
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အဖွဲ့ဝင် ဒေါက်တာဝင်းမြတ်အေး၏ နှစ်ပေါင်း ၄၀ ကျော် စုဆောင်းခဲ့သည့် ပစ္စည်းများကို စစ်ကောင်စီက အဓမ္မသိမ်းယူခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ တောင်ဥက္ကလာပမြို့နယ် ၁၄/၃ ရပ်ကွက်၊ တတိုင်းမွှေးလမ်းရှိ နေအိမ်ကို အောက်တိုဘာ ၂၉ ရက် ည ၁၀ နာရီခန့်တွင် စစ်သား ၂၀ ကျော်က သော့ဖျက်ဝင်ရောက်ကာ ၎င်းပိုင်ပစ္စည်းများကို ခေါက်တုံ့ခေါက်ပြန်သယ်ယူသွားခြင်းဖြစ်ကြောင်း ဒေါက်တာဝင်းမြတ်အေးက အတည်ပြုသည်။
“ဘာတွေယူသွားလည်းလို့ မေးရင်တော့ မသိနိုင်ဘူး။ ကျွန်တော်တို့လည်း မြင်ရတာမဟုတ်တဲ့အတွက်ကြောင့်မို့ မသိနိုင်ဘူး။ မျက်မြင်တွေ့ရသူပြောတာကတော့ လူအင်အားများစွာနဲ့ ဝင်ရောက်လာပြီးတော့ အကြာကြီး သယ်ထုတ်တယ်လို့ သိရတယ်” ဟု ၎င်းက နိုဝင်ဘာ ၁၁ ရက်တွင် Myanmar Now ကို ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ အစိုးရလက်ထက်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဖြစ်သူ ဒေါက်တာဝင်းမြတ်အေးမှာ စစ်အာဏာသိမ်းပြီးနောက် NUG ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဖြစ်လာသည်။
စစ်တပ်က အာဏာသိမ်းသည့်နေ့က နေပြည်တော်၌ ရှိနေစဉ် သုံးရက်အတွင်း ရုံးမှထွက်ခွာရန် စစ်တပ်က ဖိအားပေးနှင်ထုတ်သဖြင့် နေအိမ်ရှိပစ္စည်းများ ရွှေ့ပြောင်းသယ်ဆောင်နိုင်ခြင်း မရှိဘဲ အဝတ်တစ်ထည်ကိုယ်တစ်ခုဖြင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဒေါက်တာဝင်းမြတ်အေးက ပြောသည်။

“ရှောင်တိမ်းတော့ ကျွန်တော်တို့က လူချည်းပဲ အပြင်ကို ရောက်လာတာ။ အခု ချိပ်ပိတ်ခံရတဲ့အိမ်ဟာလည်း ကျွန်တော်တို့ဆရာဝန်တွေ အနှစ် ၄၀ ကျော် စစ်မှန်တဲ့ ချွေးနှဲစာနဲ့ စုဆောင်းပြီးတော့မှ တည်ဆောက်ထားတဲ့အိမ်ဖြစ်တယ်။ ဒါဟာ ဥပဒေမဲ့လုပ်တယ်ဆိုတာလည်း ထင်ရှားတယ်” ဟု ၎င်းက ပြောသည်။
ဒေါက်တာဝင်းမြတ်အေးကို စစ်ကောင်စီက ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် ဖမ်းဝရမ်းထုတ်ထားသည့်အပြင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ ဖြင့်လည်း တရားစွဲဆိုထားသည်။
