သတင်း

ကဲဘာရွာကို စစ်တပ်မီးရှို့သည့်ဖြစ်စဉ် မျက်မြင်တွေ့ရှိသူဓားစာခံ ဖွင့်ချ

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ် ကဲဘာရွာမြောက်ပိုင်းရှိ အိမ်ခြေ ၁၀၀ ကျော် ယမန်နေ့ (ဒီဇင်ဘာ ၁၃) က မီးရှို့မှုမှာ စစ်တပ်၏ ကြိုတင်ကြံရွယ်ချက်ဖြစ်ကြောင်း ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်ခံရသည့် မျက်မြင်တွေ့ခဲ့သူတစ်ဦးက ထုတ်ဖော်ပြောဆိုသည်။

ကဲဘာရွာကို ယမန်နေ့ နံနက် ၉ နာရီဝန်းကျင်တွင် စစ်တပ်က ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး ထိုဖြစ်စဉ်မတိုင်မီ အချိန်ပိုင်းအလိုတွင် တောအတွင်း နွားစာရှာရမှ ပြန်လာသည့် ညီမဖြစ်သူ ဒေါ်ဝင်းခင်နှင့်အတူ ရွာအနီး ဖမ်းဆီးခံရသည့် အသက် ၄၀ အရွယ် ဦးမောင်မြင့်က စစ်တပ်၏ အကြံအစည်ကို ဖွင့်ချသည်။ 

စစ်တပ်နှင့် ၎င်းတို့လက်နက်တပ်ဆင်ပေးထားသည့် ဒေသခံလက်နက်ကိုင်အဖွဲ့ (ပျူစောထီး) အင်အား ၁၅၀ ခန့် ရွာသို့ မဝင်မီ ကဲဘာရွာမြောက်ဘက်ရှိ သရက်ခြံများထဲမှနေ၍ လက်နက်ကြီးလက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း ဦးမောင်မြင့်ပြောကြားထားသည့် ရုပ်သံဖိုင်ကို Myanmar Now က ရရှိထားသည်။​

“မင်းတို့ရွာကို မီးနဲ့ ပိတ်တိုက်ဖို့လာတာ။ မင်းတို့ကို သတ်ဖို့လာတာ မဟုတ်ဘူးတဲ့။ PDF (ဒေသကာကွယ်ရေးအဖွဲ့ဝင်) ဘယ်နှယောက်ရှိလဲ မေးတော့ ကျွန်တော်က တောနေတာ။ မသိဘူးပြောတော့ ဒူးနဲ့ တအားလွှဲထည့်ပြီး ဆောင့်မယ် အောက်မေ့တာ။ သာသာလေးတို့တယ်။ ပြီးတော့ ခြေထောက်နဲ့ သုံးချက်ထိသလိုလေးကန်တာ။ အဲဒါပြီးတော့ (မောင်နှမနှစ်ဦးစလုံးကို) လက်ထိတ်ခတ်တယ်” ဟု ၎င်းက ပြောသည်။

၎င်းတို့မောင်နှမကို ရေကြည်တစ်ပေါက်ပင် မစင်စေရဟု စစ်သားနှင့် ပျူစောထီးတို့က အာမခံကာ စစ်ဆေးမေးမြန်းခဲ့ကြောင်း၊ PDF စခန်းနေရာများကို မေးရာ မသိဟု ဖြေရာတွင် ဓားဖြင့် ချိန်ရွယ် ဆဲဆိုခံရကြောင်း ဦးမောင်မြင့်က ဆက်ပြောသည်။

“ဓားနဲ့ ထိုးသတ်လိုက်မယ်။ မောင်နှမနှစ်ယောက်လုံး ဘူးကြီးပဲခါတယ်။ မင်းတို့ကောင်တွေ သတ်မှာဖြင့်လည်း နေရာတင်သတ်လို့ ပြောလိုက်တယ်။ ဖြူဖြူဝဝကောင်(စစ်ကောင်စီဘက်မှ) ဖိုးထော်… ခင်ဗျားတို့ မောင်နှမနှစ်ယောက်လုံး ရေကြည်တစ်ပေါက်မစင်စေရဘူးတဲ့” ဟု ၎င်းက ပြန်ပြောပြသည်။

“အဲဒါနဲ့ ငါ့စိတ် (ရင်ခုန်) မခုန်လား၊ ခုန်လား ဒီဘက်က စမ်းလိုက်၊ ဒီဘက်က စမ်းလိုက်နဲ့။ ငါက ဘာမှမဖြစ်ဘူး။ ဂုဏ်တော်လေး စိတ်ထဲကနေ ရွတ်နေတာ” ဟု ရင်ဘတ်ရှေ့နှင့် နောက်တို့သို့ ပုတ်ပြရင်း ပြောနေသည့် ဦးမောင်မြင့်ကို ရုပ်သံဖိုင်တွင် တွေ့ရသည်။

ရွာသို့ ဝင်စီးကာ မီးရှို့သည့် စစ်ကောင်စီဘက်မှ အားလုံးမှာ ယူနီဖောင်းဝတ်ထားသလို သေနတ်နှင့် ဗုံးများ၊ ငှက်ပျောဖူးနှင့် တူသည့် ပခုံးထမ်းလက်နက်ကြီး (RPG) ၇ လက် ပါဝင်ကြောင်း ဦးမောင်မြင့်ထံမှ သိရသည်။

