သတင်း

ထီးလင်း ချုံခိုတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ် အထိနာဟု YDF ပြော

မကွေးတိုင်း ဂန့်ဂေါ-ထီးလင်းလမ်းအတိုင်း ထီးလင်းဘက်သို့ သွားနေသည့် စစ်ထရပ်ကား ငါးစီး ယနေ့ (နိုဝင်ဘာ ၁၉) နံနက်က မိုင်းခွဲ၊ ပစ်ခတ် တိုက်ခိုက်ခံရသဖြင့် အထိနာသွားသည်ဟု ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YDF) ခေါင်းဆောင်တစ်ဦးက ပြောသည်။

စစ်သား ၂၅ ဦးသေဆုံးရာ ရုပ်အလောင်းများကို ဂန့်ဂေါမြို့နယ်ဘက်ရှိ မင်းရွာသို့ သယ်ဆောင်ကာ မီးသင်္ဂြိုဟ်ကြောင်း၊ ဒဏ်ရာရသူ ၂၀ ကျော်ကြောင်း မျက်မြင်သက်သေတို့က ပြောသည်ဟု ဆိုသည်။

“အလောင်းတွေ ကားပေါ်ကနေ ချတာတွေ၊ ဆေးကုနေတာတွေကို အသေအချာ စုံစမ်းသိရှိတယ်ဗျ”ဟု ၎င်းက ပြောသည်။

မော်လယ်ကွေ့အနီးတိုက်ခိုက်မှုတွင် ပျက်စီးသွားသည့် မော်တော်ယာဉ်တစ်စီးကို အခြားတစ်စီးက ကြိုးဖြင့်ဆွဲ၍ သယ်သွားသည်ဟု ဆိုသည်။

နိုဝင်ဘာလ ၁၇ ရက်နေ့က ထန်းပင်ကုန်းရွာအနီးတိုက်ပွဲ၌ YDF-ထီးလင်းမှ ၁၃ ဦး၊ CDF-မင်းတပ်မှ ၁ ဦး၊ စစ်ကောင်စီဘက်မှ ၁၀ ဦး သေဆုံးကြောင်း YDF ၏ ယနေ့ နေ့လယ်ပိုင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

YDF-ထီးလင်းအဖွဲ့မှ ကိုလှမောင်က ၎င်းတို့ထံတွင် တူးမီး၊ ခါးချိုး စသည့် အရည်အသွေးအားနည်းသော လက်နက်အမျိုးအစားသာ ကိုင်ဆောင်နိုင်သည်ဟု ပြောသည်။

“တူးမီးတို့၊ ခါးချိုးတို့နဲ့ပဲ တိုက်ရတော့ အားနည်းချက်ရှိတယ်။ ခါးချိုးတောင် နည်းနည်းပဲ ရှိတာ။ ကျနော်တို့ တပ်ဖွဲ့(၁) ကတော့ စစ်သားတွေ ဝိုင်းမိသွားတာပေါ့။ ညှပ်ပြီးပစ်ခံရတာဆိုတော့ အကျအဆုံးများသွားတာ” ဟု YDF-ထီးလင်းအဖွဲ့မှ ကိုလှမောင်က ပြောသည်။

“စစ်သားတွေလာနေတဲ့အချိန်မှာ ကျွန်တော်တို့ ကင်းပုန်းက မတော်တဆ ကျည်ပေါက်သွားတာပေါ့။ အဲဒီတော့ စစ်သားတွေက လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်တော့ ကျွန်တော်တို့ဘက်က ကျကုန်တာ”

ထိုနေ့တွင် စစ်တပ်က သာမန်အရပ်သား အမျိုးသား ၅ ဦးကို သတ်ဖြတ်ခဲ့သလို ယနေ့အချိန်အထိ အင်အား ၁၀၀ ခန့်ဖြင့် ထိုရွာ၌ပင် တပ်စွဲထားဆဲဖြစ်ကြောင်း ၎င်းထံမှ သိရသည်။

အထက်ပါ ဖြစ်စဉ်များနှင့် ပတ်သက်၍ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးသလို စစ်ကောင်စီဘက်ကိုလည်း မေးမြန်းနိုင်ခြင်းမရှိသေးပေ။

ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းစွာ ဆန္ဒပြသည်ကိုပင် ပစ်ခတ်နှိမ်နင်းသည့် စစ်ကောင်စီကို လက်နက်ကိုင်ခုခံမှု အားကောင်းရာ ဒေသများတွင် မကွေးတိုင်းအတွင်းရှိ ယောနှင့် ဆော တို့လည်း ပါဝင်သည်။

စစ်ကောင်စီက ၎င်းတို့ကို အခက်တွေ့စေသည့် ဒေသကာကွယ်ရေးအဖွဲ့များရှိရာ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် စပ်လျက်ရှိသည့် ချင်းပြည်နယ်တို့သို့ အောက်တိုဘာလလယ်မှစ၍ အင်အားအလုံးအရင်းပို့လွှတ်နေပြီး အနော်ရထာစစ်ဆင်ရေးဟု အမည်ပေးကာ ထိုးစစ်ဆင်နေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button