စစ်ကောင်စီက ဝင်ရောက်စီးနင်းခဲ့သည့် နေအိမ်မှာ အသက်တမျှအရေးကြီးသည့် ဘဝမှတ်တမ်းများ စုစည်းထားရှိသည့် နေရာဖြစ်ကြောင်းလည်း ဒေါက်တာဝင်းမြတ်အေးက ပြောသည်။
“ကျွန်တော်က ပါမောက္ခချုပ်အထိ တာဝန်ထမ်းဆောင်ခဲ့တယ်။ အမျိုးသမီး (ဒေါက်တာမြသီတာ) ကလည်း ပါမောက္ခဌာနမှူးအထိ တာဝန်ထမ်းဆောင်ခဲ့တယ်။ ကျွန်တော်တို့ရဲ့လုပ်ရပ်တွေမှာ မှတ်တမ်းတွေရှိတယ်။ အကုန်လုံး အဲဒီမှတ်တမ်းတွေလည်း ကျန်ခဲ့တယ်။ ဒါပေမဲ့ အဖျက်သမားကတော့ အဲ့ဒီတန်ဖိုးကို နားလည်မှာ မဟုတ်ပါဘူး” ဟု ၎င်းက ပြောသည်။
ကလေးအထူးကုဆရာဝန်ကြီးဖြစ်သော ၎င်းတို့ဇနီးမောင်နှံမှာ တစ်ယောက်လျှင် ကြည့်ရှုခ ကျပ် ၃၀ ရသည့် ၁၉၈၈ ဝန်းကျင်ကတည်းက ကျပ် ၃၀၀၀ ရသည့်ခေတ်အထိ ဆေးကုလာခြင်းဖြစ်ကြောင်းလည်း ဒေါက်တာဝင်းမြတ်အေးက ဆိုသည်။
“တစ်နေ့ကို လူနာ ၂၀၊ ၃၀ ပဲ ကြည့်ပေး၊ ကျွန်တော်တို့ ဘယ်လောက်ရမလဲ။ တစ်လစုရင် ဘယ်လောက်ရမလဲ။ ကျွန်တော်တို့ လှူတာတန်းတာ ရှိတယ်။ ကလေးတွေ ကျောင်းထားပေးတာရှိတယ်။ အများကြီးပဲ ဆေးကျောင်းမှာ။ အဲ့လိုတွေ သုံးတယ်” ဟု ၎င်းက ပြောသည်။
ဒေါက်တာဝင်းမြတ်အေးသည် ၁၉၈၀ ခုနှစ်တွင် ဆေးပညာဘွဲ့၊ ၁၉၉၄ တွင် ဆေးပညာမဟာသိပ္ပံဘွဲ့ (ကလေးအထူးကု) ရရှိခဲ့သည့်အပြင် ဆေးလက်တွေ့ပါရဂူဘွဲ့ (ကလေးအထူးကု) နှင့် ဆေးပညာသင်ကြားရေးဒီပလိုမာဘွဲ့တို့ကို ရရှိခဲ့သူလည်းဖြစ်သည်။
ဆေးတက္ကသိုလ် (မကွေး) ပါမောက္ခချုပ်အဖြစ်မှ အငြိမ်းစားယူခဲ့သူ ဒေါက်တာဝင်းမြတ်အေးမှာ ၁၉၈၈ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ ၂၆ နှစ်ကြာ ကျန်းမာရေးဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကာ ၂၀၁၅ ရွေးကောက်ပွဲအပြီးတွင် NLD အစိုးရ၏ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
ဒေါက်တာဝင်းမြတ်အေး၏ နေအိမ်မှ ပစ္စည်းများကို အဓမ္မသိမ်းဆည်းခြင်း၊ နေအိမ်ချိပ်ပိတ်ခြင်းအပေါ် လဝက်ကြာသည်အထိ စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။ ထို့အတူ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းနှင့် တောင်ဥက္ကလာပမြို့နယ်ရှိ မြို့မရဲစခန်းကို Myanmar Now က ဖုန်းဖြင့် ဆက်သွယ်မေးမြန်းသော်လည်း လက်ခံဖြေကြားခြင်း မရှိပေ။
