အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်ကောင်စီ စစ်ရေးလှုပ်ရှားလာသည့် ဖားကန့်နှင့် မိုးညှင်းတွင် တိုက်ပွဲဖြစ်

စစ်ကောင်စီတပ် စစ်ရေးလှုပ်ရှားမှု များလာသည့်အတွက် ယမန်နေ့ (ဒီဇင်ဘာ ၁) တွင် ကချင်ပြည်နယ် ဖားကန့်မြို့နယ်နှင့် မိုးညှင်းမြို့နယ်တို့၌ တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့သည်ဟု ကချင်လွတ်လပ်ရေးတပ်မ‌တော် (KIA)  ၏ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

“ဟိုတစ်နေ့ (နိုဝင်ဘာ ၂၅) ကလည်း လေကြောင်းနဲ့လည်း တိုက်ခိုက်တယ်၊ အခု မြေပြင်ကလည်း ကျွန်တော်တို့ရှိတဲ့ ဆီကို သူတို့တက်လာလို့ ခုခံတိုက်ပွဲတွေဖြစ်တာရှိပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ဆိုသည်။

ယမန်နေ့ နံနက် ၈ နာရီမှစ၍ KIA တပ်မဟာ ၉ လက်အောက်ခံ၊ တပ်ရင်း ၂၆ နယ်မြေဖြစ်သည့် မိုးညှင်းမြို့နယ်၊ ညောင်ထောက်ကျေးရွာ အနောက်ဘက်တွင် စစ်တပ်က စစ်ကြောင်းထိုးလာသည့်အတွက် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KIA ပြန်ကြားရေးသတင်းဌာနဖြစ်သည့် Kachinnet Burmese စာမျက်နှာကလည်း ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်၏ ခြေလျင်တပ်ရင်း ၄၂ မှ အင်အား ၅၀ ခန့်သည် အဖွဲ့နှစ်ဖွဲ့ခွဲ၍ စစ်ကြောင်းထိုးရာ ညနေ ၆ နာရီအထိ တိုက်ပွဲကြာမြင့်ခဲ့သည်ဟု ထိုထုတ်ပြန်ချက်အရ သိရသည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

တိုက်ပွဲများနှင့် ပတ်သက်ပြီး ဗိုလ်မှူးကြီးနော်ဘူကို မေးမြန်းသော်လည်း အသေးစိတ်အချက်အလက်များကို ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

ယမန်နေ့ တစ်ရက်တည်းမှာပင် ဖားကန့်မြို့နယ်မှ ၁၇ မိုင်ခန့်အကွာ ဖားကန့် – မိုးညှင်းလမ်းပေါ်ရှိ ဝေလုံရွာအနီး တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် KIA တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သည်။

တိုက်ပွဲဖြစ်ပွားရာသို့ ဖားကန့်မြို့ပေါ် အမြောက်တပ်က မွန်းလွဲ ၃ နာရီခန့်မှစ၍ ည ၈ နာရီခန့်အထိ စုစုပေါင်း အချက်ရေ ၃၀ ခန့် ပစ်ခတ်ခဲ့သည်ဟု ဖားကန့်ဒေသခံတစ်ဦးက ပြောသည်။

“ဖားကန့်ကနေ အမြောက်နဲ့ ပစ်တာကတော့ အိမ်တောင် တုန်တုန်သွားတယ်” ဟု ၎င်းက ပြောသည်။

ယနေ့နံနက်ကလည်း အဆိုပါ အမြောက်တပ်က လက်နက်ကြီး ၅ ချက်ခန့် ထပ်မံပစ်ခတ်ခဲ့ကြောင်း၊ ဖားကန့်မြို့ပေါ်တွင်မူ ပုံမှန်အတိုင်း လှုပ်ရှားသွားလာနေဆဲဖြစ်ကြောင်း ၎င်းက ဆိုသည်။

တိုက်ပွဲဖြစ်ပွားသည့် ဝေလုံရွာအနီး တပ်စွဲထားသည့် စစ်တပ်မှာ ဖားကန့်နှင့် မိုးညှင်းလမ်းတွင် ကားတစ်စီး ကျပ် ၅၀၀၀ ခန့်၊ ခရီးသည်တစ်ဦးကို ကျပ် ၃၀၀၀ အထိ တောင်းခံလေ့ရှိကြောင်း အဆိုပါဖားကန့်ဒေသခံက ဆက်ပြောသည်။

