သတင်း

ယောဒေသတွင် တိုက်ပွဲများအတွင်း စစ်သားတစ်ဒါဇင်နီးပါး သေဆုံးဟုဆို

မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်တို့ ထိစပ်နေသည့် ယောဒေသတွင် ယမန်နေ့ (နိုဝင်ဘာ ၂၁) ၌ စစ်ယာဉ်တန်းနှင့် ရဲစခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဒါဇင်နီးပါး သေဆုံးခဲ့သည်ဟု ယောဒေသကာကွယ်ရေးတပ်ဖွဲ့ (YDF) က ပြောသည်။

ယောဒေသမြောက်ပိုင်း ဂန့်ဂေါမြို့နယ်တောင်ဘက် ခေါက်ခူရွာအနီးတွင် ယမန်နေ့က ကားငါးစီးပါ စစ်ယာဉ်တန်းကို လက်လုပ်မိုင်း ၁၂ လုံးဖြင့် တိုက်ခိုက်ခဲ့ပြီး ယမန်နေ့ည ၉ နာရီခန့်တွင် ခေါက်ခူရွာ မြောက်ဘက် ၃၅ မိုင်အကွာရှိ ကံရွာနယ်မြေရဲစခန်းကို ထပ်မံတိုက်ခိုက်ခဲ့သည်ဟု YDF ပြောရေးဆိုခွင့်ရှိသူတစ်ဦးက Myanmar Now ကို ပြောသည်။

“မိုင်းဆွဲတိုက်ခိုက်ပြီး တိုက်ပွဲငယ်တစ်ခုဖြစ်လိုက်တယ်။ ကျွန်တော်တို့ဘက်ကတော့ (လက်လုပ်) ဆွဲမိုင်းပဲ သုံးနေတာ ။ လောလောဆယ်အထိ စစ်ခွေးတွေအကုန်လုံး ဂန့်ဂေါမြို့ထဲကို ရောက်နေတယ်။ စစ်ကြောင်းက ဂန့်ဂေါ-ကလေး လမ်းကို ထွက်မယ်လို့ သတင်းရထားတယ်။ အခုထိတော့ ထွက်မလာသေးဘူး” ဟု ၎င်းက ယနေ့တွင် Myanmar Now ကို ပြောသည်။

ယမန်နေ့က ခေါက်ခူရွာတိုက်ပွဲတွင် မိုင်းထိ၍ စစ်ကားနှစ်စီး ပျက်စီးသွားကြောင်း၊ ဗိုလ်အဆင့်ရှိသူတစ်ဦး အပါအဝင် ၁၁ ဦး သေဆုံးခဲ့ကာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးခန့်မှာလည်း ပြင်းထန်ဒဏ်ရာများ ရရှိသွားကြောင်း YDF ဘက်က ဆိုသည်။

ထိုတိုက်ပွဲတွင် ကျည်ဆန် ၄၀၀ ကျော် ၊ တပ်မ ၃၃ တံဆိပ်ပါ စစ်ယူနီဖောင်းနှစ်စုံ၊ ကျည်ဘောက် (ကျည်အိမ်) နှစ်ခုနှင့် အခြားအသုံးအဆောင်ပစ္စည်းအချို့ သိမ်းဆည်းရမိကြောင်း YDF က ယနေ့ (နိုဝင်ဘာ ၂၂) ၌ ထုတ်ပြန်ထားသည်။ 

ထို့နောက် ည ၉ နာရီခန့်တွင် ကံရွာရဲစခန်းကို လက်လုပ်လက်နက်ကြီးများ၊ တူမီးသေနတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့တိုက်ခိုက်ရာတွင် စစ်ကောင်စီဘက်မှ သေဆုံးထိခိုက်မှုအခြေအနေ မသိရသေးကြောင်း YDF ထံမှ သိရသည်။

ဂန့်ဂေါမြို့နယ်နှင့် ထိစပ်နေသည့် စစ်ကိုင်းတိုင်း ကလေးမြို့နယ်အတွင်းရှိ ကျောက်ပြုတ်ကျေးရွာတွင် တပ်စွဲထားသည့် စစ်တပ်ကို ယမန်နေ့ နနက်ပိုင်းတွင် YDF နှင့် ကလေး PDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့သည်။ 

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ သေဆုံးမှုရှိခဲ့ပြီးနောက် ဂန့်ဂေါမြို့နှင့် ကလေးမြို့အကြားရှိ ဟံသာဝတီရွာဘက်မှနေ၍ စစ်တပ်က လက်နက်ကြီးဖြင့် ကူပစ်ပေးခဲ့သောကြောင့် ဆုတ်ခွာခဲ့ကြောင်း၊ ကလေး PDF ဘက်မှ နှစ်ဦး သေဆုံးခဲ့သည်ဟု ဒေသခံကာကွယ်ရေးအဖွဲ့များက ထုတ်ပြန်ထားသည်။ 

နိုဝင်ဘာ ၁၉ ကလည်း ဂန့်ဂေါမြို့နယ်နှင့် နယ်မြေချင်းထိစပ်နေသည့် ဆောမြို့နယ်တွင် ယောဒေသ YDF နှင့် ချင်းဒေသ CDF အဖွဲ့များ၏ ပူးပေါင်းတိုက်ခိုက်ကြောင့် စစ်ကောင်စီက တိုက်ခိုက်ရေးရဟတ်ယာဉ် အသုံးပြုခဲ့ရသည်အထိ စစ်ရေးတင်းမာခဲ့သည်။ 

ပြီးခဲ့သည့် နိုဝင်ဘာ ၁၇ ရက်ကလည်း ထီးလင်းမြို့နယ် ထန်းပင်ကုန်းရွာအနီးတွင် ထီးလင်း YDF ၊ မင်းတပ် CDF အဖွဲ့များနှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်ပွားရာ YDF (ထီးလင်း) မှ ၁၃ ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရကာ CDF (မင်းတပ်) မှ တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာ ရရှိခဲ့သည်။ 

ယခုရက်ပိုင်း တိုက်ပွဲများအတွင်း ဒေသခံကာကွယ်ရေးအဖွဲ့များဖြစ်သော YDF မှ ၁၃ ဦး၊ PDF Kalay မှ ၂ ဦး၊ ဆော PDF မှ တစ်ဦး၊ CDF မှ တစ်ဦး စုစုပေါင်း ၁၇ ဦး သေဆုံးခဲ့သည်ဟု သိရသည်။ 

အာဏာသိမ်းစစ်ကောင်စီကို ခုခံတိုက်ခိုက်ရန် ဂန့်ဂေါ၊ ကျော၊ ဆော၊ ထီးလင်း၊ ကျောက်ထု စသည့် မြို့နယ်ငါးခု ပေါင်းကာ ယောဒေသကာကွယ်ရေးအဖွဲ့ (YDF) ကို မေလကတည်းက ဖွဲ့စည်းထားခြင်း ဖြစ်သည်။ 

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Show More

Related Articles

Back to top button