စစ်ကောင်စီက ယခုကဲ့သို့ နေအိမ်အတွင်း ချိုးဖျက်ဝင်ရောက်ကာ ၎င်းပိုင်ပစ္စည်းများကို အဓမ္မသိမ်းယူခြင်းမှာ တော်လှန်ရေးလုပ်နေသူများကို ခြောက်လှန့်ခြင်းဖြစ်သည်ဟု ဒေါက်တာဝင်းမြတ်အေးက ယူဆသည်။
“ရှင်းရှင်းလေးပြောရရင်တော့ ဒါက ကြောက်အောင်ခြောက်တာပေါ့။ ကျန်တဲ့သူတွေလည်း ဒီလိုလုပ်တယ်ဆိုတာတော့ ကြောက်အောက်လုပ်တာပဲ။ ဘဝပျက်အောင်လုပ်တယ်ဆိုတဲ့ သဘောမျိုးပြောရင်လည်း ရတယ်။ ဒါပေမဲ့ ဘဝပျက်စရာအကြောင်း ကျွန်တော့်မှာ လုံးဝမရှိဘူး။ ကျွန်တော်တို့ဘဝဟာ မှတ်ကျောက်တင်ပြီးသားဖြစ်တဲ့အတွက်ကြောင့်မို့ ဘဝပျက်စရာအကြောင်းလည်း ဘာမှ မရှိပါဘူး” ဟု ၎င်းက ပြောသည်။
“တစ်ခုပဲ ဒီအကြောက်တရားတွေကြောင့် အမှန်တရားတွေ ပျောက်ကွယ်သွားတာမျိုး ဆက်တိုက်ဖြစ်နေရင်တော့ ကျွန်တော်တို့နိုင်ငံက နာလန်ထူမှာမဟုတ်ဘူး။ အဲတော့ ဒါမျိုးတွေ အဆုံးသတ်နိုင်ဖို့ အရမ်းအရေးကြီးတယ်။ ဒါကြောင့် တော်လှန်ရေးကို အားလုံးညီညီညွတ်ညွတ်နဲ့ အောင်မြင်အောင်လုပ်ရမယ်” ဟုလည်း ဒေါက်တာဝင်းမြတ်အေးက ဆက်ပြောသည်။
ဝန်ထမ်းများအား အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်စေရန် လှုံ့ဆော်ညွှန်ကြားသည်ဆိုသော စွပ်စွဲချက်ဖြင့် ဖေဖော်ဝါရီလနှောင်းပိုင်းကတည်းက ၅၀၅-က ဖြင့် အမှုဖွင့်ခံထားရသူ ဒေါက်တာဝင်းမြတ်အေးကို စစ်ကောင်စီက အဂတိပုဒ်မ ၅၅ ဖြင့် ဩဂုတ် ၂၇ တွင် ထပ်မံအမှုဖွင့်ခဲ့သည်။
ဒေါက်တာဝင်းမြတ်အေးသည် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာများကဲ့သို့ အရေးကြီးကိစ္စများတွင် အသုံးပြုရန် ရဟတ်ယာဉ်တစ်စီးကို ကျပ်သန်း ၅,၁၀၀ ကျော်ပေး၍ ငှားရမ်းခဲ့သော်လည်း နာရီအပြည့်မသုံးသဖြင့် နိုင်ငံတော်ဘဏ္ဍာနစ်နာသည်ဆိုကာ စစ်ကောင်စီက အဂတိဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။
အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက အစိုးရအဖွဲ့တွင် ပါဝင်ခဲ့သော NLD ပါတီခေါင်းဆောင်များကို ကြီးလေးသော ပုဒ်မများအပါအဝင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပါ ပုဒ်မများဖြင့်ပါ အမှုဖွင့် အရေးယူကာ နှစ်ရှည်ထောင်ဒဏ်ချမှတ်ခြင်းများ ရှိသည်။
