သတင်း

ပုလဲမြို့နယ်တွင် စစ်သားများ ဖြတ်သန်းသွားစဉ် အိမ် ၃ လုံး မီးလောင်

ယမန်နေ့ (နိုဝင်ဘာ ၁၆) ညနေပိုင်းတွင် စစ်ကောင်စီတပ်သားများက စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ပုလဲ-ဂန့်ဂေါ လမ်းမဘေးရှိ နေအိမ် ၃ လုံး မီးရှို့ဖျက်ဆီးသွားသည်ဟု ဒေသခံကာကွယ်ရေးအဖွဲ့တစ်ဖွဲ့ထံမှ သိရသည်။

ပုလဲမြို့မှ ၁၂ မိုင်ခန့်အကွာရှိ ညောင်ရင်းကုန်းကျေးရွာမှ နေအိမ်များဖြစ်သည်ဟု နယ်စည်းမခြား ဒေါင်းနှင့် ပြောက်ကျားတပ်ဖွဲ့မှ ဗိုလ်စာပေက ပြောသည်။ 

“အပြောင်ပဲ မနေ့က ညနေ ၃ နာရီလောက်က ရှို့တာ။ လမ်းဘေးဝဲယာ တောနင်းပြီးတော့ အင်အား ၅၀ လောက်နဲ့ ချီတက်လာတာ။ လမ်းဘေးမှာရှိတဲ့အိမ်တွေဆိုရင် PDF နဲ့ အဆက်အသွယ်ရှိတယ်၊ PDF ကို ကူညီတယ်ဆိုပြီးတော့ အဲဒီလိုမျိုးနဲ့ မီးရှို့သွားတာ” ဟု ၎င်းက ဆိုသည်။

“လူတွေကတော့ ဒီကောင်တွေ လာမယ်ဆိုကတည်းက အိုးအိမ်တွေ စွန့်ခွာပြီး ပြေးတာပဲ၊ လွတ်ရာကို ပြေးတာ။ မီးရှို့တဲ့အချိန်မှာတော့ လူတစ်ယောက်မှ မရှိဘူး” 

ညောင်ရင်းကုန်းလမ်းဆုံ၌ ထီးတည်းတည်ရှိခဲ့သည့် ထိုအိမ်များတွင် ဝါးထရံလုပ်ငန်း၊ လေထိုးကျွတ်ဖာဆိုင်လုပ်ငန်း လုပ်ကိုင်ကြပြီး ဆုံးရှုံးမှုများပြားသည်ဟု ထိုအဖွဲ့က ပြောသည်။

“အဲဒါ ရက်ထားတဲ့ထရံတွေရော၊ စိတ်ထားတဲ့ဝါးတွေ‌ရော အဲဒီအိမ်တင် သူတို့ပြောတာ (သိန်း) ၁၀၀ လောက် ကုန်မယ် ပြောတယ်။ နောက်တစ်အိမ်ကလည်း လေထိုးကျွတ်ဖာလုပ်ငန်းလုပ်တာ သိန်း ၆၀ လောက်တော့ တန်မယ် ပြောတယ် ။ ၃ အိမ်ဆို သိန်း၂၀၀ လောက်တော့ တန်လောက်တယ်” ဟု ဗိုလ်စာပေက ပြောသည်။ 

ထို့သို့ မီးရှို့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပုလဲမြို့နယ်၊ မင်းတိုင်ပင်ကျေးရွာဘက်သို့ ဆက်လက်ထွက်ခွာသွားသည်ဟု သိရသည်။

ထိုစစ်သားများသည် ပုလဲ-ဂန့်ဂေါလမ်းမတစ်လျှောက် မောင်းနှင်လာသည့် ကျောက်စိမ်းတင် ကုန်ကားနှစ်စီးပါ စစ်ကား အစီး ၅၀ ပါ စစ်ယာဉ်တန်း၏ ရှေ့ပြေးအဖွဲ့ဖြစ်သည်ဟု ဆိုသည်။

ထိုစစ်သားများ မီးရှို့သည်ဟူသော ပြောဆိုချက်နှင့် ပတ်သက်ပြီး အာဏာသိမ်းစစ်ကောင်စီ ပြန်ကြားရေးတာဝန်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို မေးမြန်းရန် ကြိုးစားသော်လည်း ဖုန်းအဆက်အသွယ် မရသေးပေ။

ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းအတွင်းမှ မြို့နယ်များသည် စစ်ကောင်စီကို ရရာလက်နက်ဖြင့် အပြင်းအထန်တော်လှန်နေပြီး စစ်ကောင်စီတပ်များကလည်း ၎င်းတို့ကို ခုခံတော်လှန်နေသော PDF များကို နှိမ်နင်းနေသည်။ 

နေအိမ်များမီးရှို့၊ ဒေသခံများကို သတ်ဖြတ်မှုနှင့် နာမည်ကြီးနေသော စစ်တပ်သည် ပုလဲတွင် တိုက်ပွဲ မကြာခဏဖြစ်ပွားနေပြီး ပုလဲ-ဂန့်ဂေါ လမ်းမတစ်လျှောက် နေထိုင်သည့်ဒေသခံများသည် အိုးအိမ်များကို စွန့်ခွာ၍ ဘေးလွတ်ရာသို့ တိမ်းရှောင်ထွက်ပြေးနေရသည်။

ပုလဲ-ဂန့်ဂေါကားလမ်းမတစ်လျှောက် နယ်မြေစိုးမိုးမှုယူထားသည့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များကလည်း စစ်ကောင်စီတပ်ကို မကြာခဏ လက်လုပ်မိုင်းဆွဲတိုက်ခိုက်နေသည်။ 

နိုဝင်ဘာ ၄ တွင် မင်းတိုင်ပင်ကျေးရွာနေ NLD အမတ် ဦးဇော်ထက်၏ နေအိမ်ကို မွှေနှောက်ဖျက်ဆီးပြီး ပြန်လာသည့် စစ်သားအင်အား ၃၀ ကျော်ခန့်ကို ပုလဲမြို့နယ် ဒေသခံကာကွယ်ရေး ၂ ဖွဲ့က သီးခြားစီ ကြားဖြတ်တိုက်ခိုက်ခဲ့သည်။ 

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Show More

Related Articles

Back to top button