သတင်း

ချင်းတွင်းမြစ် အရှေ့ဘက်ကမ်းတွင် စစ်ကြောင်းထိုး၊ ဒေသခံများ ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှ စစ်ကောင်စီတပ် အင်အား ၁၂၀ ခန့်သည် ချင်းတွင်းမြစ် အရှေ့ဘက်ကမ်းဒေသများသို့ ယမန်နေ့ (ဒီဇင်ဘာ ၂) ညပိုင်းက စစ်ကြောင်းများခွဲ၍ တပ်ဖြန့်လာသဖြင့် အိုးအိမ်စွန့်ခွာ တိမ်းရှောင်နေရသည်ဟု ဒေသခံအချို့က ပြောသည်။

မင်းကင်းမြို့နယ်မှ ဇင်ကလဲ၊ ခက်လုံ၊ လောင်းပြည့်၊ သံပေါက်၊ ရေဦးမြို့နယ်မှ တောင်ပြင်ငယ်၊ ဆည်တော၊ အောင်သုခ၊ အောင်ရေတွင်း၊ ပလူစဝ၊ သစ်ထ၊ ကနီမြို့နယ်မှ ကုန်းသာ၊ ကျောက်လှေကား၊ ယင်းရွာတို့ အပါအဝင် ရွာပေါင်း ၂၀ ဝန်းကျင်မှ လူဦးရေထောင်နှင့်ချီ ဘေးလွတ်ရာပြေးနေရသည်ဟု ၎င်းတို့ထံမှ သိရသည်။

စစ်ကြောင်းတစ်ခုမှာ ကနီမြို့နယ် ကျောက်လှေကားရွာတွင် တပ်စွဲထားသဖြင့် ၃ မိုင်ခန့်အကွာရှိ မင်းကင်းမြို့နယ် ဇင်ကလဲကျေးရွာသားများပင် နေအိမ်၌ မနေရဲ၍ ထွက်ပြေးနေရသည်ဟု ဇင်ကလဲ ဒေသခံတစ်ဦးက ပြောသည်။

စစ်တပ်က ချင်းတွင်းမြစ်ရိုးတစ်လျှောက်ရှိ ထိုကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်လေ့ရှိကြောင်း၊ နေအိမ်များကိုလည်း ဝင်ရောက်ရှာဖွေပြီး လိုအပ်သည်များကို ယူဆောင်သွားလေ့ရှိကြောင်း ၎င်းက ဆက်ပြောသည်။ 

“ဒီအာဏာသိမ်းမှုက ကျွန်တော်တို့ပြည်သူလူထုကတော့ ရှေ့သွားလို့ နောက်မလုံ၊ နောက်သွားလို့ ရှေ့မလုံ နေရာတိုင်းလိုလို ကျီးလန့်စာစားနေရတယ်ဗျာ။ ဟတ်စကီး (ရဟတ်ယာဉ်) တွေ ဆင်းလာပြီးတော့ မွှေတာတို့ ခဏခဏတွေ ကျွန်တော်တို့တွေ ခုလိုပြေးနေရတာဆိုရင် ၅ ကြိမ်ရှိပါပြီ” ဟု ထိုသူက ပြောသည်။

“ဒီအာဏာသိမ်းမှုက ကျွန်တော်တို့ ပြည်သူလူထုကို ဒုက္ခပေးသလိုဖြစ်တာပါပဲဗျာ။ ဒီဒုက္ခကနေပြီး ကျွန်တော်တို့ လွတ်ကင်းချင်ပြီဗျာ။ အောင်မြင်ချင်ပြီ”  

၎င်းနှင့် မိသားစု ၅ ဦးမှာ ကိုယ်ပိုင် ယာခင်းအတွင်း ယာယီတဲထိုး၍ ခိုလှုံနေထိုင်ကြရပြီး ဆောင်းတွင်းဖြစ်၍ စစ်ရှောင်များအတွက် အနွေးထည်နှင့် ဆေးဝါးပစ္စည်းများ လိုအပ်နေသည်ဟု အထက်ပါ ဇင်ကလဲဒေသခံက ပြောသည်။

ထိုစစ်ကြောင်းမှာ နိုဝင်ဘာ ၉ တွင် ဒီပဲယင်းမြို့ အနောက်ဘက် ဝန်းရံ၊ ကုန်းရိုး၊ အင်ဘုတ်နှင့် တပ်တည် ကျေးရွာများတွင် နယ်မြေရှင်းလင်းရေးပြုလုပ်ခဲ့သည့် စစ်ကြောင်းတစ်ခုဖြစ်ပြီး တန့်ဆည်မြို့နယ်မှတစ်ဆင့် ကနီနှင့် မင်းကင်း မြို့နယ်များသို့ ဆက်လက်ချီတက်သွားသည်ဟု ဒေသခံကာကွယ်ရေးအဖွဲ့ (PDF) များထံမှ သိရသည်။ 

