရှင်းလင်းလင်းရှိပြီးသားပါ။ စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့သူတွေနဲ့ ရပ်တည်မယ်။ ပြီးတော့ ဒုက္ခရောက်လာတဲ့သူကို လူသားချင်းစာနာထောက်ထားမှု ရှုထောင့်ကနေ အကူအညီပေးမယ်ဆိုပြီး ထုတ်ပြန်ကြေညာခဲ့တယ်။ အဲဒီကြေညာထားတဲ့အတိုင်း လုပ်ဆောင်ခဲ့တယ်” ဟု ၎င်းက ဆိုသည်။ 

နယ်ခြားစောင့်တပ် BGF တပ်ဖွဲ့ဝင်နှစ်ဦးကို တွေ့ရစဉ်။ (ဓာတ်ပုံ-ဒူးပလာယာခရိုင်)

လေးကေ့ကော်မြို့သစ်ကို ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်း၏ အကူအညီဖြင့် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၁ တွင် စတင်တည်ဆောက်ခဲ့ပြီး ဒေသလုံခြုံရေးနှင့် အုပ်ချုပ်‌ရေးကို KNU က တာဝန်ယူထားသည်။

လေးကေ့ကော်မြို့သစ်သည် ခုခံကာကွယ်နိုင်သည့် လုံခြုံရေးအရ တည်ဆောက်ထားသည့် ဒေသမဟုတ်သည့်အတွက် စိတ်ချရသည့်ဒေသမဟုတ်ကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၅) မှ ပြောခွင့်ရ ပဒိုမန်းမန်းက ပြောသည်။

“အမှန်ဆို မနေ့က စဝင်လာကတည်းက ပစ်ရမှာ၊ တိုက်ပွဲကဖြစ်ရမှာဗျ။ ဒီလိုမျိုး ကျူးကျော်စော်ကား မတရားဖမ်းဆီး ခေါ်ဆောင်တာမျိုး လုပ်လာရင်တော့  ပြန်တုံ့ပြန်ရမှာပဲလို့ ပြောချင်တယ်” ဟု ပဒိုမန်းမန်းက ဆိုသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ထိုးထားသော KNU နယ်မြေများတွင် စစ်ကောင်စီတပ်၏ နယ်မြေစိုးမိုးရန် ကျော်လွန်ဝင်ရောက်လာမှုများကြောင့် တပ်မဟာ ၇ ခုလုံးတွင် တိုက်ပွဲများ ဖြစ်ပွားနေပြီး အထူးသဖြင့် ဖာပွန်ခရိုင် တပ်မဟာ (၅) နယ်မြေသည် အပြင်းထန်ဆုံးဖြစ်သည်။ 

​​အဆိုပါတိုက်ပွဲများတွင် စစ်ကောင်စီတပ်က ၎င်းတို့လက်အောက်ခံဖြစ်သော၊ နယ်မြေနှင့် ဒေသဘာသာစကား ကျွမ်းကျင်သော BGF များကို အသုံးပြုနေသည်။ 

ဩဂုတ်လအတွင်းကလည်း KNU တပ်မဟာ (၆) နယ်မြေတွင် စစ်တပ်က BGF နှင့်အတူ စစ်ရေးလှုပ်ရှားလာ၍ KNLA နှင့် တိုက်ပွဲများဖြစ်ပွားခဲ့သည်။

စစ်ကောင်စီနှင့် BGF ပူးပေါင်းတပ်မများသည် KNU တပ်မဟာ (၆) ထိန်းချုပ်ရာနယ်မြေတွင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆောင်ရွက်နေသော လူငယ်များကို ဝင်ရောက်ရှင်းလင်းရန်ဆိုသော အကြောင်းပြချက်ဖြင့် စစ်အင်အားဖြည့်တင်းရာ ဩဂုတ် ၂၃ နှင့် ၂၄ တွင် တိုက်ပွဲဖြစ်ခဲ့ပြီး ထိုစဉ်ကလည်း စစ်ရေးအခြေအနေတင်းမာခဲ့သည်။

ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်(DKBA)၊ KNU/KNLA PC ငြိမ်းချမ်းရေးကောင်စီ၊ ကရင်ပြည်နယ်နယ်ခြားစောင့်တပ်ဖွဲ့ (BGF) တို့သည် ပြီးခဲ့သည့် အနှစ် ၂၀ ကျော်အတွင်း KNU မှ ခွဲထွက်သွားသော အဖွဲ့များဖြစ်သည်။ 

စစ်ကောင်စီဘက်မှ ပူးပေါင်းတိုက်ခိုက်နေသည့် ကရင်လက်နက်ကိုင်များနှင့် ပတ်သက်၍ “ကျွန်တော်တို့က မူဝါဒအပေါ် မူတည်ပြီးတော့ အလုပ်လုပ်တဲ့အဖွဲ့အစည်းဖြစ်တော့ အဲဒီမူဝါဒအပေါ် လွန်ဆန်လို့ မရပါဘူး။ ကိုယ့်အမျိုးသားအချင်းချင်းပဲဖြစ်ဖြစ် မူဝါဒအပေါ် ဆန့်ကျင်လာတဲ့အခါမှာ တစ်မျိုးတစ်ဖုံနဲ့ လုပ်ရမဲ့အနေအထားမှာ ရှိပါတယ်။ ဘယ်လိုနည်းဘယ်လိုဟန်နဲ့ လုပ်မယ်ဆိုတာ ကျွန်တော်တို့ စဉ်းစားထားပြီးသားပါ” ဟု ပဒိုစောတောနီးက ပြောသည်။ 

“ဒီကာလဟာ တော်လှန်ရေးကာလ ဖြစ်တာနဲ့အညီ တော်လှန်ရေးဆန်ဆန်၊ နေတတ်၊ သွားတတ်ဖို့ပဲ အလေးအနက်ပြောချင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီကာလဟာ အမြဲ သတိချပ်ရမဲ့ကာလဖြစ်တယ်။ တော်လှန်ရေးသမားတွေဟာ ဘယ်သွားသွားလာလာ သတိရှိဖို့ လိုပါတယ်” ဟု ပဒိုစောတောနီးက ဆက်ပြောသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button