ယမန်နေ့က တိုက်ပွဲဖြစ်ပွားမှုကြောင့် ဖားကန့်မြို့နယ်မှ မိုးညှင်းမြို့နယ်သို့ ထွက်ခွာသွားသည့် ခရီးသွားကားတချို့ ဖားကန့်မြို့နယ်သို့ ပြန်လှည့်လာကြရသည်ဟု ၎င်းက ဆိုသည်။

စစ်တပ်က ခရီးသည်တို့ထံမှ ပိုက်ဆံတောင်းသည်ဟူသော ပြောဆိုချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းထံမှ တုံ့ပြန်ချက် မရသေးပေ။

ထို့ပြင် ယမန်နေ့က မိုးညှင်းမြို့နယ်နှင့် နန်းမားမြို့နယ်ကြား ကွင်းကြီးကျေးရွာအနီးတွင်လည်း တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။ 

ထို့ကြောင့် ယမန်နေ့က မိုးညှင်းမြို့နယ်အတွင်း ဖြစ်ပွားသည့် တိုက်ပွဲနှစ်ခုအတွင်း စစ်ကောင်စီအင်အား ၃၀ ကျော် သေဆုံးနိုင်ကြောင်း ဒေသခံအချို့က ပြောသော်လည်း KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်မပြုသလို Myanmar Now ကလည်း သီးခြားအတည်မပြုနိုင်သေးပေ။

စစ်ကောင်စီကလည်း KIA လှုပ်ရှားနယ်မြေ စစ်သတင်းကို ထုတ်ပြန်လေ့ မရှိပေ။

ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းနယ်စပ်အနီးတွင်ရှိသည့် ရွှေကူ၊ ကသာ၊ ထီးချိုင့်၊ ကောလင်း၊ ဝန်းသို စသည့် မြို့နယ်များတွင် ဒေသခံ PDF များနှင့် KIA တို့က ကချင်ပြည်နယ်အတွင်း အင်အားဖြည့်တင်းလာသည့် စစ်တပ်ကို ကြားဖြတ်တိုက်ခိုက်လျက်ရှိသည်။

KIA တပ်ရင်း ၂၆ နယ်မြေအတွင်း ဖြစ်ပွားသည့် လေကြောင်းတိုက်ခိုက်မှုနှင့် မြေပြင်ထိုးစစ်များမှာ စစ်ကိုင်းတိုင်းအတွင်း KIA တပ်များ ထိုးဖောက်ဝင်ရောက်လာမည်ကို စိုးရိမ်သည့်အတွက် စစ်ကောင်စီက ခြိမ်းခြောက်တိုက်ခိုက်ခြင်း ဖြစ်နိုင်ကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြီးခဲ့သည့်ရက်အနည်းငယ်က သုံးသပ်ထားသည်။

စစ်တပ်က နိုင်ငံ‌တော်အာဏာကို ဖေဖော်ဝါရီ ၁ ရက်‌တွင် လက်နက်ပြသိမ်းယူပြီး ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို ပစ်ခတ်၊ သတ်ဖြတ်ခဲ့သည့်အတွက် နိုင်ငံအနှံ့အပြား လက်နက်ကိုင်တော်လှန်ရေးများ ဖြစ်ပေါ်ခဲ့သလို KIA နှင့် ကရင်အမျိုးသားအစည်းအရုံး(KNU) နယ်မြေများတွင်လည်း တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားလာသည်။

အာဏာသိမ်းပြီးချိန်မှစ၍ ကချင်ပြည်နယ်အတွင်း တိုက်ပွဲပေါင်း ရာနှင့်ချီကာ ဖြစ်ပွားခဲ့ပြီး မေလအစောပိုင်းက မိုး‌မောက်မြို့နယ်အတွင်း ဖြစ်ပွားသည့်တိုက်ပွဲတွင် စစ်ကောင်စီတပ်၏ တိုက်ခိုက်ရေးရဟတ်ယာဉ်တစ်စီးကို KIA က ပစ်ချခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button