“ငှက်ပျောဖူးကြီးနဲ့ ရွာကို ပစ်တာ။ အဲဒါပစ်ပြီးတော့ ဒေါင်းဒေါင်းနဲ့ (သေနတ်နဲ့) ဆွဲတာ။ ဖိုးထောင် (ဦးမောင်မြင့်) ဒီသရက်ပင်ကိုကွယ်၊ ပြား၊ပြား၊ ပြား (ဝပ်)တဲ့။ ဟိုဘက်က ပစ်ရင် သေမှာတဲ့။ သူတို့က သရက်ခြံထဲက သရက်ပင်တွေနဲ့ အကုန်ကာဗာယူထားတာ။ ငါ့ကို ချိုင့်ကြီးထဲ ပြား(ဝမ်းလျားမှောက်) ခိုင်းထားတာ။ ပစ်ရင် သေမှာနော်တဲ့” ဟု စစ်ကောင်စီဘက်မှ သတိပေးခဲ့သည်ဟုလည်း ၎င်းက ပြောသည်။

ငါးမိနစ်ဝန်းကျင်ကြာ ရိုက်ကူးထားသည့် ထိုရုပ်သံတွင် ရွာကို မီးရှို့သည့် စစ်ကောင်စီ၏ လုပ်ရပ်ကို အသေးစိတ်ပြောဆိုထားခြင်း မရှိပေ။ 

ဦးမောင်မြင့်တို့ မောင်နှမနှစ်ဦးမှာ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေချိန်ဖြစ်၍ ဆက်သွယ်မေးမြန်းခွင့် မရသေးပါ။

ကဲဘာရွာပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) ၏ အဆိုအရ ကဲဘာရွာကို စစ်တပ်က မီးရှို့စဉ် ဦးမောင်မြင့်နှင့် ညီမဖြစ်သူတို့ကို လက်ထိတ်ခတ်၍ ချုပ်နှောင်ထားခဲ့ကာ ရွာမှ ပြန်လည်ဆုတ်ခွာချိန် ယမန်နေ့ (ဒီဇင်ဘာ ၁၃) ညနေ ၃ နာရီကျော်မှ ပြန်လွှတ်ပေးသည်ဟု သိရသည်။

“သူတို့နှစ်ယောက်ပါတော့ PDF က မိုင်းမဆွဲရအောင်ပုံစံမျိုးနဲ့“ ဟု ဒေသခံ PDF ခေါင်းဆောင် ဗိုလ်မိုးကြိုးဆိုသူက ပြောသည်။

အရာတော်မြို့နယ်၏ အရှေ့တောင်ဘက် ၁၄ မိုင်အကွာတွင်ရှိသည့် ကဲဘာရွာမြောက်ပိုင်းကို စစ်ကောင်စီက ယမန်နေ့ မွန်းလွဲ ၁၂ နာရီဝန်းကျင်တွင် စတင်မီးရှို့သည်ဟု ဒေသခံ PDF အဖွဲ့ဘက်က ပြောထားသည်။

ယနေ့ (ဒီဇင်ဘာ ၁၄)တွင် မီးရှို့ခံရသည့် နေအိမ်များကို ရွာသားတို့က သန့်ရှင်းရေးပြုလုပ်နေသော်လည်း စစ်တပ်က ပြန်ဝင်လာမည်ဆိုသော သတင်းကြောင့် ဘေးလွတ်ရာသို့ ထပ်မံပုန်းခိုနေရကြောင်း ဗိုလ်မိုးကြိုးက ပြောသည်။

“မီးရှို့မခံရသေးတဲ့ အိမ်တွေကလည်း ကိုယ့်အိမ်ထဲက ပစ္စည်းတွေ ထုပ်ပိုးပြီး ရွှေ့ကုန်ကြပြီ။ စပါးလို သီးနှံတွေကအစ တိုက်ထုတ်ပြီး တခြားရွာတွေ သွားထားနေရတာ။ ဒီကောင်တွေက ဘယ်အချိန်ပြန်လာမယ်ဆိုတာ မပြောနိုင်ဘူးလေ”ဟု ၎င်းက ပြောသည်။

ကဲဘာရွာသည် ရွာဟောင်း၊ ရွာသစ်နှင့် သိမ်တော်ကုန် ရွာသုံးရွာ တစ်ဆက်တည်းရှိပြီး အိမ်ခြေ ၅၀၀ ခန့်ရှိသည်။ ယမန်နေ့တွင် စစ်တပ်၏ လက်ချက်ကြောင့် မြောက်ပိုင်း ရွာဟောင်းရှိ နေအိမ်ထက်ဝက်နီးပါး ပျက်စီးသွားခဲ့သည်ဟု ဒေသခံ PDF ဘက်က ပြောသည်။

လက်ရှိတွင် ကဲဘာရွာသို့ ဝင်မွှေခဲ့သည့် စစ်တပ်မှာ မြောက်ဘက် နှစ်မိုင်အကွာရှိ သလဲဘာရွာ၌ တပ်စွဲထားသည်ဟု ဗိုလ်မိုးကြိုးက ပြောသည်။ အထက်ပါ ဖြစ်စဉ်များနှင့် ပတ်သက်၍ စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Related Articles

Back to top button