သတင်း

ဆရာဝန်အရေအတွက်တိုးလိုသည့် စစ်ကောင်စီဥက္ကဋ္ဌအစီအမံ ပြက်ရယ်ပြုခံရ

အင်္ဂလိပ်၊ ဓာတုဗေဒ၊ ရူပဗေဒ အမှတ်ကောင်းသည့် ဆယ်တန်းအောင် ကျောင်းသားများကို ဆေးတက္ကသိုလ်တက်ရောက်ခွင့်ပြုခြင်းဖြင့် ဆရာဝန်အရေအတွက် တိုးမြှင့်ရန် အာဏာသိမ်းစစ်ကောင်စီ ဥက္ကဋ္ဌအစီအမံမှာ စိတ်ကူးယဉ်ဆန်သည်ဟု ဆရာဝန်အသိုင်းအဝိုင်းက ဝေဖန်သည်။

ဆေးတက္ကသိုလ်ကျောင်းဆင်း ဆရာဝန်ဘွဲ့ရသူများ နိုင်ငံ့တာဝန်ထမ်းဆောင်ခြင်းမရှိသဖြင့် နစ်နာနေသည်ဆိုကာ ထိုသို့စီမံမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒီဇင်ဘာ ၁၃ ရက်တွင် ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။​

၁၉၉၅ မှ ၂၀၂၀ အထိ မြန်မာနိုင်ငံဆေးတက္ကသိုလ်အသီးသီးမှ ဆရာဝန်ပေါင်း သုံးသောင်းကျော် ကျောင်းဆင်းခဲ့သော်လည်း တစ်သောင်းဝန်းကျင်သာ တာဝန်ထမ်းဆောင်နေသည်ဟု စစ်ကောင်စီဥက္ကဋ္ဌက ဆိုသော်လည်း စစ်အာဏာသိမ်းမှုကြောင့် အစိုးရဝန်ထမ်းအဖြစ်မှ နုတ်ထွက်သည့်အရေအတွက် ပါမပါကိုမူ ထည့်သွင်းပြောဆိုခြင်း မရှိပေ။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ အကြံအစည်မှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် သုံးဘာသာအမှတ်ကောင်းရုံမျှဖြင့် ဝင်ခွင့်ဖြေဆိုခိုင်းကာ ထောက်ပံ့ကြေးဖြင့် ဆေးတက္ကသိုလ်တက်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်း၊ ဆရာဝန်ဖြစ်ပါက ၁၀ နှစ်တာဝန်ထမ်းဆောင်ရန်နှင့် နုတ်ထွက်ပါက လျော်ကြေးပေးရမည် ဖြစ်သည်။​

လုံခြုံရေးအရ အမည်မဖော်လိုသူ မန္တလေးဆေးတက္ကသိုလ်ဆင်း အမျိုးသမီးဆရာဝန်တစ်ဦးက အာဏာသိမ်းခေါင်းဆောင်၏ အကြံအစည်မှာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ခဲ့သည့် ဆေးလောကကို အဆင့်နှိမ့်ရန် အငြိုးထားလုပ်ဆောင်ခြင်းသာဖြစ်သည်ဟု ဝေဖန်သည်။​

“သူတို့ (စစ်ကောင်စီ) ပြောတဲ့ပုံစံက ဆရာဝန်တွေများများမွေးထုတ်မယ်၊ နယ်တွေကို အများကြီးလွှတ်နိုင်မယ်ဆိုတာမျိုးပေါ့။ သူတို့ရည်ရွယ်ချက်က အရည်အချင်းမရှိတဲ့ ဆရာဝန်တွေ မွေးထုတ်ပြီးတော့ ဆရာဝန်ဆိုတဲ့ လူတန်းစားတစ်ရပ်ကို ပုံဖျက်ဖို့လို့ပဲ မြင်ပါတယ်”ဟု ၎င်းက ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အစိုးရလက်ထက်တွင် ဆေးတက္ကသိုလ်များကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊​ တိုင်းနှင့် ပြည်နယ်အလိုက် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ကျန်းမာရေးစနစ် မြှင့်တင်ခွင့်ပေးကာ နိုင်ငံ၏ ကျန်းမာရေးကဏ္ဍကို မြှင့်တင်ရန် ကြိုးပမ်းခဲ့မှုများ အားလုံးရေစုန်မျောသွားလိမ့်မည်ဟုလည်း အထက်ပါ ဆရာဝန်က သုံးသပ်သည်။

