
မွန်ပြည်နယ်၊ သထုံမြို့တွင် ယမန်နေ့ (နိုဝင်ဘာ ၂၆) နံနက်က နေရာငါးခု၌ ပေါက်ကွဲမှုများဖြစ်ပြီးနောက် ညဘက်တွင် စစ်သားနှင့် ရဲတို့က မြို့အနှံ့ သေနတ်ဖြင့် ပစ်ခတ်ခြိမ်းခြောက်၍ ဧည့်စာရင်းစစ်သည်ဟု ဒေသခံနှစ်ဦးက အတည်ပြုသည်။
နန်းခဲရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၊ အောက်ကျင်းရပ်ကွက်ရှိ ကမ္ဘာ့ရတနာဘဏ်၊ လိပ်အင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၊ ဘင်လှိုင်ရပ်ကွက်ရှိ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (ကညန)၊ ပေါ်တော်မူကျေးရွာ အုပ်ချုပ်ရေးမှူးရုံး စသည့် နေရာငါးခုအနီးတွင် ထိုနေ့ နံနက်က ပေါက်ကွဲမှုများဖြစ်ခဲ့သည်။ အသေးစိတ်အခြေအနေကိုမူ ၎င်းတို့ထံမှ မသိရပေ။
ယင်းနောက် ည ၈ နာရီမှ ၁၁ နာရီ ဝန်းကျင်အတွင်း စစ်ကောင်စီတပ်ဖွဲ့များ ပစ်ခတ်သည့် သေနတ်သံများကို ဘင်လှိုင်၊ သိမ်ကုန်း၊ နန်းခဲ၊ အောက်ကျင်း၊ လိပ်အင်း ရပ်ကွက်တို့တွင် ကြားခဲ့ရပြီး ထိခိုက်သူမရှိ၍ မိုးပေါ်ထောင်ပစ်သည်ဟု အထက်ပါ သတင်းရင်းမြစ်နှစ်ဦးက ယူဆသည်။
ထိုသို့ ပစ်ခတ်နေစဉ် ရပ်ကွက်အတွင်းရှိ နေအိမ်အချို့ကို စစ်ကောင်စီက ဧည့်စာရင်းဝင်စစ်ခဲ့ကြောင်း၊ ထိုသို့ စစ်ဆေးပြီး မိနစ်ပိုင်းကြာမှ သေနတ်သံများစဲသွားကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသည့် ဘင်လှိုင်ရပ်ကွက်နေ အမျိုးသားတစ်ဦးက ပြောသည်။
ဘင်လှိုင်ရပ်ကွက်ရှိ ကညနရုံးမှ စတင်ပစ်ခတ်သည်ဟု ယူဆရပြီး အချက် ၂၀ ခန့် ကြားရပြီးနောက် အခြားလမ်းများ၊ ရပ်ကွက်များဘက်မှ သေနတ်သံများ ဆက်လက်ထွက်ပေါ်လာကြောင်း၊ ရပ်ကွက်နေပြည်သူများ အထိတ်တလန့်ဖြစ်ခဲ့ရကြောင်း ၎င်းက ပြောသည်။
“တိုက်ပွဲခေါ်သံလိုဖြစ်သွားတယ်။ ဟိုဘက်လည်း ပစ်တယ်။ ဒီဘက်လည်း ပစ်တယ်။ ဘယ်သူဘယ်ဝါ သူတို့ လိုက်ပစ်မှန်းမသိဘူး။ လမ်းပေါင်းစုံမှာ လိုက်ပစ်နေတာပဲ။ ရမ်းပြီးတော့လိုက်ပစ်တာ”ဟု ထိုသူက ပြောသည်။
ထိုအချိန်အတွင်း သေနတ်သံများ ကြားခဲ့ရသည်ကို လိပ်အင်းရပ်ကွက်နေ ဒေသခံတစ်ဦးကလည်း အတည်ပြုပြီး ၎င်းတို့ဘက်တွင် ဧည့်စာရင်းစစ်ဆေးမှုမရှိဟု ပြောသည်။
“ကြားရတာက အချက် ၁၀၀ မကပါဘူး။ စက်သေနတ်သံရော ဗုံးရော သေနတ်သံတွေရော” ဟု ၎င်းက ဆိုသည်။
ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းစွာ ဆန္ဒပြသည်ကိုပင် ပစ်ခတ်နှိမ်နင်းသည့် စစ်ကောင်စီကို တန်ပြန်ပစ်မှတ်ထားတိုက်ခိုက်မှုများ သထုံမြို့နယ်အတွင်း ဖြစ်ပွားလေ့ရှိပြီး ဖြစ်စဉ်အများစုမှာ စစ်တပ်ကခန့်သည့် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ သတ်ဖြတ်ခံရ၊ ၎င်းတို့၏ ရုံးများ ဗုံးခွဲခံရခြင်းဖြစ်သည်။
အထက်ပါ ဖြစ်စဉ်များအတွင်း ဖမ်းဆီးခံရသူ၊ ထိခိုက်ဒဏ်ရာရသူ ရှိမရှိကို စစ်ကောင်စီထံ မေး၍ မရသေးသလို သီးခြားအတည်ပြုနိုင်ခြင်းလည်း မရှိသေးပေ။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)