အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဒီးမော့ဆိုတိုက်ပွဲအတွင်း နေအိမ်တချို့ မီးရှို့ခံရ

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် ထူလွှီးဘီလာကျေးရွာနှင့် ခြေတော်ရာဘုရားအနီး ယနေ့(ဒီဇင်ဘာ ၃) မွန်းလွဲပိုင်း ၁ နာရီခန့်က မိနစ် ၄၀ ခန့် တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်က လာရာလမ်းအတိုင်း ပြန်ဆုတ်သွားသည်ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) က ပြောသည်။

ထိုရွာအနီးသို့ စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို ကရင်နီတပ်မတော်(KA) နှင့် ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း၊ စစ်တပ်က လက်နက်ကြီးပါ သုံးခဲ့သည်ဟု KNDF ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

“အတိအကျတော့ ဘာမှမရသေးဘူး၊ သေချာတာက စစ်ကြောင်းတွေထိုးတယ်၊ နောက်ဆုံးတော့ အပြန်အလှန်တိုက်ခိုက်ကြတယ်၊ ဒီလောက်ပဲ ကျွန်တော်က ပြောနိုင်ဦးမယ်ဗျ” ဟု ၎င်းက ပြောသည်။

ထိုတိုက်ပွဲအတွင်း ထူလွှီးဘီလာကျေးရွာရှိ နေအိမ် ၅ လုံးထက်မနည်းကို စစ်တပ်က မီးရှို့သွားသည်ဟု KNDF က ပြောသည်။ ထိုဖြစ်စဉ်အပေါ် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ထူလွှီးဘီလာရွာသည် ဒီးမော့ဆိုမြို့အနီး ‌တောင်ဘက်အရပ်တွင်ရှိပြီး ရွာအနီးရှိ ခြေတော်ရာဘုရားတောင်နှင့် သဲတောင်တို့တွင် စစ်ကောင်စီတပ်က တပ်စွဲထားကာ တိုက်ပွဲများဖြစ်ပွားချိန်တွင် လက်နက်ကြီးပစ်ကူပေးလေ့ရှိသည်ဟု KNDF ထံမှ သိရသည်။

ထို့ပြင် ထိုနေရာအနီးရှိ ရပ်ကွက်ကျေးရွာများအတွင်း တပ်ဖြန့်ကာ လူနေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ ပစ္စည်းအသုံးအဆောင်များအား လုယူခြင်းများကို လုပ်ဆောင်နေကြောင်း KNDF က ယနေ့ (ဒီဇင်ဘာ ၃) တွင် သတင်းထုတ်ပြန်ထားသည်။

တိုက်ပွဲဖြစ်စဉ်၊ KNDF ထုတ်ပြန်ချက်တို့နှင့် ပတ်သက်ပြီး အာဏာသိမ်းစစ်ကောင်စီ ပြန်ကြားရေးတာဝန်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းထံမှ တုံ့ပြန်ချက် ရယူနိုင်ရန် ကြိုးစားသော်လည်း ဖုန်းအဆက်အသွယ် မရသေးပေ။

ငြိမ်းချမ်းစွာ ဆန္ဒပြသည်ကိုပင် ပစ်ခတ်နှိမ်နင်းသည့် စစ်ကောင်စီကို ပြင်းပြင်းထန်ထန်ခုခံနေသည့် ကယားပြည်နယ်ရှိ ဒီးမော့ဆိုမြို့နယ်အတွင်း တိုက်ပွဲများ မကြာခဏဖြစ်လေ့ရှိသည်။

ထူလွှီးဘီလာကျေးရွာအနီး၌ နိုဝင်ဘာ ၁၁ ရက်ကပင် တိုက်ပွဲဖြစ်ခဲ့ဖူးပြီး စစ်ကောင်စီဘက်မှ ၂၀ ဦးထက်မနည်း ကျဆုံးသည်ဟု KNDF ဘက်က ပြောထားသည်။

ဒီးမော့ဆိုအပါအဝင် ကရင်နီဒေသအတွင်း စစ်ရှိန်မြင့်နေချိန်တွင် ကုန်းလမ်းအပြင် လေကြောင်းကပါ ခရီးမသွားရန် KNDF က ယမန်နေ့(ဒီဇင်ဘာ ၂) မှစ၍ နှစ်ရက်ဆက်တိုက် ကြေညာထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button