ရန်ကုန်အခြေစိုက် Frontier Myanmar မဂ္ဂဇင်း၏ အုပ်ချုပ်မှုအယ်ဒီတာ Danny Fenster ကို ယနေ့ နိုဝင်ဘာ ၁၂ ရက်နေ့တွင် စစ်ကောင်စီက ပုဒ်မသုံးခုအတွက် ထောင်ဒဏ် ၁၁ နှစ်ချမှတ်လိုက်သည်။
စစ်ကောင်စီက အမေရိကန်သတင်းသမား Danny Fenster ကို စုစုပေါင်း ပုဒ်မ ငါးခုဖြင့် တရားစွဲခဲ့ပြီး ရန်ကုန်၊ အင်းစိန်ထောင်၌ ထိန်းသိမ်းကာ အများပြည်သူ ဝင်ထွက်ခွင့်ပိတ်ထားသည့် ထောင်တွင်းတရားရုံးတွင် အမှုစစ်ဆေးနေသည်။
ထိုအမှုများအနက် မတည်ငြိမ်စေရန်လှုံ့ဆော်မှုဆိုင်ရာ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅−က၊ မတရားအသင်းဆက်သွယ်မှုဥပဒေပါ ပုဒ်မ ၁၇(၁)၊ လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေ ပုဒ်မ ၁၃(၁) အမှု သုံးခုဖြင့် ထိုသို့ ပြစ်ဒဏ်ပေးလိုက်ခြင်းဖြစ်သည်။
Danny Fenster ကို စစ်ကောင်စီက စွဲဆိုထားသည့်အမှုများမှာ ထုတ်ဝေခွင့်လိုင်စင်ပိတ်သိမ်းခံရပြီးနောက်ပိုင်း Myanmar Now က ရေးသားဖော်ပြခဲ့သော သတင်းများနှင့် ပတ်သက်ကြောင်း သူ၏ ရှေ့နေ ဦးသန်းဇော်အောင်က အတည်ပြုထားသည်။
Danny Fenster မှာ အာဏာမသိမ်းမီ ခြောက်လကျော်ကတည်းက Myanmar Now မှ အလုပ်ထွက်ထားသူဖြစ်သည်။
အမိန့်ချလိုက်ပြီဖြစ်သည့် အမှု ၃ မှုအတွက် စစ်ကောင်စီဘက်မှ တရားလိုပြသက်သေ ၁၃ ဦး တင်သွင်းခဲ့ပြီး Danny Fenster ဘက်မှ သက်သေသုံးဦးနှင့် စာရွက်စာတမ်းများတင်သွင်းခဲ့သည်ဟု ရှေ့နေ ဦးသန်းဇော်အောင်က ပြောသည်။
စီရင်ချက်မှာ ပြင်းထန်လွန်းကြောင်း Frontier Myanmar သတင်းဌာနက ယနေ့(နိုဝင်ဘာ ၁၂) တွင် ကြေညာချက်ထုတ်ပြန်ထားသည်။
တရားရုံးသည် Frontier Myanmar က တင်ပြသော Danny Fenster ၏ အလုပ်ခန့်ထားမှုဆိုင်ရာ အထောက်အထားများနှင့် ဝန်ထမ်းတစ်ဦး၏ တရားခွင်ထွက်ဆိုချက်များကို လျစ်လျူရှုပြီး အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“Danny ကို ဒီစွဲချက်တွေနဲ့ စွဲချက်တင်တာဟာ အဓိပ္ပာယ်မရှိပါဘူး။ သူ Myanmar Now ကနေ နုတ်ထွက်ပြီး မနှစ်က နှစ်လယ်လောက်ကတည်းက Frontier Myanmar မှာ အလုပ်လုပ်နေတယ်ဆိုတာ ရှေ့နေအဖွဲ့က တရားရုံးကို တင်ပြပြီးဖြစ်ပါတယ်” ဟု Frontier Myanmar ၏ အယ်ဒီတာချုပ်ဖြစ်သူ Thomas Kean က ပြောသည်။
Danny Fenster ကို နိုင်ငံတော်အကြည်ညိုပျက်စေမှုဆိုင်ရာ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၁၂၄-က၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(က) တို့ဖြင့် ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးတွင် အမှုထပ်ဖွင့်ထားကြောင်း နိုဝင်ဘာ ၉ တွင် စစ်ကောင်စီက အသိပေးထားသည်။
ထပ်မံရင်ဆိုင်ရမည့် ပုဒ်မ ၁၂၄-က သည် အမြင့်ဆုံးပြစ်ဒဏ် တစ်သက်တစ်ကျွန်း (အနှစ်၂၀) ထိ ချမှတ်နိုင်သကဲ့သို့ အကြမ်းဖက်မှုဥပဒေပါ ပုဒ်မ ၅၀(က) သည်လည်း အနိမ့်ဆုံးပြစ်ဒဏ်အဖြစ် ထောင်ဒဏ် ၁၀ နှစ်မှ တစ်သက်တစ်ကျွန်းထိ ချမှတ်နိုင်သည်။
Danny Fenster မှာ မေလ ၂၄ ရက်က မိသားစုရှိရာ အမေရိကန်နိုင်ငံသို့အပြန် ရန်ကုန်လေဆိပ်တွင် စစ်ကောင်စီက ဖမ်းခဲ့ခြင်းဖြစ်သည်။
Danny Fenster ကို ပြန်လွှတ်ပေးရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက တောင်းဆိုထားသော်လည်း စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းကမူ သူ့ကို ဆက်လက်ထိန်းသိမ်းထားရမည်ဟု စက်တင်ဘာလကုန်ပိုင်းက နေပြည်တော်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ထုတ်ဖော်ပြောဆိုခဲ့ သည်။
ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးနောက် သတင်းသမား ၁၀၀ ဝန်းကျင်ကို စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ပြန်လွတ်လာသူအချို့ရှိသော်လည်း သတင်းသမားအများအပြား ဆက်လက်ဖမ်းဆီးခံထားရဆဲဖြစ်ကာ ကြီးလေးသော ပုဒ်မများဖြင့် စစ်ကောင်စီက စွဲဆိုထားသည့် အမှုများကို ရင်ဆိုင်နေရသူများလည်း ရှိသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)