ဆင့်ပွားဈေးကွက်လုပ်ငန်း (Multi Level Marketing – MLM) လုပ်ကိုင်ခြင်းကို တားမြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၈ တွင် ကြေညာသည်။
နိုင်ငံအနှံ့အပြား ရှိနေသော ထိုလုပ်ငန်းကို အရေးယူ၊ တားမြစ်လိုက်ခြင်းနှင့် ပတ်သက်ပြီး ဝန်ကြီးရုံးမှ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောပြထားသည်။
မေး – ဘယ်လိုလုပ်ငန်းမျိုးတွေကို MLM လို့ သတ်မှတ်ပါသလဲ။
ဖြေ – MLM ဆိုတာ ဆင့်ပွားဈေးကွက်ရောင်းချခြင်းလုပ်ငန်းပေါ့။ အဲဒါနဲ့ ပတ်သက်ပြီးတော့ လွှတ်တော်မှာလည်း ဆွေးနွေးကြတယ်၊ ထိခိုက်မှုတွေရှိလို့လည်း ဆွေးနွေးကြတာပေါ့။ တစ်ဖက်က လွှတ်တော်မှာ ဆွေးနွေးသလို တစ်ဖက်ကလည်း ပြည်ထဲရေးဝန်ကြီးဌာနက ဒီ MLM လုပ်ငန်းတွေကို အရေးယူမှုတွေ၊ စုံစမ်းစစ်ဆေးမှုတွေ လုပ်ခဲ့တယ်။ သို့သော်လည်း MLM နဲ့ ပတ်သက်ပြီး ဥပဒေမရှိဘူး။ မရှိတဲ့အခါကျတော့ သူတို့ကို တခြား ဌာနဆိုင်ရာတွေက သက်ဆိုင်တဲ့ ဥပဒေတွေနဲ့ပဲ ကုမ္ပဏီ တော်တော်များများကို အရေးယူခဲ့တယ်။ FDA ဆိုရင် အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေး ထောက်ခံချက် မရှိဘဲ ရောင်းချတဲ့ကိစ္စမျိုးတွေနဲ့ ဥပဒေအရ အရေးယူခဲ့တယ်။ စီးပွားကူးသန်းဆိုရင်လည်း ထုတ်ကုန်သွင်းကုန်ဥပဒေအရ လိုင်စင်လျှောက်ထားရမယ့် ပစ္စည်းတွေကို လိုင်စင်မလျှောက်ဘဲနဲ့ တရားမဝင် တင်သွင်းတာနဲ့ပတ်သက်ပြီးတော့ အရေးယူခဲ့တယ်။
တစ်ဖက်ကလည်း ဥပဒေနဲ့ အရေးယူနိုင်ဖို့ တခြားနိုင်ငံတွေကို လေ့လာတဲ့အခါကျတော့ ထိုင်းမှာဆိုရင် Direct Sale and Direct Marketing Act ဆိုပြီး ထုတ်ပြန်ခဲ့တယ်။ မလေးရှားမှာဆိုရင်လည်း Direct Sale and anti Pyramid Act ဆိုပြီး ထုတ်ပြန်ထားတယ်။ ဆိုလိုချင်တာက ပိရမစ်ပုံစံ ရောင်းချခြင်းကို ခွင့်မပြုထားဘူး။ ဒါကြောင့် လက်ရှိက အရေးကြီးကုန်စည်နဲ့ ဝန်ဆောင်မှုဥပဒေအရပေါ့၊ အမိန့်တွေကို ထုတ်ပြန် ဆောင်ရွက်နိုင်ဖို့ အတွက်ကို စီးပွားရေးနှင့် ကူူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနကို အခွင့်အာဏာ အပ်နှင်းခဲ့တာပေါ့။ အဲဒီအခွင့်အာဏာအရ MLM လုပ်ငန်းကို တားမြစ်ခဲ့တာ။
ဒီဈေးရောင်းချခြင်းကိစ္စကို တားမြစ်သလို တစ်ဖက်ကလည်း ကျွန်တော်တို့ ဝန်ကြီးဌာနအနေနဲ့ Direct Sale Law ဆိုတာကို ပြဋ္ဌာန်းဖို့ ပြင်ဆင်နေတယ်။ ဌာနမှာရှိတဲ့ ဥပဒေပညာရှင်တွေ ရှိတယ်၊ မဟာဘွဲ့ရတွေ၊ ဒေါက်တာတွေရှိတယ်၊ သူတို့နဲ့ ဌာနတွင်းပြင်ဆင်မယ်။ ဆက်လက်ပြီးတော့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေနဲ့ဆွေးနွေးတာတို့၊ ရှေ့နေချုပ်တို့နဲ့ ညှိနှိုင်းတာတို့ ဒါတွေကတော့ ဆက်ပြီး ဆောင်ရွက်သွားမှာပါ။ လက်ရှိမှာတော့ MLM ဆိုတဲ့ ဆင့်ပွားဈေးကွက် ရောင်းချခြင်း လုပ်ငန်းကို လုံးဝ တားမြစ်ထားပါတယ်။
မေး – MLM ကြောင့် နစ်နာခဲ့တဲ့သူတွေက ဒီလုပ်ငန်းတွေ လက်တစ်လုံးခြားလုပ်မှာကို စိုးရိမ်နေတယ်ဆိုပြီး ပြောကြတယ်။ ဒီလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး သေချာစာရင်းပြုစုထားပါသလား။
