
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် ယနေ့ (နိုဝင်ဘာ ၂၃) နံနက်ပိုင်းက ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ၏ တပ်ခွဲစခန်းတစ်ခု စီးနင်းခံရစဉ် လက်လုပ်မိုင်းထုတ်လုပ်ရာနေရာနှင့် သိုလှောင်ရုံများ မီးရှို့ဖျက်ဆီးခံရသည့်ပြင် ဒေသခံအမျိုးသားသုံးဦးလည်း အဖမ်းခံရသည်ဟု သိရသည်။
မုံရွာမြို့နယ် ပလ္လင်တောင်ရွာနှင့် ပလ္လင်မြောက်ရွာများအနီး မုံရွာ PDF ၏ တပ်ခွဲ ၂၀၅ ၏ စခန်းနေရာကို နံနက် ၅ နာရီခန့်တွင် အင်အား ၃၀ ခန့်ရှိ စစ်တပ်က စစ်ကား ၁၀ စီး၊ ဘူဒိုဇာ (မြေထိုးစက်) တစ်စီးဖြင့် ရောက်ရှိလာခြင်းဖြစ်ကာ လက်လွတ်ထွက်ပြေးခဲ့ရကြောင်း ရော်ကာတင်စိန်ဆိုသူ PDF တပ်ဖွဲ့ဝင်တစ်ဦးက Myanmar Now ကို ပြောသည်။
“မနည်းလွတ်အောင် ပြေးလာရတာ။ ကျွန်တော်တို့ သိုလှောင်ထားတဲ့ ယမ်းတွေ၊ ခဲတွေ အကုန်ပါသွားတာဗျ။ ဘာမှ သယ်ချိန်မရဘူး။ မနက်အစောကြီး ရောက်လာတာ။ အင်္ကျီအဝတ်အစားအစ ဘာမှ ယူချိန်မရဘူး။ ကျွန်တော်တို့ ဆိုင်ကယ်တွေလည်း အကုန် ဒီကောင်တွေ ယူသွားတာ။ စုဆောင်းထားတာ ဘာမှ မကျန်တော့ဘူး”ဟု ၎င်းက ဆိုသည်။
စစ်တပ်က PDF စခန်းကို ဝင်ရောက်စီးနင်းပြီးနောက် လက်လုပ်မိုင်းထုတ်သည့်နေရာနှင့် လက်နက်တိုက်နှစ်ခုကို မီးတင်ရှို့သွားသည်ဟု ဆိုသည်။
စစ်တပ်က ကျေးရွာအတွင်း သေနတ်များ ပစ်ဖောက်ဝင်ရောက်လာစဉ် အသက် ၃၇ နှစ်အရွယ် အမျိုးသားတစ်ဦး လက်မောင်းကျည်ထိမှန်ခဲ့ကြောင်း၊ ထောင်နှင့်ချီသော ရွာသားများ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်းလည်း ရော်ကာတင်စိန်ဆိုသူက ပြောသည်။
“ရွာအရှေ့ပိုင်းမှာ ၁၅ မိနစ်၊ မိနစ် ၂၀ လောက် သေနတ်တွေဖောက်တယ်။ တော်တော်ဆွဲတာဗျာ။ ဖြောင်းဖြောင်းနဲ့ နေတယ်။ တရစပ်ပစ်တာ။ ကျွန်တော်တို့ မဟာမိတ်အဖွဲ့တွေရဲ့ပစ္စည်းတွေရော၊ ထုတ်လုပ်ရေးနေရာတွေကို မီးရှို့သွားတာ။” ဟု ၎င်းက ပြောသည်။
အဆိုပါ PDF တပ်ခွဲစခန်း စီးနင်းခံရမှုနှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များကို Myanmar Now အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
ဖမ်းဆီးခံရသူ အမျိုးသားသုံးဦးမှာ ပလ္လင်ရွာမှဖြစ်ပြီး ရွာအတွင်း စစ်တပ်ရှိနေဆဲဖြစ်သောကြောင့် အဖမ်းခံရသူ မည်မျှရှိသည်ကို အတည်မပြုနိုင်သေးကြောင်း Myanmar Now က ဆက်သွယ်မေးမြန်းစဉ် ရွာသားတစ်ဦးက ပြောသည်။
တပ်ခွဲစခန်း စီးနင်းဖျက်ဆီးခံရသည်မှာ မှန်ကန်ကြောင်း အတည်ပြုသည့် မုံရွာ PDF အဖွဲ့မှ တာဝန်ခံတစ်ဦးကမူ အဖွဲ့ဝင်များ ဖမ်းဆီးခံရခြင်းမရှိကြောင်း၊ ၎င်းတို့အနေဖြင့် စစ်ကောင်စီကို ဆက်လက်ခုခံတော်လှန်သွားမည်ဟု ဆိုသည်။
“ဒီလို လက်နက်အားကိုးပြီး ပြည်သူတွေကို ပြည်သူတွေအပေါ် ရက်ရက်စက်စက် သတ်ဖြတ်တာတွေ၊ ဖိနှိပ်တာတွေ လုပ်တဲ့အတွက် ရဲဘော်တွေအားလုံးက တော်လှန်ရေးမှာ ပါဝင်နေတာ။ သူတို့ကို အမြစ်ပြတ်ချေမှုန်းနိုင်တဲ့အထိ ကျွန်တော်တို့ ရဲဘော်တွေက ရရာလက်နက်လေးတွေနဲ့ အကောင်းဆုံးဖြစ်အောင် တော်လှန်သွားမှာပါ” ဟု ၎င်းက ပြောသည်။
ခုခံတော်လှန်မှု ပြင်းထန်နေသည့် စစ်ကိုင်းတိုင်းအတွင်းရှိ မြို့ရွာများကို စစ်ကောင်စီက အကြမ်းတမ်းဆုံး ဖိနှိပ်လျက်ရှိပြီး ဒေသခံ PDF များနှင့် တိုက်ပွဲများအတွင်း စစ်တပ်က လေကြောင်းဖြင့်ပါ တိုက်ခိုက်နေသည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)