သတင်း

ဆင့်ပွားဈေးကွက် ကုမ္ပဏီလေးခု ထောက်ခံချက်မဲ့ ဖြည့်စွက်စာ ရောင်းသဖြင့် စစ်ဆေးခံနေရ

ရန်ကုန် — ကျန်းမာရေးထောက်ခံချက် မရရှိထားသော ဖြည့်စွက်စာများ ရောင်းချမှုဖြင့် ရန်ကုန်မြို့အခြေစိုက် ဆင့်ပွားကွန်ရက်ချိတ်ဆက်ရောင်းဝယ်သည့်စနစ် (MLM) ကျင့်သုံးသည့် ကုမ္ပဏီ လေးခုကို အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) က တာမွေမြို့နယ်ရဲစခန်းတွင် ယမန်နေ့(ဇွန်လ ၈ ရက်) ကအမှုဖွင့်ရန် တိုင်ကြားလိုက်သည်။

တာမွေမြို့နယ်အခြေစိုက် MLM ကုမ္ပဏီများဖြစ်သည့် မြင့်မိုရ်ခွန်အား၊ World Class Innervation (Myanmar)၊ The Wisdom Plus နှင့် နှင်းမြန်မာအပြည်ပြည်ဆိုင်ရာကုမ္ပဏီတို့ကို FDA က အမျိုးသား အစားအသောက် ဥပဒေ ပုဒ်မ ၃၁ အရ အရေးယူပေးရန် တိုင်ကြားသဖြင့် ခေါ်ယူစစ်ဆေးနေကြောင်း တာမွေရဲစခန်းမှ ဒုရဲအုပ် မျိုးမင်းဇော်က ပြောသည်။

အမျိုးသားအစားအသောက်ဥပဒေပုဒ်မ ၃၁ အရ အမြင့်ဆုံးပြစ်ဒဏ်မှာ ထောင်ဒဏ် သုံးနှစ်နှင့် ငွေဒဏ် ကျပ် ၃၀,၀၀၀ ဖြစ်သည်။

“ကုမ္ပဏီက တာဝန်ရှိသူတွေကိုတော့ ခေါ်စစ်တာတွေလုပ်နေတယ်။ လောလောဆယ်က စစ်ဆေးတုန်းပါပဲ။ ကုမ္ပဏီကို ချိပ်ပိတ်တာတွေ ဘာတွေတော့မလုပ်ပါဘူး” ဟု ၎င်းက ပြောသည်။

ရဲ၏ထုတ်ပြန်ချက်တွင် ပါဝင်သည့် တိုင်ကြားခံကုမ္ပဏီလေးခုအနက် နှင်းမြန်မာအပြည်ပြည်ဆိုင်ရာကုမ္ပဏီ လီမိတက်နှင့် The Wisdom Plus ကုမ္ပဏီတို့သည် အစိုးရထံတွင် ကုမ္ပဏီလိုင်စင်ဖြင့် တရားဝင် လုပ်ကိုင်နေသည်ကို တွေ့ရပြီး “World Class Innervation (Myanmar)” ဆိုသည့် ကုမ္ပဏီအမည်ကို မတွေ့ရဘဲ World Class Innovation ဆိုသည့် ထိုင်းအခြေစိုက် ကုမ္ပဏီတစ်ခု “WCI (Myanmar)” ဆိုသည့် အမည်ဖြင့် မှတ်ပုံတင်ထားသည်ကိုတော့ တွေ့ရပြီး ရဲထုတ်ပြန်ချက်ပါ ကုမ္ပဏီနှင့် တစ်ခုတည်းဟုတ်မဟုတ် မသိရပေ။ မြင့်မိုရ်ခွန်အားကုမ္ပဏီနှင့်ပတ်သက်၍လည်း အသေးစိတ်မသိရသေးပေ။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ MLM ကုမ္ပဏီ ၄၁ ခုက ရောင်းချနေသည့် အစားအသောက်နှင့် ဆေးဝါးများအတွက် FDA က ထုတ်ပေးထားသည့် လိုင်စင်ရှိမရှိနှင့် အခြားစည်းမျဉ်းစည်းကမ်းများ လိုက်နာမှုရှိမရှိကို FDA သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလမှစ၍ စစ်ဆေးခဲ့ပြီးနောက် ထိုကုမ္ပဏီလေးခုကို အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