ဖြေ – ပြည်ထဲရေးက စာရင်းလုပ်ထားတာ ရှိတယ်။ လုပ်ငန်းပေါင်း ၇ဝ ကျော် ရှိတယ်။ ကျွန်တော်တို့ဆီမှာလည်း စာရင်းရှိတယ်။ အဲဒီအထဲမှာပဲ ကျွန်တော်တို့ အရေးယူထားတဲ့ကုမ္ပဏီတွေ ရှိတယ်။ နောက်တစ်ခုက ပြည်တွင်းအခွန်က အရေးယူထားတဲ့ကုမ္ပဏီတွေ ရှိတယ်။ FDA က ဆိုရင်လည်း အစားအသောက်နဲ့ ဆေးဝါးတွေကို သူတို့ရဲ့ ခွင့်ပြုချက်မရှိဘဲ တင်သွင်းလာတဲ့အတွက်ကြောင့်မို့လို့် သူတို့ဥပဒေအရ အရေးယူထားတာ။ အဲဒီကုမ္ပဏီတွေက နာမည်ပြောင်းပြီးလုပ်မယ် ဆိုရင်လည်း နာမည်ပဲ ပြောင်းလို့ရမယ်။ MLM လုပ်ငန်းကို လုပ်တယ်ဆိုတာနဲ့ အရေးယူလို့ရသွားပြီ။
ကုမ္ပဏီကို အရေးယူတာ မဟုတ်ဘူး MLM လုပ်ငန်းကို အရေးယူတာ၊ တားမြစ်တာ။ MLM ဆိုတာကလည်း ပိရမစ်ပုံစံဈေးကွက် ရောင်းချတာပေါ့။ ဆင့်ပွား ဆင့်ပွား ရောင်းချတာပေါ့။ တစ်ယောက်တည်းကနေ အများကြီး သွားပြီး ရောင်းချတဲ့ဟာမျိုးပေါ့။ Directed Sale မှာ ဥပဒေအရ သတ်မှတ်ထားတာ ရှိတယ်။ ဘယ်နှဆင့်အထိ ရောင်းချခွင့်ရှိတယ် ဆိုတာမျိုးပေါ့။ MLM ဖြစ်သွားမှာကို ဥပဒေအရ ထိန်းကျောင်းလိုက်တာမျိုးပေါ့။ အဲဒီတော့ ဥပဒေအရ ပြဋ္ဌာန်းဖို့ လုပ်နေတယ်။ တစ်ဖက်ကလည်း ဖောက်ဖျက်ရင် အရေးယူဖို့ လုပ်နေတယ်။
မေး – စနစ်သာပြောင်းမယ်ဆိုရင် လက်ရှိလုပ်နေတဲ့ ကုမ္ပဏီတွေကို အရေးမယူဘူးလို့ ဆိုလိုတာလား။
ဖြေ – MLM စနစ် လုပ်ထားရင်တော့ အရေးယူမှာပဲ။ ဆေးရောင်းတဲ့သူတွေဆိုရင် နိုင်ငံခြားကနေ ဆေးတင်သွင်းလာပြီးတော့ လက်ကားရောင်းတယ်၊ လက်လီရောင်းတယ်၊ အဲဒါက Directed Sale လေ။ သူ ရောင်းဖို့အတွက်ကို သူ ကုမ္ပဏီမှတ်ပုံတင်ပြီးရောင်းတာက ဘာမှ သွားပြောလို့မရဘူး။ သို့သော်လည်း နိုင်ငံခြားက ဆေးတွေဖြစ်တဲ့အတွက် ဆေးတွေ တင်သွင်းလာရင် FDA မှာ အစစ်အဆေးခံရမယ်။ FDA ထောက်ခံချက် မပါဘဲနဲ့ အဲဒီဆေးတွေ တင်သွင်းလို့ မရဘူး။ သတ်မှတ်တဲ့ ဥပဒေအတိုင်း လုပ်မယ်ဆိုရင်တော့ ကျွန်တော်တို့က ဘာမှပြောမစရာ မရှိဘူး။ ဖောက်ဖျက်မယ်ဆိုရင်တော့ အရေးယူရမှာပဲ။ အဓိကက စနစ်ကို အရေးယူတာ။
မေး – ဥပဒေအရ ဘာတွေ ဆက်လုပ်မလဲ။
ဖြေ – ကျွန်တော်တို့ဘက်ကလည်း တစ်ဖက်က တားမြစ်ထားသလို၊ တစ်ဖက်ကလည်း ဥပဒေရေးဆွဲနိုင်ဖို့ အတွက်ကို ပြင်ဆင်နေပါတယ်။ တားမြစ်လိုက်ပြီး လုံးဝမလုပ်ရဘူး ဆိုတာမျိုးလည်း မဟုတ်ပါဘူး၊ ဒါကို ဥပဒေအရ ခွင့်ပြုနိုင်ဖို့ နိုင်ငံတကာမှာ သုံးနေတဲ့ ပုံစံတွေပေါ့၊ ဘယ်လိုခွင့်ပြုနိုင်မလဲပေါ့လေ။ ဘယ်လိုခေါ်မလဲ …. လက်ကားဆိုင်ကြီးက ပစ္စည်းတွေကို အကြွေးနဲ့ ယူလိုက်တယ်၊ လိုက်ရောင်းတယ်၊ ရောင်းပြီးရင် ပိုက်ဆံပြန်အပ်တယ်၊ အမြတ်ယူတယ်ပေါ့၊ ဒီလိုလုပ်ငန်းတွေလည်း ရှိတယ်။ ဒါက ဥပဒေအရ ဆောင်ရွက်လို့ရတဲ့ လုပ်ငန်းတွေပေါ့။ ဥပဒေအရ ဆောင်ရွက်လို့ရအောင် ကျွန်တော်တို့ဘက်က ဥပဒေကို ပြင်ဆင်နေပြီပေါ့။ သို့သော်လည်း ဆင့်ပွားဈေးကွက်ဖြစ်တဲ့ MLM ကိုတော့ တားမြစ်ထားတယ်။