သတင်း

NLD ပါတီ ဗဟိုကော်မတီဝင် မုံရွာအောင်ရှင် နှလုံးရောဂါဖြင့် ကွယ်လွန် 

ဝါရင့်နိုင်ငံရေးသမားတစ်ဦးနှင့် ကဗျာဆရာတစ်ဦးဖြစ်သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူးဖြစ်သူ မုံရွာအောင်ရှင်မှာ ယနေ့ (နိုဝင်ဘာ ၂၈) နံနက်ပိုင်းတွင် နှလုံးရောဂါဖြင့် ကွယ်လွန်သွားသည်။

ရန်ကုန်၊ တာမွေမြို့နယ်ရှိ နေအိမ်၌ နှလုံးသွေးကြောပိတ်ရောဂါကြောင့် အမောဖောက်ကာ ရုတ်တရက် ကွယ်လွန်သွားခြင်းဖြစ်ကြောင်း မုံရွာအောင်ရှင်၏ ဇနီးဖြစ်သူ ဒေါ်ကေသွယ်မိုးက Myanmar Now ကို ပြောသည်။

“ဒီမနက် အိပ်ရာနိုးတော့ သူက မောတာပေါ့။ အရင်အခံ ရင်ကျပ်ရောဂါရှိတယ်။ ချောင်းဆိုးပြီး မောတာပါ။ ရုတ်တရက်ဆုံးသွားတာပါ” ဟု ၎င်းက ပြောသည်။

စစ်တပ်က အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက စစ်ကြောရေးစခန်းတွင် ရှစ်လကျော် ထိန်းသိမ်းခံခဲ့ရပြီး အောက်တိုဘာ ၁၈ ရက်တွင် ပြန်လည်လွတ်မြောက်လာခဲ့သူ မုံရွာအောင်ရှင်မှာ ကွယ်လွန်ချိန်တွင် အသက် ၇၇ နှစ်အရွယ်ရှိပြီဖြစ်သည်။

စစ်ကြောရေးစခန်းမှ လွတ်မြောက်လာပြီးနောက် ကျန်းမာရေးအခြေအနေ ဆိုးရွားခဲ့ခြင်းမရှိသော်လည်း လွန်ခဲ့သည့် တစ်ပတ်ခန့်ဖြစ်သည့် နိုဝင်ဘာ ၂၁ ရက်တွင် ရုတ်တရက် နှလုံးရောဂါဖောက်လာသဖြင့် ရန်ကုန်ဆေးရုံကြီးတွင် လေးရက်ကြာ ဆေးကုသမှုခံယူခဲ့ရသည်ဟု ဒေါ်ကေသွယ်မိုးက ပြောသည်။

“ပြန်လွတ်လာပြီး (နိုဝင်ဘာ )၂၄ က တစ်ခါပဲ ဆေးရုံတက်ရတာ။ ကျန်တာ မရှိပါဘူး။ (ဒီနေ့သေဆုံးတာနဲ့ ပတ်သက်ပြီး) သီးခြားမှတ်ချက်ပေးစရာ မရှိပါဘူး။ ကျွန်မတို့အတွက်ကတော့ ကြီးကြီးမားမားဆုံးရှုံးမှုတစ်ခုပါပဲ။ အဖိုးမဖြတ်နိုင်လောက်အောင် ဆုံးရှုံးမှုပါ” ဟုလည်း မုံရွာအောင်ရှင်၏ ဇနီးဖြစ်သူက ဖြည့်စွက်ပြောကြားသည်။ 

အာဏာသိမ်းသည့်နေ့ကတည်းက ဖမ်းဆီးခံရသူ မုံရွာအောင်ရှင်က ပြန်လည်လွတ်မြောက်လာချိန်တွင် စစ်ကောင်စီက မည်သည့်ပုဒ်မနှင့်မျှ တရားစွဲဆိုထားခြင်းမရှိကြောင်း ဆိုခဲ့သော်လည်း စစ်ကြောရေးစခန်းတွင် မည်သို့စစ်ဆေးမေးမြန်းခံခဲ့ရသည်ကို ထုတ်ဖော်ပြောဆိုခြင်း မပြုခဲ့ပေ။ 

