
စစ်ကောင်စီက စွဲထားသည့် ပုဒ်မပေါင်း ၁၁ ခုအနက် အမြင့်ဆုံးထောင်ဒဏ် နှစ်နှစ်ချခံရနိုင်သည့် နိုင်ငံတော်မတည်မငြိမ်ဖြစ်စေရန် လှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ ၅၀၅(ခ) အမှုကို နိုဝင်ဘာ ၃၀ ရက်တွင် အမိန့်ချရန် ဇဗ္ဗူသီရိမြို့နယ် တရားသူကြီး ဦးမောင်မောင်လွင်က ဆုံးဖြတ်လိုက်သည်။
နေပြည်တော်ကောင်စီဝင်းအတွင်း သီးသန့်ဖွင့်ထားသည့် တရားခွင်၌ ထိုအမှုကို ယနေ့ (နိုဝင်ဘာ ၁၆) ရက်က စစ်ဆေးစဉ် စွပ်စွဲသူနှင့် စွပ်စွဲခံရသူ နှစ်ဖက်စလုံး အပြီးသတ်လျှောက်လဲချက်တင်ပြီးနောက်တွင် တရားသူကြီးက ထိုသို့ အသိပေးကြောင်း တရားရုံးနှင့် နီးစပ်သူက ပြောသည်။
ဖေဖော်ဝါရီ ၁ အာဏာသိမ်းကြောင်း မကြေညာမီကတည်းက စစ်တပ်က ဖမ်းထားသည့် နိုင်ငံတော်သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်တို့ကို စစ်ကောင်စီက တစ်ပေါင်းတည်း တရားစွဲဆိုထားသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ခေါင်းဆောင်များဖြစ်ကြသည့် ၎င်းတို့ကို ဖမ်းဆီးခံရပြီးနောက် တစ်ပတ်အတွင်း ပါတီက ထုတ်ပြန်သည့် စစ်ကောင်စီ တရားမဝင်ကြောင်း ဖော်ပြသည့် စာနှစ်စောင်ကြောင့်ဟု ဆိုကာ အမှုဖွင့်ထားခြင်းဖြစ်သည်။
စွပ်စွဲသူနှင့် စွပ်စွဲခံရသူတို့ဘက်မှ တရားခွင်သို့ ယနေ့တင်သွင်းသည့် လျှောက်လဲချက်များနှင့် ပတ်သက်သည့် အသေးစိတ်ကိုမူ မသိရသေးပါ။ ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲ့ကို စစ်ကောင်စီက ပြောရေးဆိုခွင့် ပိတ်ထားသည်။
ပြီးခဲ့သည့် ရုံးချိန်းများတွင်မူ တစ်ပါးသူကို သက်သေထွက်စေလျှင် စစ်ကောင်စီ၏ ရန်ရှာမည်ကို စိုးရိမ်သည့် NLD ခေါင်းဆောင်သုံးဦးက ကိုယ်တိုင်သက်သေထွက်ခဲ့စဉ်နှင့် ၎င်းတို့၏ ရှေ့နေအဖွဲ့က ဖမ်းဆီးခံရပြီးကတည်းက ပြင်ပနှင့် အဆက်အသွယ်ပြတ်နေသဖြင့် စစ်ကောင်စီ၏ စွပ်စွဲမှုမှာ အခြေအမြစ်မရှိဟု တုံ့ပြန်ထားကြသည်။
ယနေ့တရားခွင်တွင် ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ နေပြည်တော် ရွှေကြာပင်ရပ်ကွက်ရှိ NLD ထောက်ခံသူများ၏ နေအိမ်ကို သွားရောက်လည်ပတ်သည့် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီ၏ ကမ်းလှမ်းချက်ဖြင့် NLD ဟောင်း ဦးညီညီက စွဲဆိုထားသည့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေ ပုဒ်မ ၂၅ အမှုကိုလည်း စစ်ဆေးသည်။
ထိုအမှုအတွက် ဒေါ်အောင်ဆန်းစုကြည်က ကိုယ်တိုင် သက်သေအရာထား၍ ထုချေခဲ့ပြီး နိုဝင်ဘာ ၂၃ ရက်တွင် မန္တလေး အိုးဘိုအကျဉ်းထောင်၌ ရှိနေသူ NLD ဗဟိုအလုပ်အမှုဆောင် ဒေါက်တာဇော်မြင့်မောင် လာရောက်၍ သက်သေခံရန်ရှိသည်။
မန္တလေးတိုင်းဝန်ကြီးချုပ်လည်းဖြစ်ပြီး စစ်ကောင်စီက စွဲဆိုပြီးဖြစ်သည့် အမှုသုံးခုဖြင့် ရင်ဆိုင်နေရသော သွေးကင်ဆာဝေဒနာသည် အသက် ၇၀ အရွယ် ဒေါက်တာဇော်မြင့်မောင် သက်သေထွက်ရန် မည်သို့စီစဉ်မည်ကိုမူ စစ်ကောင်စီထံ မေးမြန်းနိုင်ခြင်း မရှိသေးပါ။
ပုဒ်မပေါင်း ၁၁ ဖြင့် ရင်ဆိုင်နေရသည့် အသက် ၇၆ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်သည် နေပြည်တော်ကောင်စီဝင်းအတွင်းရှိ သီးသန့်တရားရုံး၌ အပတ်စဉ် တနင်္လာ၊ အင်္ဂါ၊ ကြာသပတေး၊ သောကြာနေ့တိုင်းတွင် ရုံးထုတ်စစ်ဆေးခံနေရသည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)