
ဂျပန်အခြေစိုက် နိုင်ငံတကာဘီယာလုပ်ငန်းကြီးတစ်ခုဖြစ်သည့် ကီရင်ကုမ္ပဏီက ယခုနှစ်ကုန်ပိုင်းတွင် မြန်မာစစ်တပ်လက်အောက်ခံ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်(MEHL) နှင့် စီးပွားရေးမိတ်ဖက်အဖြစ်မှ လက်တွဲဖြုတ်ရန် ဥပဒေကြောင်းအရ စီစဉ်နေသည်။
ကီရင်ကုမ္ပဏီ၏ အထွေထွေမန်နေဂျာ Toru Yoshimura နှင့် စာရင်းကိုင်ဌာနမှ အထွေထွေမန်နေဂျာ Takashi Hayashi တို့ နိုဝင်ဘာလအတွင်း ပြုလုပ်သည့် အမေးအဖြေမှတ်တမ်းတစ်ခုတွင် ထိုသို့ပါဝင်ခြင်းဖြစ်ပြီး မည်သူက မေး၍ မည်သူက ဖြေသည်ကိုမူ အသေးစိတ်မသိရပေ။
မြန်မာနိုင်ငံအတွင်း ဖက်စပ်လုပ်ငန်း၏ နောက်ဆုံးအခြေအနေနှင့် ပတ်သက်သည့် အမေးအဖြေတစ်ခုတွင် “အခုအချိန်မှာ အသစ်ပြုပြင်ပြောင်းလဲချက်မရှိပေမဲ့ ဖက်စပ်ဆောင်ရွက်မှုကို ဖြစ်နိုင်သမျှ အမြန်ဆုံး ရပ်ဆိုင်းရမယ်ဆိုတာ ကောင်းကောင်းသိထားပါတယ်” ဟု ကီရင်ဘက်က တရားဝင်ပြောဆိုထားကြောင်း ထိုမှတ်တမ်းအရ သိရသည်။
“ဥပဒေကြောင်းအရ ရင်ဆိုင်ဖို့အပါအဝင် ဒီနှစ်ကုန်ပိုင်းမှာ အရေးယူဆောင်ရွက်ချက်တွေလုပ်ဖို့ ပြင်ဆင်နေပါတယ်။ နောက်ပြီး ဖက်စပ်လုပ်ကိုင်မှုကို ရပ်တန့်ဖို့ ဖြစ်နိုင်ခြေရှိတဲ့ ဆောင်ရွက်ချက်တွေအားလုံးကို စဉ်းစားနေပါတယ်” ဟုလည်း ကီရင်က ထပ်လောင်းပြောဆိုသည်။
ထို့အတူ MEHL နှင့် ဖက်စပ်လုပ်ကိုင်နေသော မြန်မာဘီယာထုတ်လုပ်သည့် Myanmar Brewery ကုမ္ပဏီနှင့် ပတ်သက်၍ “ Myanmar Brewery မှာ လုပ်ငန်းလည်ပတ်မှုအရ စွန့်စားရနိုင်ခြေများကြောင်း” ကီရင်က မှတ်ချက်ပြုသည်။
ထိုအမေးအဖြေကဏ္ဍ ထုတ်ပြန်ချိန်သည် “ရောင်းအားကျဆင်းမှုနှင့် ကုန်ကြမ်းဈေးမြင့်တက်မှုကြောင့် မြန်မာနိုင်ငံမှ အမြတ်အစွန်းများကျဆင်းသည်”ဟု ကီရင်ကုမ္ပဏီက လက်ရှိဘဏ္ဍာနှစ်အတွက် ထုတ်ပြန်သည့် တတိယသုံးလပတ်ရလဒ် အစီရင်ခံစာထွက်ရှိချိန်နှင့် တိုက်ဆိုင်နေသည်။
ပြီးခဲ့သည့်နှစ်နှင့်ယှဉ်လျှင် မြန်မာဘီယာထုတ်လုပ်သည့်ကုမ္ပဏီသည် ရောင်းအား ၄၀ ရာခိုင်နှုန်း၊ ဂျပန်ယန်း ၉ ဒသမ ၉ ဘီလျံ(အမေရိကန်ဒေါ်လာ ၈၆ ဒသမ ၄ သန်း) ထိုးကျသွားပြီး ပုံမှန်လုပ်ငန်းလည်ပတ်မှု အမြတ်အစွန်းမှာ ၅၀ ရာခိုင်နှုန်းအောက်သို့ ကျသွားကြောင်း၊ ကီရင်ဘီယာရောင်းအား ၂၀ ရာခိုင်နှုန်းကျဆင်းသွားကြောင်း အစီရင်ခံစာက ဆိုသည်။
မြန်မာဈေးကွက်အတွင်း ရောင်းအားနှင့် အမြတ်ငွေ ကျဆင်းရခြင်းမှာ ကိုဗစ်နိုင်တင်း(Covid-19) နှင့် နိုင်ငံရေးအပြောင်းအလဲကြောင့် ဖြစ်သည်ဟု ထိုသုံးလပတ်အစီရင်ခံစာတွင် ဖော်ပြထားသည်။
