ကရင်ပြည်နယ်၊ ဖာပွန်ခရိုင် မထော်ရွာအနီးရှိ စစ်ကောင်စီ၏ တပ်စခန်းငယ်တစ်ခုကို ယနေ့ (နိုဝင်ဘာ ၂၇) နံနက်ပိုင်းက တိုက်ခိုက်သိမ်းပိုက်ခဲ့သည်ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ ထံမှ သိရသည်။
ဖာပွန်- ဘူးဆိပ်- မထော ကားလမ်းကို စစ်ရေးအရ စိုးမိုးနိုင်သည့် မထော်ရွာတစ်ဝိုက်တွင် နေရာယူထားသော တပ်ဖွဲ့များထံသို့ စစ်ကောင်စီက ထိုစခန်းမှတစ်ဆင့် ရိက္ခာဖြည့်တင်းမှု၊ စစ်ရေးလှုပ်ရှားမှုများ ပိုမိုလုပ်ဆောင်လာနိုင်သဖြင့် တိုက်ခိုက်ရခြင်းဖြစ်သည်ဟု တပ်မဟာ ၅ ပြောခွင့်ရသူ ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒိုက ပြောသည်။
“ကျွန်တော်တို့ ဝင်ပစ်တဲ့အခါကျတော့ သူတို့ စစ်ကောင်စီဘက်က ဆုတ်သွားတယ်။ ကျွန်တော်တို့ KNLA တပ်တွေက နေရာယူထားတယ်” ဟု ၎င်းက ဆိုသည်။
တိုက်ပွဲအတွင်း KNLA တပ်သား ၁ ဦး သေဆုံးပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးကို အရှင်ဖမ်းမိကြောင်း သတင်းများထွက်ပေါ်နေသော်လည်း ၎င်းက မြေပြင်သတင်းမရသေးဟုဆိုကာ အတည်ပြုရန် ငြင်းဆိုသည်။
ထို့အတူ ထိုတပ်စခန်းငယ်ရှိ စစ်ကောင်စီအင်အားနှင့် သွားရောက်တိုက်ခိုက်ခဲ့သည့် KNLA တပ်မဟာ ၅ လက်အောက်ခံ တပ်ရင်းတစ်ခုနှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များ၊ ထိခိုက်သေဆုံးမှုများကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
တပ်မဟာ ၅ နယ်မြေအတွင်းသို့ စစ်ကောင်စီက ၎င်းတို့၏ လက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) များနှင့် ပူးပေါင်း၍ စစ်ရေးလှုပ်ရှားမှုများ ပို၍ တိုးပွားလာနေကြောင်း၊ ဖာပွန် − ကမမောင်း ကားလမ်းတစ်လျှောက်တွင် တပ်ရင်း ၅ ရင်းခန့် ချထားကြောင်း KNLA ဘက်က ပြောသည်။
“(စစ်ကောင်စီက) ရိက္ခာတွေ စုဆောင်းတာတို့ လက်နက်ခဲယမ်းတွေ တပ်အင်အားတွေ ဖြည့်တင်းတာတွေ လုပ်လာတဲ့အခါကျတော့ နောက်ဆက်တွဲ ထိတွေ့မှုကတော့ ပိုပြီးတော့ များလာမဲ့အနေအထားရှိတယ်” ဟု ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒိုက သုံးသပ်သည်။
KNU သည် စစ်တပ်နှင့် တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် (NCA) လက်မှတ်ထိုးထားသည့် အဖွဲ့ဖြစ်သော်လည်း ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးနောက်တွင် ၎င်းတို့ထိန်းချုပ်ရာ ဒေသအချို့တွင် စစ်ကောင်စီနှင့် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေသည်။
အာဏာရှင်စနစ်ကို မြန်မာ့မြေပေါ်မှ အမြစ်ဖြုတ်မည်ဟု ကြွေးကြော်ထားသည့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) တွင်လည်း KNU က ကိုယ်စားလှယ်စေလွှတ်ကာ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုထူထောင်မည့် လုပ်ငန်းစဉ်များကို ချမှတ်နေသည်။
ယခုလ ၁၅ ရက်အတွင်း KNLA တပ်မဟာ ၅ နယ်မြေအတွင်း၌ပင် စစ်ကောင်စီနှင့် တိုက်ပွဲပေါင်း ၈၇ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ တပ်ရင်းမှူးအပါအဝင် ၆၉ ဦးသေဆုံးခဲ့ကြောင်း နိုဝင်ဘာ ၁၈ ရက်တွင် KNU က သတင်းထုတ်ပြန်ထားသည်။
အထက်ပါ ဖြစ်စဉ်အပါအဝင် KNU/KNLA ထိန်းချုပ် နယ်မြေများအတွင်း စစ်ရေးလှုပ်ရှားမှု၊ တိုက်ပွဲအခြေအနေနှင့် ထိခိုက်သေဆုံးမှု စသည့် ကိစ္စများကို စစ်ကောင်စီထံ မေးမြန်းနိုင်ခြင်း မရှိသေးပေ။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)