
ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် မိုးဗြဲမြို့ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ကင်းစခန်းကို စစ်ကောင်စီက ယနေ့ (နိုဝင်ဘာ ၁၇) နံနက်အစောပိုင်းတွင် အင်အား ၁၀၀ ကျော်ဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
မိုးဗြဲမြို့၊ ပေါ်ဦး (၁) ရပ်ကွက်ရှိ မီးသတ်စခန်းတွင် တပ်ဖွဲ့ဝင် ၉ ဦး အစောင့်ချထားသည့် ကင်းစခန်းကို နံနက် ၁ နာရီခန့်တွင် မိုးဗြဲအခြေစိုက် စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း (ခမရ) ၄၂၂ က သာလွန်အင်အားဖြင့် တိုက်ခိုက်ခြင်းဖြစ်ကြောင်း မိုးဗြဲ PDF မှ တပ်ရင်းမှူးတစ်ဦးက Myanmar Now ကို ပြောသည်။
“ကင်းသမား အိပ်ပျော်နေတဲ့အချိန် သူတို့လာတာပေါ့နော်။ လက်နက်ချ ငါတို့ဝိုင်းထားပြီ။ (ကျွန်တော်တို့) ရဲဘော်အဖွဲ့က လက်နက်မချဘဲနဲ့ ပြန်ခုခံပြီးပစ်တယ်။ ရဲဘော်အဖွဲ့က ထွက်ပေါက်လည်း ရှာထားတယ်” ဟု ၎င်းက ပြောသည်။
အင်အား ၁၀ ဆကျော် သာလွန်သည့် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့်ပါ ပစ်ခတ်ကြောင်း၊ တစ်နာရီခွဲကြာ အပြန်အလှန်ပစ်ခတ်ပြီးနောက် လက်နက်နှင့် လူအင်အားမမျှသဖြင့် PDF ဘက်က ဆုတ်ခွာခဲ့ရကြောင်းလည်း အထက်ပါ PDF တပ်ရင်းမှူးဆိုသူက ဆက်ပြောသည်။
ထိုသို့တိုက်ခိုက်ခံရစဉ်အတွင်း မိုးဗြဲ PDF အဖွဲ့ဝင်တစ်ဦး ခြေထောက်နှစ်ဖက်စလုံး ကျည်ထိမှန်သဖြင့် ခြေထောက်ဖြတ်ရမည့် အခြေအနေရှိပြီး နောက်တပ်ဖွဲ့ဝင်တစ်ဦးမှာ လက်နက်ကြီးစ မှန်သဖြင့် ကျောကုန်းတွင် ဒဏ်ရာရခဲ့ကြောင်း၊ လက်ရှိတွင် နှစ်ဦးစလုံး အသက်အန္တရာယ်မှ လွတ်မြောက်ပြီဟု ဆိုသည်။
“သူတို့ဘက်တော့ ထိတာ ပိုများမယ်ထင်တယ်။ သူတို့လူ ပိုများတာကိုး နော်။ အနီးကပ်ပဲ ပစ်တာနော် အပေါ်နဲ့အောက်၊ မျက်နှာချင်းဆိုင်မျိုး ပစ်တာနော်။ ကျွန်တော်တို့ လူနည်းတော့ အထိနည်းတယ်။ သူတို့လူများတော့ ပိုအထိများမယ်” ဟု DF တပ်ရင်းမှူးက ပြောသည်။
မိုးဗြဲ PDF အဖွဲ့ဝင်အချို့ စခန်းချထားရာ မီးသတ်စခန်းကို လာရောက်တိုက်ခိုက်ပြီးနောက် စစ်တပ်က တပ်စွဲခြင်းမရှိဘဲ ပြန်ဆုတ်သွားသည်ကို နံနက်မိုးလင်းချိန်တွင် သိရကြောင်းလည်း ၎င်းက ပြောသည်။
ကယားပြည်နယ်အစပ်ဖြစ်သော မိုးဗြဲမြို့တွင် ယနေ့ နံနက်အစောပိုင်းက တိုက်ပွဲကြောင့် ဒေသခံ သုံးပုံနှစ်ပုံခန့် ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဒေသအခြေစိုက် ကူညီကယ်ဆယ်ရေးအသင်းအဖွဲ့ဝင် အမျိုးသမီးတစ်ဦးက ပြောသည်။
“မနက် ၂ နာရီ သုံးနာရီကတည်းက အသံကြားတော့ ထွက်ပြေးကြတာပေါ့နော်။ နီးစပ်ရာ ဘုရားကျောင်းတွေမှာ ထွက်ပြေးကြတယ်။ တချို့လည်း နီးစပ်ရာရွာလောက်ပေါ့နော်။ မိုးဗြဲနဲ့ နည်းနည်း နီးစပ်ရာရွာတွေကို ထွက်ပြေးလာတာတွေရှိတယ်” ဟု ၎င်းက ဆိုသည်။
နံနက် ၁ နာရီမှ ၄ နာရီအထိ လက်နက်ကြီးပစ်ခတ်သံများ ဆက်တိုက်ကြားရပြီး အရပ်သားထိခိုက်ဒဏ်ရာရမှု ကြီးကြီးမားမားမရှိကြောင်း၊ နေအိမ်အချို့ ထိခိုက်ပျက်စီးမှုရှိနိုင်သော်လည်း အရေအတွက် မသိရသေးကြောင်းလည်း အထက်ပါ အမျိုးသမီးက ပြောသည်။
ပြီးခဲ့သည့် ဇွန်လအတွင်းက စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုနှင့် မီးရှို့မှုကြောင့် မိုးဗြဲတွင် နေအိမ် ၈၈ လုံးပျက်စီးခဲ့သည်ဟု တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) က သတင်းထုတ်ပြန်ခဲ့သည်။
ဒေသခံအဖွဲ့အစည်းတချို့၏ ထုတ်ပြန်ချက်များအရ စစ်အာဏာသိမ်းပြီးနောက် ကရင်နီဒေသတွင် တိုက်ပွဲကြောင့် လူဦးရေ ၁၅၀,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရသည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)