အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မန္တလေးတွင် မိုင်းခွဲခံရသည့် စစ်ကောင်စီတပ် ပစ်၍ ပြည်သူနှစ်ဦး ဒဏ်ရာရ

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် ကမ်းနားလမ်း ၄၁ လမ်း၊ ကုန်စိမ်းဈေးနှင့် လေးကျွန်းမာန်အောင်ဘုရားအနီး ကျူးကျော်နေထိုင်သူများကို ဖယ်ရှားရန် လာရောက်သည့် စစ်တပ်နှင့် စည်ပင်သာယာရေးဌာန ယာဉ်နှစ်စီး ယနေ့ (နိုဝင်ဘာ ၂၇) နေ့လယ် ၁၂ နာရီကျော်တွင် မိုင်းခွဲတိုက်ခိုက်ခံရသည်။

ထိုသို့ ဖြစ်ပွားချိန်တွင် ထိခိုက်ဒဏ်ရာရသူများပြားနိုင်သည့် စစ်ကောင်စီဘက်က ရမ်းသန်းပစ်၍ ကမ်းနားလမ်း ကုန်စိမ်းဈေးတွင် ငှက်ပျောသီးရောင်းချနေသည့် အမျိုးသမီးနှင့် အခြားတစ်ဦး ကျည်ဆန်ထိမှန်သဖြင့် စိုးရိမ်ရသည့် ဒဏ်ရာများ ရသွားသည်ဟု မျက်မြင်သက်သေနှစ်ဦးက ပြောသည်။

“သူတို့(စစ်တပ်) ပြန်ပစ်တာ အချက်ရေ တော်တော်များတယ်။ ကျွန်တော်ကြားသလောက် အချက်ပေါင်း ၃၀ ကျော်ပဲ။ အခု ပြည်သူနှစ်ဦး သေနတ်မှန်ထားတယ်။ စိုးရိမ်ရတယ်ပြောတယ်။ မိုင်းခွဲတဲ့ အနီးတစ်ဝိုက်က ယောက်ျားသားတွေလည်း အခုလိုက်ဖမ်းနေတယ်။ တချို့လည်း ဖမ်းခေါ်သွားပြီ”ဟု တစ်ဦးက ပြောသည်။

ထိုဖြစ်စဉ်အတွင်း ပျက်စီးမှု၊ ထိခိုက်ဒဏ်ရာရမှု အခြေအနေအသေးစိတ်ကို စစ်ကောင်စီထံ မေး၍မရသေးသလို သီးခြားအတည်ပြုနိုင်ခြင်းလည်း မရှိသေးပါ။

“စစ်သားတွေလည်း အများကြီးထိမှာပဲ။ သူတို့ကလည်း ကားပေါ်မှာ အင်အား(၂၀)ကျော်လောက်ရှိတယ်” ဟု နောက်တစ်ဦးက ပြောသည်။

ပေါက်ကွဲမှု၊ ပစ်ခတ်မှုများဖြစ်ပြီး များမကြာမီတွင် လူနာတင်ကား ၂စီး ကမ်းနားလမ်းသို့ ရောက်လာပြီး ဒဏ်ရာရ အရပ်သားနှစ်ဦးကို သယ်ဆောင်သွားသည်ဟု အထက်ပါ သတင်းရင်းမြစ်တို့က ဆိုသည်။ စစ်ကောင်စီတပ်၏ အခြေအနေကိုမူ အတည်မပြုနိုင်သေးပါ။

ထိုသို့ မိုင်းခွဲတိုက်ခိုက်မှုမှာ မိမိတို့လက်ချက်ဖြစ်ကြောင်း Generation Z Power(GZP) အဖွဲ့သားတစ်ဦးက ပြောသည်။

မန္တလေး ကမ်းနားလမ်းရှိ ကျူးကျော်နေထိုင်သူများကို နိုဝင်ဘာလကုန်ပိုင်းမှစ၍ စစ်ကောင်စီက လက်နက်ဖြင့် အဓမ္မ ခြိမ်းခြောက် ဖယ်ရှားခိုင်းနေသည့် လုပ်ရပ်အပေါ် တုံ့ပြန်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

စစ်ကောင်စီတပ်​သားတို့က ရမ်းသန်းပစ်ခတ်မှုကြောင့် ပြည်သူအချို့ ထိခိုက်ဒဏ်ရာရသည့်အတွက် တောင်းပန်ကြောင်း၊ ၎င်းတို့အဖွဲ့ဝင်များ ဘေးကင်းကြောင်း GZP အဖွဲ့သားက ပြောသည်။

အလားတူပင် နိုဝင်ဘာ ၂၄ နံနက်ပိုင်းက ၄၁ လမ်း၊ ကုန်စိမ်းဈေးအနီး၌ပင် စစ်ကားတစ်စီး ဗုံးခွဲတိုက်ခိုက်ခံရပြီး စစ်သားလေးဦး အပြင်းအထန်ဒဏ်ရာရခဲ့သေးသည်ဟု GZP ဘက်က ပြောသည်။

ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းစွာ ဆန္ဒပြသည်ကိုပင် ပစ်ခတ်နှိမ်နင်းသည့် စစ်တပ်ကို ခုခံမှုများ ပေါ်ပေါက်လာသော ဒေသများထဲတွင် ရန်ကုန်၊ မန္တလေး ကဲ့သို့သော မြို့ကြီးများလည်း အပါအဝင်ဖြစ်ပြီး စစ်ကောင်စီကို ပစ်မှတ်ထားသည့် တိုက်ခိုက်မှုများ နေ့စဉ်ဆိုသလို ဖြစ်ပွားနေသည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button