
မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ် ရွာဘိုကျေးရွာ ဒေါ်ဥမ္မာအရက်ဆိုင်ရှိ သစ်ပင်တစ်ပင်အောက်တွင် ယခင်နေ့များကဲ့သို့ သွားရောက်သောက်စားနေကြသည့် စစ်ကောင်စီတပ်ဖွဲ့ကို ဒီဇင်ဘာ ၃ ရက်၊ ညနေ ၃ နာရီဝန်းကျင်က အဝေးထိန်းမိုင်းနှင့် တိုက်ခိုက်ရာ ၁၂ ဦး သေဆုံးသွားကြောင်း စဉ့်ကိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယမန်နေ့ (ဒီဇင်ဘာ ၃) တွင် ထုတ်ပြန်သည်။
ရွာတွင် တပ်စွဲထားသည့် ထိုစစ်သားများသည် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်သည့် အစိုးရဝန်ထမ်းများကို ဖမ်းဆီးနေကြောင်း၊ တိုက်ခိုက်ရန် အချိန်ယူစောင့်ကြည့်၍ ကြိုတင်ပြင်ဆင်ခဲ့ကြောင်း စဉ့်ကိုင် PDF ခေါင်းဆောင်တစ်ဦးက ပြောသည်။
“(ဒီဇင်ဘာ ၃) မနေ့ကကျတော့ အရက်သောက်တဲ့အထဲ ခေါင်းဆောင်တစ်ဦးပါနေတယ်၊ လူကလည်း များနေတယ်ဆိုတော့ အဆင်သင့်သလိုဖြစ်သွားတာပေါ့ ”ဟု ၎င်းက ဆိုသည်။
ရထားသံလမ်းကိုပင် ပြတ်တောက်စေနိုင်သည့် အပြင်းစားမိုင်း ၂ လုံး ကြိုတင်ထောင်ထားချိန်တွင် ထိုအရက်ဝိုင်း၌ စစ်သား ၁၅ ဦးခန့်ရှိပြီး ပေါက်ကွဲမှုကြောင့် အရက်ဆိုင်ပါ မီးလောင်သွားသည်ဟု ထိုသူက ဆက်ပြောသည်။
စစ်သားအများအပြား ထိုနေရာတွင် ရှိစဉ် ပေါက်ကွဲခြင်းဖြစ်သည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။
“စစ်သားတွေက ၂ လ၊ ၃ လလောက်ရှိပြီ။ ရွာထဲမှာ တပ်စွဲတယ်။ ရွာက လူတွေကို ဖမ်းတယ်။ နောက်ပြီး အဲဒီဆိုင်နဲ့ ပနံကျပြီး ညနေဆို အမြဲသောက်တယ်။ သောက်ရင်လည်း အဲဒီအပင်ရိပ်လေးမှာပဲ သောက်တယ်” ဟု ထိုဒေသခံက ပြောသည်။
“ကျွန်တော်လည်း သွားမကြည့်ရဲဘူးလေ။ အမြန် အိမ်ထဲ တံခါးပိတ်ဝင်ပုန်းရတယ်”
ပေါက်ကွဲမှုဖြစ်ပြီးချိန်တွင် ရွာအတွင်း တပ်စွဲထားသည့် စစ်သားများရောက်လာကာ အနီးဝန်းကျင်ကို ပစ်ခတ်ကြကြောင်း၊ သေဆုံးဒဏ်ရာရသည့် တပ်ဖွဲ့ဝင်များကို စစ်ကားများဖြင့် လာသယ်သွားကြောင်း ထိုဒေသခံက ပြောသည်။
ပေါက်ကွဲမှုနှင့် ပစ်ခတ်မှုအတွင်း စစ်သားများအပြင် အခြားထိခိုက်သူရှိမရှိ၊ ဖမ်းဆီးခံရသူရှိမရှိ သီးခြား အတည်မပြုနိုင်သေးပါ။
ထို့အတူ ပေါက်ကွဲမှုဖြစ်ပြီးနောက် စစ်ကောင်စီက ရွာကို ပိတ်ဆို့ရှာဖွေကြောင်း၊ ယနေ့ (ဒီဇင်ဘာ ၄ ) မှစ၍ နံနက် ၆ နာရီမှ ည ၆ နာရီအထိသာ အပြင်ထွက်ခွင့်ပြုပြီး ညမထွက်ရအမိန့် ထုတ်ပြန်ကြောင်း ၎င်းက ဆိုသည်။
ရွာလယ်ရှိ ဓမ္မာရုံတွင် တပ်စွဲထားသော စစ်တပ်ကို လွန်ခဲ့သည့် နှစ်လခန့်က ဗုံးသီးဖြင့် တိုက်ခိုက်ခဲ့ဖူးပြီး ထိုစဉ်ကလည်း စစ်သားအများအပြား သေဆုံးခဲ့သည်ဟု စဉ့်ကိုင် PDF ဘက်က ပြောသည်။
ထိုရွာတွင် နေထိုင်သည့် CDM အထက်တန်းပြကျောင်းဆရာ အသက် ၃၀ အရွယ် ဦးဝင်းသိန်းဆိုသူကို စစ်ကောင်စီက နိုဝင်ဘာ ၂ရက်တွင် ဖမ်းသွားပြီးနောက် နာရီပိုင်းအကြာတွင် သေဆုံးခဲ့ရကာ မိသားစုထံ အလောင်းပင် ပြန်မပေးသည့် ဖြစ်စဉ်ပေါ်ပေါက်ဖူးသည်။
အထက်ပါ ဖြစ်စဉ်များနှင့် ပတ်သက်၍ စစ်ကောင်စီထံ မေးမြန်းနိုင်ခြင်းမရှိသေးပါ။
ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးနောက်တွင် ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်နေသည့် စစ်ကောင်စီကို ခုခံတိုက်ခိုက်မှု နိုင်ငံအနှံ့ ပေါ်ပေါက်လာရာ စဉ့်ကိုင်မြို့သည်လည်း အပါအဝင်ဖြစ်သည်။ စဉ့်ကိုင်မြို့နယ်အတွင်းတွင် တစ်ရက်တည်း လူငယ် ၃၀ ကျော်ကို ဖမ်းဆီးသည်အထိ စစ်ကောင်စီက ကြမ်းတမ်းစွာ ကိုင်တွယ်နေသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)