မင်္ဂလာဒုံမြို့နယ်ရှိ ရေကြည်အိုင်စစ်ကြောရေးစခန်းတွင် ဆုံတွေ့စဉ် မုံရွာအောင်ရှင်က အဖြစ်အပျက်များ သိရှိစေရန် သတင်းစာများ ခိုးပေးခဲ့ကြောင်း ကမာရွတ်မီဒီယာ အယ်ဒီတာချုပ် ဦးနေသန်မောင်က ၎င်း၏ Facebook စာမျက်နှာတွင် ယနေ့ နံနက်ပိုင်းက ရေးသားထားသည်။

အမေရိကန်နိုင်ငံသားခံယူထားသူ ဦးနေသန်မောင်ကို စစ်ကောင်စီက မတ်လ ၉ ရက်တွင် ရုံးခန်းကို ဝင်ရောက်စီးနင်းကာ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅-က ဖြင့် တရားစွဲခံရကာ စစ်ကြောရေးစခန်းမှ အင်းစိန်ထောင်သို့ ရောက်ရှိပြီး သုံးလကျော်အကြာ ဇွန် ၁၅ တွင် အမေရိကန်နိုင်ငံသို့ ပြန်ပို့ခံရသူဖြစ်သည်။ 

“ဆရာ့ကို ဘဝမှာ အမြဲအမှတ်ရနေမှာပါ ဆရာ။ ဆရာခိုးကျွေးဖူးတဲ့ ဟင်းလေးနဲ့ သတင်းတွေကြောင့်လည်း ကျေးဇူးတရားကို အမှတ်ရနေမှာပါ ဆရာ။ ဖက်ဆစ်အောက်ကနေ မလွတ်မြောက်သေးတဲ့အချိန် ဆရာကျဆုံးသွားတာကို စိတ်ထိခိုက်မိပါတယ်” ဟု မုံရွာအောင်ရှင်ကွယ်လွန်ခြင်းအပေါ် ကမာရွတ်မီဒီယာ အယ်ဒီတာချုပ် ဦးနေသန်မောင်က ရေးသားထားသည်။ 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူးဖြစ်သူ မုံရွာအောင်ရှင်သည် ပါတီပြောရေးဆိုခွင့်ရှိသူတစ်ဦးအဖြစ် သတင်းမီဒီယာသမားများ၏ ဆက်သွယ်မေးမြန်းမှုကို ဒိုင်ခံဖြေကြားပေးလေ့ရှိသူဖြစ်သည်။ 

NLD ပါတီက ထုတ်ဝေသည့် ဒီလှိုင်းစာစောင်၏ တာဝန်ခံအယ်ဒီတာအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သူ မုံရွာအောင်ရှင်မှာ ၁၉၈၈ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အထိ NLD ပါတီ၏ ဖြတ်သန်းမှုများအကြောင်း မှတ်တမ်းစာအုပ်ကို ပြုစုရေးသားခဲ့သူလည်းဖြစ်သည်။

၁၉၄၅ ခုနှစ်၊ မေလ ၁၈ ရက်တွင် မွေးဖွားခဲ့သူ မုံရွာအောင်ရှင်၏ အမည်ရင်းမှာ ဦးအေးကြူဖြစ်ပြီး မုံရွာဇာတိဖြစ်သည်။ အ.ထ.က (၁) မင်္ဂလာတောင်ညွန့်မှ အထက်တန်းအောင်မြင်ပြီးနောက် ရန်ကုန်ဆရာ အတတ်သင်ကောလိပ်၌ တက်ရောက်ပညာသင်ကြားခဲ့သည်ဟု မုံရွာအောင်ရှင်နှင့် ပတ်သက်သော မှတ်တမ်းများတွင် တွေ့ရသည်။

၁၉၇၀ ပြည့်နှစ်မှစ၍ စာပေမဂ္ဂဇင်းအချို့တွင် အယ်ဒီတာဖြစ်ခဲ့သူ မုံရွာအောင်ရှင်သည် ကဗျာစာအုပ်အချို့ကို ရေးသားထုတ်ဝေခဲ့သည်။ ၁၉၈၈ ဒီမိုကရေစီအရေးတော်မှစ၍ NLD ပါတီဝင်ဖြစ်ခဲ့ပြီး မုံရွာမြို့နယ်အဖွဲ့ချုပ် ဥက္ကဋ္ဌ၊ စစ်ကိုင်းတိုင်းအဖွဲ့ချုပ် ဒုဥက္ကဋ္ဌဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သည်ဟု သိရသည်။ 

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Show More

Related Articles

Back to top button