ဖေဖော်ဝါရီ ၁ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် ဦးပိုင်ကုမ္ပဏီနှင့် အကျိုးတူဖက်စပ်ဆောင်ရွက်မှုကို အဆုံးသတ်ရန် ကြေညာခဲ့ပြီး မြန်မာစစ်တပ်၏ ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ အလွန် စိုးရိမ်ပူပန်ကြောင်း ကီရင်ကုမ္ပဏီက ပြောထားပြီးဖြစ်သည်။
လူ့အခွင့်အရေးနှင့် တက်ကြွလှုပ်ရှားသူတို့က ရိုဟင်ဂျာများနှင့် တိုင်းရင်သားမျိုးနွယ်စုများအပေါ် မြန်မာစစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများကို ထောက်ပြ၍ စစ်တပ်လက်အောက်ခံကုမ္ပဏီနှင့် ဖက်စပ်လုပ်ကိုင်မှုကို အဆုံးသတ်ရန် တောင်းဆိုမှုများရှိနှင့်ပြီးဖြစ်သော်လည်း ကီရင်ဘက်က နှစ်အတန်ကြာ လျစ်လျူရှုထားဖူးသည်။
သို့သော် ပြီးခဲ့သည့် ဩဂုတ်တွင် စစ်တပ်ပိုင် MEHLနှင့် လက်တွဲမှုကို အဆုံးသတ်မည်ဖြစ်သော်လည်း မြန်မာတွင် စီးပွားရေးဆက်လက်လုပ်ကိုင်ရန် ရည်ရွယ်ထားသည်ဟု ကီရင်ကုမ္ပဏီ၏ အမှုဆောင်တစ်ဦးက ပြောထားသည်။ အသေးစိတ်ကိုမူ မသိရသေးပေ။
အာဏာသိမ်းပြီးနောက်တွင် ငြိမ်းချမ်းစွာ ဆန္ဒပြသည်ကိုပင် ပစ်ခတ်နှိမ်နင်းသည့် စစ်ကောင်စီထံ စီးဝင်နေသော ဘဏ္ဍာငွေများကို ဖြတ်တောက်နိုင်ရန် စစ်တပ်ထုတ်ကုန်များကို မြန်မာနိုင်ငံအနှံ့ သပိတ်မှောက်လျက်ရှိသည်။
စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းကြီး နောက်တစ်ခုဖြစ်သည့် ဆက်သွယ်ရေးကုမ္ပဏီ Mytel သည်လည်း အာဏာသိမ်းပြီး သုံးလအတွင်း၌ပင် သုံးစွဲသူ ၂သန်းနီးပါး လျော့ကျသွား၍ ဝင်ငွေ ဒေါ်လာ ၂၅ သန်းနီးပါး ထိခိုက်ခဲ့ကြောင်း Justice for Myanmar ၏ နိုဝင်ဘာ ပထမပတ်အစီရင်ခံစာတစ်စောင်က ဖော်ပြသည်။
ထို့အတူ အာဏာသိမ်းပြီး ခြောက်လအတွင်း မြန်မာနိုင်ငံအတွင်း လုပ်ငန်းရပ်ဆိုင်းရန်၊ လုံးဝစွန့်ခွာရန် ဆုံးဖြတ်ခဲ့သည့် နိုင်ငံတကာကုမ္ပဏီကြီး ၁၁ ခုအထိရှိကြောင်း ဇူလိုင်လကုန်ပိုင်း၌ ထုတ်ပြန်ခဲ့သည့် ကမ္ဘာ့ဘဏ်၏ စီးပွားရေးစောင့်ကြည့်အစီရင်ခံစာက ဆိုထားသည်။
ထိုလုပ်ငန်းများထဲတွင် စွမ်းအင်၊ ဆက်သွယ်ရေး၊ အိမ်ခြံမြေ၊ ဟိုတယ်၊ အဖျော်ယမကာနှင့် လက်လီ လုပ် ငန်းများပါဝင်ပြီး မြန်မာနိုင်ငံ၌ ဒေါ်လာသန်းပေါင်းများစွာ ရင်းနှီးမြှုပ်နှံထားသည်။
ထို့အတူ ၂၀၁၃ ခုနှစ်မှစ၍ London, KENT, Lucky Strike စသည့် စီးကရက်အမှတ်တံဆိပ်များကို ထုတ်လုပ်ရောင်းချနေသည့် ကမ္ဘာ့ဒုတိယအကြီးဆုံး ဆေးလိပ်နှင့် ဆေးရွက်ကြီးကုမ္ပဏီ British American Tobacco (BAT) က လုပ်ငန်းအားလုံးရပ်ဆိုင်းကာ မြန်မာနိုင်ငံမှ ထွက်မည်ဟု အောက်တိုဘာတွင် ကြေညာခဲ့သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)