“အခု သူတို့လုပ်မဲ့ပုံစံက ကိုယ့်နိုင်ငံရဲ့ ကျန်းမာရေးစနစ် ကောင်းလာစေမှာ မဟုတ်ဘူး။ သူတို့က စစ်တက္ကသိုလ် (DSA) လိုမျိုး ဝင်ခွင့်ဖြေခိုင်းပြီး အရည်အချင်းထက်၊ အရေအတွက်ကို ပိုဦးစားပေးမဲ့ပုံစံ၊ အဲဒါက မြန်မာနိုင်ငံရဲ့ ကျန်းမာရေးစနစ်ကို Failure ဖြစ် (ပျက်သုဉ်း) သွားစေပါလိမ့်မယ်” ဟု ၎င်းက ပြောသည်။

ဖေဖော်ဝါရီ ၁ ရက်တွင် အရပ်သားအစိုးရကို ဖြုတ်ချကာ စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် ကိုဗစ်တတိယလှိုင်း ကြုံရချိန်တွင်ပင် ၎င်းတို့ကို ဆန့်ကျင်ပြီး CDM တွင်ပါဝင်ကြသည့် ဆရာဝန်အများအပြားကို စစ်ကောင်စီက ဖမ်းဆီး၊ ထောင်ချ၊ ဆေးကုသခွင့်မပြု၍ လူဦးရေထူထပ်သည့် ရန်ကုန်မြို့တွင် ဇူလိုင်လအတွင်း ကပ်ရောဂါဘေးကို ဆိုးရွားစွာရင်ဆိုင်ခဲ့ရပြီး အသေအပျောက်များခဲ့ရသည်။

“ဒီလိုကြုံရတဲ့အခြေအနေမှာတောင် ​ဪ ငါတို့ မတော်မတရားရယူထားတဲ့ အာဏာကို စွန့်လွှတ်လိုက်ရင်ဆိုတဲ့ စိတ်မျိုးမပြောနဲ့။ ပြည်သူတွေ သေနေပြီ ဆရာဝန်တွေကိုတော့ ချော့ပေါင်းမှ ဆိုတာမျိုးတောင် (စစ်ကောင်စီက) မတွေးခဲ့ဘူး။ ဆရာဝန်တွေအပေါ် ငါတို့နဲ့ မပူးပေါင်းရကောင်းလား အစာမကြေတာနဲ့ နိုင်ငံ့ရဲ့ ကျန်းမာရေးစနစ်ကြီးတစ်ခုလုံး ဖျက်ဆီးဖို့ လုပ်တဲ့သဘောပဲ” ဟု လူငယ် အမျိုးသမီးဆရာဝန်တစ်ဦးကလည်း မှတ်ချက်ပြုသည်။ 

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သော်လည်း မိသားစုအရေး ငဲ့ကွက်စရာကိစ္စတစ်ခုဖြင့် အစိုးရဆေးရုံတစ်ခုတွင် တာဝန်ထမ်းဆောင်နေရဆဲဖြစ်သည်ဟု အဆိုပါအမျိုးသမီးဆရာဝန်က ပြောသည်။ 

ရန်ကုန်မြို့ရှိ တပ်မတော်ဆေးရုံတစ်ခုတွင် တာဝန်ထမ်းဆောင်နေသည့် ဆေးမှူးအဆင့်ရှိ အရာရှိတစ်ဦးကမူ စစ်ကောင်စီ၏ အစီအမံမှာ ဆယ်တန်းအောင်လူငယ်များ ဝါသနာပါရာ ဘာသာရပ်ကို ပိုမိုလိုက်စားနိုင်မည့်အခွင့်အလမ်း ပိုရမည်ဟု ဆိုသည်။ 

ဆယ်တန်းတွင် အမှတ်ကောင်းကောင်းရရန် မိမိတို့သားသမီးများကို မိဘတို့က မောင်းနှင်၍ ဆေးတက္ကသိုလ် အတင်းအကျပ်တက်ရောက်စေသည့် ရှေးရိုးစွဲအစဉ်အလာတစ်ရပ် ပပျောက်သွားမည်ဟုလည်း ထိုစစ်ဆေးဆရာဝန်က သုံးသပ်သည်။

“ဝန်ထမ်းသားသမီးတွေ၊ လက်လုပ်လက်စားတွေ၊ အခြေခံလူတန်းစားတွေကတော့ အဲဒီစနစ်ကို လက်ခံမယ်လို့ ထင်တယ်။ (စိတ်မပါဘဲ ဆေးတက္ကသိုလ်တက်ခဲ့ရသည့်) ကျောင်းသားတွေ အသက် ၂၀ ကျော်၊ ၂၂ လောက်‌ရောက်ရင် စိတ်ညစ်ကြမယ်။ ကျွန်တော်တို့လိုဖြစ်လာမှာပေါ့။ ဘယ်တော့ထွက်ခွင့်ရမလဲ စောင့်နေပြီး ချောင်းနေရတဲ့ အခြေအနေတွေဖြစ်လာမယ်” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်သည့် ဆရာဝန်အရေအတွက် လျော့နည်းရခြင်းမှာ စစ်အာဏာသိမ်းသည့် ကိစ္စကြောင့် အဓိကဖြစ်ကြောင်း Myanmar Now က ဆက်သွယ်မေးမြန်းခဲ့သည့် ဆရာဝန်များက ဆိုသည်။​