ဒီပဲယင်းမြို့နယ်မှ  ဆုံကုန်း၊ ဆည်တော၊ သောင်ပြင် ကျေးရွာများမှတစ်ဆင့် ကနီဒေသရှိ ကျောက်လှေကား၊ ကုန်းသား ကျေးရွာများသို့  စစ်ကြောင်းထိုးချီတက်လာခြင်းဖြစ်ကြောင်း ကနီဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ဖွဲ့ဖြစ်သည့် Myanmar Defence Force အဖွဲ့မှ ကိုစောဂျိမ်းက ပြောသည်။ 

ထို့အတူ မင်းကင်းမြို့နယ် အောက်ဘက် ချင်းတွင်းမြစ်ကြောင်းပေါ်ရှိ တောင်ဖြူပန်းဆက်ကျေးရွာတွင် စစ်ကောင်စီရေယာဉ်များ ရပ်တန့်ထားကြောင်း၊ PDF တို့ကို ထောက်ပံ့၍ မရစေရန် ရည်ရွယ်ချက်ဖြင့် ဒေသခံတို့၏ စိုက်ခင်းများ၊ စားနပ်ရိက္ခာများ၊ နေအိမ်များကို ဆက်တိုက်ဖျက်ဆီးနေကြောင်း ၎င်းက ဆက်ပြောသည်။

“ဒီလိုမျိုး လုပ်ဆောင်ရင် ပြည်သူတွေက စားနပ်ရိက္ခာပိုင်းမှာ ကျွန်တော်တို့ကို တခြားအကူအညီပေးဖို့ ကိစ္စတွေမှာ တော်တော်လေး အခက်တွေ့သွားတာတွေရှိတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့တောင်မှ စားနပ်ရိက္ခာတွေ ဖျက်ဆီးခံရတော့ ကျွန်တော်တို့ကို ထောက်ပံ့ဖို့နေနေသာသာ သူတို့တောင်မှ စားဝတ်နေရေး ခက်ခဲသွားတာမျိုးတွေဖြစ်နေတယ်” ဟု ကိုစောဂျိမ်းက ပြောသည်။

ဒေသခံ PDF အဖွဲ့ဝင်များမှာ စစ်ကောင်စီနှင့် တိုက်ခိုက်ရရုံသာမက စစ်ဘေးရှောင်နေရသည့် ဒေသခံများ၏ စားဝတ်နေရေးနှင့် ကျန်းမာရေးအတွက် ကူညီနေရသည်ဟု ၎င်းက ဆက်ပြောသည်။ 

“စားနပ်ရိက္ခာနဲ့ အဝတ်အထည်တွေ ပြတ်တောက်ပြီး အားနည်းနေတာမျိုးတွေမှာ အဲဒါမျိုးတွေကို သူတို့ရဲ့ကိုယ်စား အလှူခံပြီး သူတို့ရှိတဲ့ နေရာကို သွားရောက်ပြီး ပို့ဆောင်ပေးတယ်။ အဲဒါမျိုးတွေကို ကျွန်တော်တို့ဘက်ကလည်း လုပ်ဆောင်ပေးရတာတွေရှိတယ်” ဟု ကိုစောဂျိမ်းက ပြောသည်။ 

“ဒီအာဏာရှင်စနစ်ကြီးကို အမြစ်ပြတ်အောင် ချေမှုန်းတိုက်ထုတ်မှာ ဖြစ်တဲ့အတွက်ကြောင့် ဒီစစ်ကောင်စီက မိုက်ရိုင်းကမ်းကုန်လေ ကျွန်တော်တို့က သူတို့ကို ပိုပြီးတော့ ရွံရှာမုန်းတီးလေလေ။ ကျွန်တော်တို့မှာ ရှိသမျှအင်အားတွေနဲ့ သူတို့ကို အစွမ်းကုန်တိုက်ထုတ်ဖို့အတွက်တော့ အားမွေးရမှာပေါ့လေ”  

ဒေသခံတို့၏ စိုက်ခင်းများ၊ စားနပ်ရိက္ခာများ၊ နေအိမ်များကို ဆက်တိုက်ဖျက်ဆီးနေသည်ဟူသော ပြောဆိုချက်များနှင့် ပတ်သက်ပြီး အာဏာသိမ်းစစ်ကောင်စီ ပြန်ကြားရေးတာဝန်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းထံမှ တုံ့ပြန်ချက် ရရှိရန် ကြိုးစားသော်လည်း ဖုန်းအဆက်အသွယ် မရသေးပေ။

လက်နက်ကိုင်ခုခံမှုအားကောင်းပြီး မိုင်းခွဲတိုက်ခိုက်မှုများ၊ ပြောက်ကျားတိုက်ခိုက်မှုများဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အထိနာစေသည့် စစ်ကိုင်းတိုင်းအတွင်းတွင် စစ်ကောင်စီက လေကြောင်းကပါ ရိက္ခာနှင့် လက်နက်ခဲယမ်းအင်အားများ ထောက်ပံ့ပေးပြီး ခြေလျင်စစ်ကြောင်းများ အလုံးအရင်းအသုံးပြုကာ စစ်ဆင်ရေးအသွင် ချေမှုန်းနေသည်။ 

ထိုစစ်ဆင်ရေးများအတွင်း ဖြစ်ပျက်သည့် ကိစ္စများနှင့် ပတ်သက်၍ စစ်ကောင်စီက နှုတ်ဆိတ်နေဆဲ ဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button