သတင်း

ဟိုတယ်ခရီးဝန်ကြီးဦးဌေးအောင်၏ ယာဉ်တန်းကို တိုက်ခိုက်ခဲ့ဟု PDF အဖွဲ့များကြေညာ 

ချောင်းသာကမ်းခြေမှ ပြန်လာသည့် စစ်ကောင်စီ၏ ဟိုတယ်နှင့် ခရီးဝန်ကြီး ဦးဌေးအောင်နှင့် တိုင်းဝန်ကြီးချုပ် ဦးတင်မောင်ဝင်း လိုက်ပါလာသော ယာဉ်တန်းကို ယမန်နေ့ညနေပိုင်းတွင် ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း ဧရာဝတီတိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) လေးခုက ယနေ့ ကြေညာသည်။ 

ချောင်းသာ – ပုသိမ် ကားလမ်းပေါ်တွင် စစ်ကောင်စီဝန်ကြီးများ လိုက်ပါလာသော ယာဉ်တန်းကို ဧရာဝတီတိုင်းအခြေစိုက် စစ်ကောင်စီကို ခုခံတော်လှန်နေသည့် အဖွဲ့များဖြစ်သည့် Pathein Western Defense Force ( PWDF)၊ Beach Defense Force (BDF)၊ မြစ်ဝကျွန်းပေါ် ပြောက်ကျားစစ်ဆင်ရေးတပ်ပေါင်းစု (DGWCF)နှင့် ဧရာဝတီတောဝက် စသည့်အဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ 

“ယာဉ်တန်းကို (လက်လုပ်) မိုင်းဆွဲတာ ထိသွားတယ်။ စစ်တပ်က ပြန်ပစ်တယ်။ ငါးမိနစ်လောက် အပြန်အလှန်ပစ်ကြတာပေါ့။ စစ်တပ်ဘက်က ၁၀ ဦးလောက်သေမယ်။ သူတို့ဘက်က အင်အားများလာလို့ ကျွန်တော်တို့အဖွဲ့ ဆုတ်ခဲ့ပြီး အခုဆို လုံခြုံတဲ့နေရာကို ရောက်နေပါပြီ။ နောက်ထပ်လည်း ဆက်လက်လုပ်ဆောင်သွားဖို့ ရှိနေပါတယ်” ဟု Beach Defense (BDF) ဆိုသည့်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက Myanmar Now ကို ယနေ့ ပြောသည်။

အာဏာသိမ်းစစ်ကောင်စီက ဟိုတယ်ခရီးဝန်ကြီးအဖြစ် ခန့်အပ်ထားသူ ဦးဌေးအောင်မှာ ချောင်းသာကမ်းခြေတွင် ခရီးသွားရာသီဖွင့်ပွဲအခမ်းအနားပြုလုပ်ပြီး ယာဉ်တန်းနှင့်အပြန်တွင် ထိုသို့ တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း ဒေသခံအချို့ထံမှ သိရသည်။ 

ချောင်းသာကမ်းခြေရှိ Azura Hotel ၌ ယမန်နေ့က ပြုလုပ်သည့် ခရီးသွားရာသီဖွင့်ပွဲအခမ်းအနားကို ဟိုတယ်ခရီးဝန်ကြီးနှင့် ဧရာဝတီတိုင်းဝန်ကြီးချုပ်တို့ တက်‌ရောက်ခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားသော်လည်း ယာဉ်တန်းတိုက်ခိုက်ခံရခြင်းနှင့် ပတ်သက်၍ ထုတ်ပြန်ခြင်း မရှိပေ။ 

စစ်ကောင်စီဝန်ကြီးများ လိုက်ပါလာသည့် ကားရှစ်စီးပါ ယာဉ်တန်းမှာ ပုသိမ်မြို့နယ် ခြောက်ကောင်ကျေးရွာအနီးတွင် တိုက်ခိုက်ခံရခြင်းဖြစ်ကာ ပစ်ခတ်မှုများဖြစ်ပွားပြီးနောက် စစ်ကောင်စီက ထိုနေရာတစ်ဝိုက်ကို ချက်ချင်း လုံခြုံရေးတိုးချလိုက်ကြောင်း ဒေသခံတစ်ဦးက Myanmar Now ကို ပြောသည်။ 

စစ်ကောင်စီဘက်မှ ၁၀ ဦးခန့် သေနိုင်သည်ဟု တိုက်ခိုက်ခဲ့သည့်အဖွဲ့များဘက်က ဆိုသော်လည်း Myanmar Now အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသည့်နည်းတူ စစ်ကောင်စီတာဝန်ရှိသူများကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိပေ။ 

လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပစ်ခတ်တိုက်ခိုက်ခံခဲ့ရသည့် နေရာအနီးရှိ တောတောင်များကို ရှာဖွေနေပြီး အနီးဝန်းကျင်မှ ဒေသခံများ၊ ဖြတ်သွားဖြတ်လာများကိုလည်း ပိုက်စိပ်တိုက်စစ်ဆေးနေသည်ဟု သိရသည်။ 

“မနက်ကတော့ တောင်သာယာနားမှာနေတဲ့ မိသားစုနှစ်စုကို မေးမြန်းဖို့ ခေါ်သွားတယ်။ ဖမ်းတာ မဟုတ်ဘူးလို့တော့ ပြောတယ်။ အခုထိတော့ ပြန်မလွှတ်သေးဘူး” ဟု ခြောက်ကောင်ရွာအနီးမှ ဒေသခံတစ်ဦးက ပြောသည်။ 

ပုသိမ်- ချောင်းသာ ကားလမ်းပေါ်ရှိ ရှောပြာရွာဒေသခံတစ်ဦးကလည်း “မနေ့က ကားလမ်းပေါ်မှာ မပေါက်သေးတဲ့ မိုင်းသုံးလုံး ထပ်တွေ့တယ်။ မနေ့က ညနေ ၄ နာရီကစပြီးတော့ တစ်ညလုံး စစ်တပ်က တောထဲနဲ့ ကားလမ်းပေါ်မှာ မွှေနေတယ်။ လူမရှိတဲ့တဲတွေနဲ့ လမ်းပေါ်ပိတ်ထားတဲ့ ဆီဆိုင်တွေကို တံခါးဖျက်ပြီး ဝင်ရှင်းတာတွေလုပ်တယ်၊ လမ်းပေါ်မှာ မသင်္ကာလို့ ဖမ်းထားတာလည်းရှိတယ်။ မနေ့က လာသမျှ ဆိုင်ကယ်၊ ကားကို သေနတ်နဲ့ ဗိုက်ကို ထောက်ပြီး စစ်တာ၊ ဒီနေ့ နေ့လယ်ကတော့ လမ်းပေါ်မှာ စစ်ကားတွေလည်း မရှိတော့ဘူး။ ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီ” ဟု ပြောသည်။ 

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Show More

Related Articles

Back to top button