သတင်း

ထန်တလန်တွင် နေအိမ် ၅၀ ခန့် မီးထပ်ရှို့ခံရ

မြို့လုံးကျွတ်စစ်ရှောင်နေရစဉ် နေအိမ်ပေါင်း ၂၀၀ ကျော်မီးရှို့ခံထားရသည့် ချင်းပြည်နယ်မြောက်ပိုင်း ထန်တလန်မြို့တွင် ယမန်နေ့(နိုဝင်ဘာ ၂၄) က မီးထပ်မံလောင်ကျွမ်းရာ နေအိမ် ၅၀ ခန့် ပါသွားသည်။

မွန်းလွဲ ၁နာရီခန့်တွင် တစ်နာရီကြာ တိုက်ပွဲဖြစ်အပြီး စစ်ကောင်စီတပ်က မြို့ကို နောက်တစ်ကြိမ် မီးရှို့ခြင်းဖြစ်ကြောင်း ချင်းဒေသကာကွယ်ရေးအဖွဲ့ (CDF) ဘက်က ပြောသည်။

ညနေ ၃ နာရီခွဲခန့်မှ ည ၁၁ နာရီခွဲခန့်အတွင်း ဗိုလ်ချုပ်လမ်းမကြီးပေါ်ရှိ ဇုန်မွှန်ရပ်ကွက်မှ နေအိမ် ၃၆ လုံး လောင်ကျွမ်းကြောင်း CDF-ထန်တလန်တာဝန်ရှိသူက ပြောသည်။ ညနေ ၆ နာရီခွဲခန့် ထိုရပ်ကွက်၌ မီးထပ်လောင်ကျွမ်းမှုတွင် ရဲစခန်းအနီးရှိ နေအိမ် ၁၀ လုံးပါသွားကြောင်း သူက ဆက်ပြောသည်။

ထို့နောက် ည ၁၁ နာရီခွဲခန့်တွင် စိုက်ပျိုးရေးရပ်ကွက်မှ နေအိမ် ၃ လုံး ထပ်မံမီးရှို့ခံရကြောင်း၊ မွန်းလွဲပိုင်းတစ်ကြိမ် လောင်ကျွမ်းမှုမှာ လက်နက်ကြီးကြောင့် ဖြစ်နိုင်ကြောင်း ၎င်းက သုံးသပ်သည်။

“ည ၆ နာရီခွဲနဲ့ ၁၁ နာရီခွဲဝန်းကျင်လောက်က လောင်တဲ့ဟာဆိုရင် လက်နက်ကြီးသံတွေ သေနတ်သံတွေ မကြားရတော့ဘူး၊ မကြားရဘဲနဲ့ မီးက နေရာမတူဘဲ သီးသန့်ထပ်လောင်တယ်ဆိုတော့ ဒီဟာကတော့ တမင်သက်သက်မီးရှို့တယ်လို့ပြောလို့ရတယ်” ဟု ထိုသူက ပြောသည်။

ယနေ့ (နိုဝင်ဘာ ၂၅) တွင် မီးတောက်လောင်ခြင်း မရှိတော့သော်လည်း မွန်းလွဲ ၂ နာရီခန့်အထိ မီးခိုးထွက်နေသည်ကို မြင်ရဆဲဖြစ်ကြောင်း သူက ဆက်ပြောသည်။

ယမန်နေ့က ထန်တလန်တိုက်ပွဲအတွင်း လက်ဖြောင့်တပ်သား၏ ပစ်ခတ်မှုကြောင့် စစ်ကောင်စီဘက်မှ တစ်ဦး အနည်းဆုံး သေဆုံးနိုင်ပြီး CDF ဘက်မှ ထိခိုက်မှုမရှိကြောင်း ၎င်းက ဆက်လက်ပြောသည်။

ယမန်နေ့က ဖြစ်ပွားသည့် မီး‌လောင်မှုနှင့် တိုက်ပွဲအခြေအနေအကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။ 

ယခင်က ဖြစ်ခဲ့သည့် ထန်တလန်မြို့မီးလောင်မှုမှာ CDF လက်ချက်ဖြစ်သည်ဟု စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းဌာနတချို့ကို ဖြေကြားထားသည်။

ငြိမ်းချမ်းစွာ ဆန္ဒပြသည်ကိုပင် ပစ်ခတ်နှိမ်နင်းသည့် စစ်ကောင်စီကို လက်နက်ကိုင်ခုခံမှု အားကောင်းရာ ထန်တလန်မြို့တွင် စက်တင်ဘာ ၁၈ရက်က နေအိမ် ၁၉ လုံး မီးလောင်ကျွမ်းခဲ့ပြီးနောက် မြို့ခံအားလုံးနီးပါး အိုးအိမ်စွန့်ခွာထွက်ပြေးနေကြသည်။

စစ်ကောင်စီတပ်သားတစ်ဦးကို CDF အဖွဲ့က ပစ်သတ်သည့် အောက်တိုဘာ ၂၉ ရက်တွင် မြို့ပေါ်ရှိ နေအိမ် ၁၆၆ လုံး မီးလောင်ကျွမ်းခဲ့သည်။ မီးလောင်နေသည့် မြင်ကွင်းနောက်ခံဖြင့် ရိုက်ကူးထားသည့် စစ်သားတစ်ဦး၏ ဓာတ်ပုံ Facebook တွင် ပြန့်ခဲ့သေးသည်။

နိုဝင်ဘာ ၆ တွင် နေအိမ် ၂၀ ခန့် မီးထပ်လောင်သည်။

မီးလောင်သည့်အိမ် စုစုပေါင်း ၂၅၆ လုံးရှိပြီဖြစ်ကြောင်း CDF စာရင်းက ဆိုသည်။

အိမ်ခြေ ၂၀၀၀ ခန့်နှင့် လူဦးရေ ၁၀၀၀၀ ဝန်းကျင်ခန့်နေထိုင်သည့် ထန်တလန်မြို့တွင် ယခုအခါ မြို့ခံတစ်ဦးမျှ မရှိတော့ဘဲ မြို့ကို အပေါ်စီးက မြင်ရသည့် ‌တောင်ကုန်းနှင့် ရဲစခန်းတို့တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်များသာ ကျန်ရှိတော့သည်ဟု CDF ဘက်က ပြောသည်။

CDF ထန်တလန်အဖွဲ့၏ အချက်အလက်များအရ မြို့ပေါ်တွင် စစ်ကောင်စီ အင်အား ၁၅၀ မှ ၂၀၀ ခန့် တပ်စွဲထားပြီး ၎င်းတို့မှာ ဟားခါးအခြေစိုက် ခြေလျင်တပ်ရင်း ၂၆၆ နှင့် တပ်မ ၁၀၁ တို့မှဖြစ်သည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Show More

Related Articles

Back to top button