“တာမွေမြို့နယ်တစ်ခုတည်းမဟုတ်ပါဘူး။ မြို့နယ်တော်တော်များများမှာ ကျွန်တော်တို့အမှုဖွင့်ထားတယ်။ ကျန်တဲ့ရဲစခန်းတွေမှာလည်း ဖွင့်ထားတယ်။ စာရွက်စာတမ်းတွေက ပြည့်စုံတာမပြည့်စုံတာရှိသေးတော့ သူတို့ (ရဲက) လက်ခံမခံကလည်း မသိသေးဘူး” ဟု ရန်ကုန် FDA ရုံးခွဲမှဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာမင်းဝဏ်က ပြောသည်။

ယခု ကုမ္ပဏီလေးခုက ရောင်းချနေသော ဆေးဝါးနှင့်ဓာတ်စာများကို မည်သည့်နိုင်ငံတွင်ထုတ်လုပ်ပြီး မည်သည့် နေရာမှတင်သွင်းလာခဲ့ကြောင်း စုံစမ်းနေဆဲဖြစ်သည်ဟု ရဲကပြောသည်။

MLM ကုမ္ပဏီများကို စစ်ဆေးသည့် စီမံကိန်းကို ပြီးခဲ့သည့်နှစ်မှစတင်ခဲ့ခြင်းဖြစ်သည်။ ထိုသို့စစ်ဆေးရာတွင် FDA အပြင် ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနနှင့် အခြားဌာန အချို့လည်း ပါဝင်ခဲ့သည်ဟုသိရသည်။

မြန်မာနိုင်ငံတွင် MLM စနစ်ဖြင့်ဈေးရောင်းချနေသည့် ကုမ္ပဏီများကိုအရေးယူရန် ဥပဒေမရှိသေးသော်လည်း တိုင်ကြားချက်များအပေါ်မူတည်ပြီး အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ၊ ဝင်ငွေခွန်ဥပဒေနှင့်ကုန်သွယ် လုပ်ငန်းခွန်ဥပဒေ စသည့် တည်ဆဲဥပဒေများနှင့် အရေးယူသွားမည်ဖြစ်ကြောင်း ထိုစဉ်က ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး (ယခု စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယ ဗိုလ်ချုပ်ကြီး) က ၂၀၁၆ ခုနှစ် ဒီဇင်ဘာလအတွင်းက ပြည်သူ့လွှတ်တော်ကို ပြောကြားခဲ့သည်။

ပြည်ထဲရေးဝန်ကြီးဌာန၏အဆိုအရ ၂၀၀၉ ခုနှစ်မှ ၂၀၁၁ အတွင်း MLM ကုမ္ပဏီ အနည်းဆုံး သုံးခုကို အမည်ပျက်စာရင်းသွင်းခဲ့သည်။

MLM ဟုလူသိများသည့် ဆင့်ပွားကွန်ရက်ချိတ်ဆက်ရောင်းဝယ်သည့် စနစ်တွင်ပါဝင်သူများသည် ကုမ္ပဏီထံမှ ပစ္စည်းများဝယ်ယူရပြီး ဝယ်ယူသူက နောက်ထပ် ဖောက်သည်များကို ဆင့်ပွား ချိတ်ဆက်ရောင်းချပေးရသည်။ မိမိနှင့်ချိတ်ဆက်ထားသူများက ကုမ္ပဏီပစ္စည်းများကို ဝယ်ယူအားပေးလျှင်ပေးသလောက် မိမိအတွက် အမြတ်ငွေကို အချိုးကျ ရာခိုင်နှုန်းဖြင့် ရရှိသည်။

ထိုစနစ်ကို မကြိုက်နှစ်သက်သူများကမူ ၎င်းသည် အောက်ခြေပြည်သူများအား ဆေးဝါးများကို ဈေးတင်ကာ မက်လုံးပေး လိမ်ညာရောင်းချခြင်းသာဖြစ်ပြီး ကုမ္ပဏီအထက်ပိုင်းအလွှာများသာ ကြီးပွားချမ်းသာ သွားကြသည်ဟု ဝေဖန်ကြသည်။

Show More

Related Articles

Back to top button