အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်ကြောင်းပိတ်ဆို့ခံနေရသည့် ဆောမြို့နယ်တွင် စစ်တပ်က ရဟတ်ယာဉ်ပါသုံးနေ

မကွေးတိုင်း၊ ‌ဆောမြို့နယ် တောမရွာ မြောက်ဘက် တစ်မိုင်ခန့် အကွာတွင် ယ‌နေ့(နိုဝင်ဘာ ၁၉) နံနက်မှစ၍ ချင်း၊ မကွေး ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) များ ဝိုင်းပတ်ပိတ်ဆို့ ချေမှုန်းမှုကို ခံနေရသည့် စစ်ကြောင်းမှာ သေဆုံးသူ ၂၀ ခန့်ရှိလာသည့်အတွက် တိုက်ခိုက်ရေးရဟတ်ယာဉ် နှစ်စီးသုံး၍ စစ်ကောင်စီက ပစ်ကူပေးနေကြောင်း သိရသည်။

တောမရွာတွင် တပ်စွဲထားသည့် အင်အား ၆၀ ခန့်ပါ စစ်တပ်က ရှေ့ပြေးပွိုင့် ၇ ဦးထားကာ ရွာမှထွက်စဉ် နံနက် ၆ နာရီခွဲခန့်မှစ၍ ထိုနေရာ၌ CDF ကန်ပက်လက်၊ CDF မင်းတပ်၊ ဆော PDF၊ YDF ဆော,ကျောက်ထု ဒေသကာကွယ်ရေးအဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆော PDF တပ်ရင်းမှူးတစ်ဦးက ပြောသည်။

တိုက်ပွဲဖြစ်ချိန် လေးနာရီခန့်၊ စစ်တပ်က အထိနာလာချိန်တွင် စစ်ကောင်စီ၏ တိုက်ခိုက်ရေးရဟတ်ယာဉ် နှစ်စင်းက နံနက် ၁၁ နာရီဝန်းကျင်မှစ၍ ထိုနေရာသို့ စက်သေနတ်သုံး၍ တစ်လှည့်စီပစ်ကူခဲ့ကြောင်း၊ ယင်းမတိုင်မီ နှစ်နာရီခန့်ကတည်းက ကျောက်ထု‌လေယာဉ်ကွင်းသို့ MI 35 ရဟတ်ယာဉ်နှစ်စီး ရောက်ရှိလာသည်ဟု သတင်းရထားကြောင်း ၎င်းက ပြောသည်။

“သူတို့(စစ်ကောင်စီတပ်) ရောက်တဲ့နေရာထိအောင် ကျွန်တော်တို့လိုက်ထိုးစစ်ဆင်တာ၊ ပိတ်မိနေတယ် ဒီကောင်တွေ၊ ပိတ်မိနေလို့ ဒီကောင်တွေ လေယာဉ်ပစ်ကူတောင်းတာ” ဟု ထိုသူက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

မွန်းလွဲ ၁ နာရီဝန်းကျင်အထိ စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် ပစ်ကူနေဆဲဖြစ်၍ ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့များဘက်မှ တိုက်ပွဲကို ခေတ္တရပ်ထားကာ အခြေအနေစောင့်ကြည့်နေသည်ဟု သိရသည်။

ထိုတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ခန့်သေဆုံးပြီး ဆော PDF တစ်ဦးကျဆုံးကြောင်း ဆော PDF တပ်ရင်းမှူးက ပြောသည်။ 

ထိုပြောဆိုချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီထံမှ အတည်ပြုချက် မရသေးပေ။

CDF ကန်ပက်လက်တပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရထားပြီး ၎င်းအဖွဲ့၏ အဆိုအရ စစ်ကောင်စီတပ်ကို လေးဖက်လေးတန် ပိတ်ဆို့ထားပြီးဖြစ်၍ တိုက်ပွဲ ဆက်လက်ပြင်းထန်မည့် အခြေအနေရှိကြောင်း သိရသည်။