အာဏာမသိမ်းမီက လုပ်ငန်းခွင်၌ ဆရာဝန်အရေအတွက် လျော့ပါးမှုရှိသည်မှာ မှန်သည်ဆိုသော်လည်း ထိုကာလအတွင်း အဓိကပြဿနာမှာ အစိုးရဆေးရုံများ၌ လစာဝင်ငွေ နည်းပါးခြင်းသာဖြစ်သည်ဟု ၎င်းတို့က ထောက်ပြသည်။

ပုဂ္ဂလိကဆေးရုံများတွင် အလုပ်လုပ်နေသူ ဆရာဝန်များ တစ်လလျှင် ကျပ်သိန်းဆယ်ချီ ဝင်ငွေရချိန်တွင် အစိုးရဆရာဝန်များ၏ လစာမှာ ကျပ်နှစ်သိန်းခွဲမှ လေးသိန်းကြားသာရှိသည်ဟု CDM ဆရာဝန်တစ်ဦးက ဆိုသည်။ 

မြန်မာနိုင်ငံ၏ ကျန်းမာ‌ရေးကဏ္ဍအတွက် အသုံးပြုသည့် ဘတ်ဂျက်မှာ နိုင်ငံဘတ်ဂျက်တစ်ခုလုံး၏ ၅ ရာခိုင်နှုန်းကျော်သာ ရှိကြောင်း ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်၏ အသုံးစရိတ်ကို ကိုးကားပြီး ၂၀၁၇ တွင် ရေးသားထားသည့် ဧရာဝတီသတင်းတစ်ရပ်က ဆိုသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) က လူတစ်ထောင်လျှင် ကျန်းမာရေးဝန်ထမ်း ၂ ဒသမ ၃ ဦး အနည်းဆုံးရှိသင့်ကြောင်း ညွှန်းဆိုထားချိန်တွင် မြန်မာနိုင်ငံ၌ ၁ ဒသမ ၃ ရာခိုင်နှုန်းသာ ခန့်ထားနိုင်ပြီး အများစုမှာ ရန်ကုန်၊ မန္တလေးနှင့် မြို့ပြဧရိယာများတွင်သာဖြစ်သည်ဟု ဆိုသည်။​

လက်ရှိတွင် ရန်ကုန်၌ ဆေးတက္ကသိုလ် ၂ ခု၊ တောင်ကြီး၊ မန္တလေး၊ မကွေးတို့တွင် တစ်ခုစီရှိပြီး နှစ်စဉ် ဆရာဝန် ၁၅၀၀ ခန့် မွေးထုတ်နေကြောင်း၊ ဆရာဝန့်ဘွဲရပြီး ကျန်းမာရေးကဏ္ဍတွင် လုပ်ကိုင်ခြင်းမရှိသူ ၂၇ ရာခိုင်နှုန်းအထိ ရှိသည်ဟု ဧရာဝတီသတင်းက ဆိုသည်။ 

CDM လှုပ်ရှားမှုတွင် ပါဝင်သဖြင့် စစ်ကောင်စီက ဖမ်းဝရမ်းထုတ်ခံထား၍ တိမ်းရှောင်နေရသူ ဆေးရုံအုပ်အဆင့် ဆရာဝန်ကြီးတစ်ဦးကမူ အာဏာသိမ်းစစ်ခေါင်းဆောင်၏ စိတ်ကူးစိတ်သန်းမှာ အတော်ပင် စိတ်ကူးယဉ်ဆန်သည်ဟု မှတ်ချက်ပြုသည်။

“ဒီကောင်က (ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်) သူ့အာဏာကို အဲဒီလောက် (ဆေးတက္ကသိုလ်အပတ်စဉ်တစ်ခု ဆင်းတဲ့အထိ) ခံမယ်ထင်နေလို့လား။ စိတ်ကူးယဉ်နေသလိုပဲ။ အဲဒီလောက် အာဏာတည်မယ်ဆိုရင်လည်း တို့နိုင်ငံမှာ သူတို့လက်ချက်နဲ့ ပြည်သူလည်း အကုန်(သေ) ကုန်ပြီ” ဟု ၎င်းက ပြက်ရယ်ပြုသည်။

စစ်ကောင်စီကို လက်နက်ကိုင်ခုခံတော်လှန်မှုများ နိုင်ငံအနှံ့ အရှိန်အဟုန်မြင့်တက်နေချိန်တွင် ရရာလက်နက်ဖြင့် ခုခံနေသူများကို စစ်တပ်က ရေတပ်၊ လေတပ်များပါ အသုံးပြုလျက် အင်အားသုံးတိုက်ခိုက်နေရသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button