နိုဝင်ဘာ ၁၅ ရက်အထိ NLD ပါတီဝင်များအပါအဝင် ပါတီနှင့် သက်ဆိုင်သူ ၄၀ ကျော်၏ နေအိမ်များ ချိပ်ပိတ်ခံထားရသည်ဟု အာဏာသိမ်းမှုဖြစ်စဉ်မှ လွတ်မြောက်လာသူများဖြင့် ယခုလဆန်းပိုင်းက ဖွဲ့စည်းခဲ့သည့် NLD ပါတီ ဗဟိုအလုပ်ကော်မတီ (Central Working Committee) အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးထွန်းမြင့်က Myanmar Now ကို ပြောသည်။
ဦးထွန်းမြင့်သည် ရွေးကောက်ခံအမတ်များဖြင့် စုဖွဲ့ထားသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ၏ အတွင်းရေးမှူးလည်းဖြစ်သည်။
အာဏာသိမ်းပြီး ကိုးလကျော်အတွင်း ဖမ်းဆီးခံထားရသည့် ပါတီဝင် ၄၅၀ ဦးရှိကာ လွှတ်တော်ကိုယ်စားလှယ် ၈၉ ဦးပါဝင်ပြီး ၎င်းတို့အနက် ၇ ဦးသည် အကျဉ်းထောင်နှင့် စစ်ကြောရေးစခန်းများ၌ သေဆုံးခဲ့သည်ဟုလည်း ၎င်းက ပြောသည်။
အကြမ်းဖက်တိုက်ဖျက်မှုဥပဒေဖြင့် ငြိစွန်းသည်ဟု စွပ်စွဲကာ စစ်ကောင်စီက NLD ပါတီခေါင်းဆောင်များအပါအဝင် ပါတီဝင်များ၏ နေအိမ်များကို ချိပ်ပိတ်ခြင်း၊ ဝင်ရောက်စီးနင်းကာ နေအိမ်အတွင်းရှိ ပစ္စည်းများ အဓမ္မသိမ်းယူခြင်းများ မကြာခဏပြုလုပ်နေသည်။
စစ်ကောင်စီအနေဖြင့် ဥပဒေအရ ထိုသို့ ချိပ်ပိတ်သိမ်းယူခွင့် မရှိကြောင်း၊ ချိပ်ပိတ်ခံရသည့် အဆောက်အအုံအတွင်းရှိ ပစ္စည်းများကိုလည်း ဝင်ရောက်ဖျက်ဆီးခွင့်မရှိကြောင်း ဝါရင့်ရှေ့နေကြီး ဦးကြီးမြင့်က မှတ်ချက်ပြုသည်။
“အပြီးသိမ်းလို့တော့ မရဘူး။ တရားခံပြေးဖြစ်နေတဲ့ ကာလမှာတော့ သိမ်းလို့ရတယ်။ ချိပ်ပိတ်ပြီးတော့ အဲလိုလုပ်ခဲ့လို့ မရဘူး။ အဲဒါ လုံးဝ တရားဥပဒေနဲ့ မညီဘူးနော်။ အဲလို ပစ္စည်းတွေလည်း ယူသွားလို့ မရဘူး။ လုပ်ထုံးလုပ်နည်းနဲ့ မညီဘူး” ဟု ၎င်းက ယခုလဆန်းပိုင်းတွင် Myanmar Now ကို ပြောထားသည်။
အာဏာသိမ်းစစ်ကောင်စီလက်ထက်တွင် နေအိမ်ချိပ်ပိတ်ခံရခြင်း၊ ပစ္စည်းများဆုံးရှုံးခံလိုက်ရခြင်းကို အာဏာရှင်တော်လှန်ရေးအတွက် အရင်းအနှီးတစ်ခုဟုသာ မှတ်ယူကြောင်း ဒေါက်တာဝင်းမြတ်အေးက ပြောသည်။
“ဆုံးရှုံးမှုကို ပြောရရင်တော့ ဒါဟာ အောင်မြင်မဲ့ တကယ့်တော်လှန်ရေးတစ်ခုအတွက် အရင်းအနှီးလို့ပဲ သတ်မှတ်လိုက်ပါတယ်။ ဒီလိုပဲ ကျွန်တော့်စိတ်ထဲမှာရှိတယ်” ဟု ၎င်းက ပြောသည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)