သတင်း

ညောင်ဦး PDF စခန်းငယ် အစီးခံရပြီး ၃ ဦးသေ၊ ၆ ဦး အဖမ်းခံရ

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ၏ စခန်းငယ်တစ်ခုကို စစ်ကောင်စီတပ်က ဝင်တိုက်စဉ် ထိုစခန်းတွင် ရှိနေသူ ၃ ဦး သေဆုံးပြီး ၆ ဦး အဖမ်းခံရသည်။

နိုဝင်ဘာ ၈ မနက်တွင် ယက်စမ်းကျေးရွာအနီးရှိ ယာတောကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ သွားရောက် ပစ်ခတ်စီးနင်းခဲ့ခြင်းဖြစ်ကြောင်း ညောင်ဦး PDF တာဝန်ခံတစ်ဦးက ပြောသည်။

သေဆုံးသူများမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ညောင်ဦးမြို့နယ် အလုပ်အမှုဆောင်အဖွဲ့ဝင် အသက် ၄၂ နှစ်အရွယ် ဦးဇော်ဝင်းနိုင် (ခေါ်) ဦးဖိုးဇော်နှင့် အမည်စုံစမ်းဆဲ အမျိုးသား ၂ ဦးဖြစ်ကြောင်း၊ အဖမ်းခံရပြီးမှ သတ်ဖြတ်ခံရသည်ဟု သိရကြောင်း ၎င်းက ပြောပြသည်။

စစ်ကောင်စီတပ် ဖမ်းဆီးခေါ်ဆောင်သွားသူတို့မှာ ၄၂ နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ ၃၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် အသက် ၄၀ ကျော်အရွယ် အမျိုးသား ၄ ဦး ဖြစ်သည်။

ထို ၆ ဦးသတင်း စုံစမ်း၍ မရသေးသလို စစ်ကောင်စီတပ်က မိသားစုဝင်များထံ အကြောင်းကြားခြင်း မရှိသေးကြောင်း ထိုတာဝန်ခံက ဆိုသည်။

လုံခြုံရေးအခြေအနေအရ ထိုနေ့က ဖြစ်စဉ်ကို အသေးစိတ်မပြောလိုကြောင်း ၎င်းက ဆိုသည်။

ဦးဇော်ဝင်းနိုင်၏ ဈာပနကို ၎င်းနေထိုင်ရာ အောက်ညဉ့်ကျေးရွာနေအိမ်၌ နိုဝင်ဘာ ၉ တွင် ပြုလုပ်နေစဉ် နာရေးလာသူ NLD ပါတီဝင် ၂ ဦးကိုလည်း အရပ်ဝတ်လက်နက်ကိုင်များက ဖမ်းဆီးသွားပြီး ပြန်မလွတ်သေးကြောင်း ၎င်းက ဆက်ပြောသည်။ 

စစ်ကောင်စီသည် ၎င်းတို့ဖမ်းဆီးရမိသောသူများကို စစ်ကြောရေးတွင် နှိပ်စက်စစ်ဆေးပြီး သေဆုံးသွားလျှင် မိသားစုထံ အလောင်းပင် ပြန်မပေးသည့် ဖြစ်စဉ်များ ရှိခဲ့သည်။ 

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Show More

Related Articles

Back to top button