ချင်းပြည်နယ် ကန်ပက်လက်မြို့မှ ဆင်းလာသည့် စစ်ကြောင်း ထိုနေရာတွင် ပိတ်မိနေသည်။

နိုဝင်ဘာ ၁၇ မှစ၍ ဆော PDF နှင့် ဆော-ကျောက်ထု လမ်းပိုင်း တောတွင်းတစ်နေရာတွင် တိုက်ပွဲဖြစ်သည်။ ထိုတိုက်ပွဲတွင် ဆော PDF အဖွဲ့ဝင် တစ်ဦးသေဆုံးသည်။ လမ်းတစ်လျှောက်တွင် ဒေသကာကွယ်ရေးအဖွဲ့များက မိုင်းထောင်ထားသဖြင့် စစ်တပ်က နယ်မြေခံသတင်းပေးတစ်ဦးကို လမ်းပြလုပ်ခိုင်းကာ တောတိုး ချီတက်နေရာ PDF အဖွဲ့များကလည်း လိုက်လံတိုက်ခိုက်နေသည်။

တပ်မ ၉၉ လက်အောက်ခံ တပ်ရင်းဟု ယူဆရသည့် အဆိုပါစစ်ကြောင်းမှာ နိုဝင်ဘာ ၂၁ ရက်မတိုင်မီ ပေါက်မြို့နယ်သို့ သွားရောက်ရမည်ဟူသော အမိန့်အရ ချီတက်နေခြင်းဖြစ်သည်ဟု သိရကြောင်း ဆော PDF တပ်ရင်းမှူးက ပြောသည်။

ယခု တိုက်ပွဲဖြစ်ပွားနေသည့် တောမကျေးရွာမှာ ဆောမြို့၏ မြောက်ဘက် ၇ မိုင်ခန့်အကွာတွင်သာ ရှိသဖြင့် ထိုစစ်ကြောင်း ပေါက်သို့ ရောက်ရန် မိုင် ၆၀ ခန့် ခရီးနှင်ရဦးမည်ဖြစ်သည်။

“ကျွန်တော်တို့ ပတ်ချာလည်ပစ်တာကြောင့် သူတို့(စစ်ကောင်စီ) တိုးလို့မရတော့ဘူး။ ‌ဖောက်လို့မရတော့ဘူး။ ပြီးရင် မိုင်းတွေမိတယ်ဆိုတော့ အထိအခိုက်အကျအဆုံးများနေတယ်။ များနေလို့ ပစ်ကူတောင်းတာ” ဟု ဆော PDF တပ်ရင်းမှူးက ပြောသည်။

ဆောမြို့နယ်မှာ ချင်းပြည်နယ်နှင့် မကွေးတိုင်းနယ်စပ်တွင်ရှိသည်။ ချင်းပြည်နယ် ကန်ပက်လက်မြို့နှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် ထိုဒေသအတွင်း မကွေးနှင့် ချင်း တော်လှန်ရေးတပ်ဖွဲ့များ မဟာမိတ်ဖွဲ့ကာ စစ်ကောင်စီတပ်များကို ပူးပေါင်းတိုက်ခိုက်နေကြသည်။

စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းစွာဆန္ဒပြနေသည့် ပြည်သူများကိုပင် ပစ်ခတ်၊ သတ်ဖြတ်ခဲ့သည့်အတွက် နိုင်ငံအနှံ့အပြား လက်နက်ကိုင်တော်လှန်မှုများအားကောင်းနေရာ ထိုအထဲတွင် ဆောဒေသလည်း အပါအဝင်ဖြစ်သည်။

ထို့ပြင် ချင်းပြည်နယ်သို့ ချီတက်နေသည့် စစ်ကောင်စီစစ်ကြောင်းများကို လမ်းတစ်လျှောက်ရှိ ဆော၊ ကျောက်ထု စသည့်မြို့များတွင် PDF များပေါင်း၍ အဆက်မပြတ်တိုက်ခိုက်နေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button